ဆည်းဆာအပြုံး(စ/ဆုံး)
ဆည်းဆာအပြုံး(စ/ဆုံး) —————– အခန်းချင်းကပ်ရက်က မိအေးပို ပြန်အလာကို ကျွန်မ မျှော်နေမိတာပါ။ ညနေခြောက်နာရီခွဲနေပြီမို့ မိအေးပို ပြန်လာခါနီးပြီ။ မိအေးပို ပြန်လာပါလျင် အခြေအနေ ထူးလေမလား။ အတူနေ သားနှင့်ချွေးမအလစ်မှာ မိအေးပို ပြန်လာရင်ပြောမယ့်စကားကို သိချင်လှပြီ။ “”မနက် လိုက်ခဲ့လို့ရတယ် ဒေါ်ကျင်သောင်းရေ”” လို့ ကြားချင်မိပါတယ်။ မိအေးပို က အလယ်ရွာရှိ အအေးခန်းစက်ရုံမှာအလုပ်လုပ်သည့်အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ငါးအအေးခန်းစက်ရုံဆိုပေမယ့်.ငါးခြောက်လုပ်ငန်းတွေလည်း လုပ်ကိုင်တယ်။ ငါးနီတူခြောက်၊ အာဗြဲခြောက်၊ မွေးမြူရေးငါးခြောက်များကို အရွယ်အစားတူညီစွာရွေးချယ်ပြီး ခွဲခြင်း၊ ထုတ်ပိုးခြင်း အစရှိသော အလုပ်တို့ကို့ လည်း ထိုစက်ရုံက လုပ်ကိုင်ပါတယ်။ တခါတရံ ငါးခြောက်ထုတ်ပိုးရတဲ့ရက်များတွင် နေ့စားအလုပ်သမားများကို မိအေးပို က တာဝန်ယူကာ ခေါ်ပေးရတယ်။ ရပ်ကွက်ထဲက အလုပ်မရှိတဲ့ ကလေးအမေတချို့၊သက်ကြီးပိုင်းအမျိုးသမီးတချို့ကို မိအေးပို က အလုပ်ခေါ်ပါတယ်။ အကြာကြီးတော့ မလုပ်ရပေ။ ဘာပဲဖြစ်ဖြစ် တစ်ပတ်၊ဆယ်ရက်တော့ လုပ်ရတာမို့ မိအေးပို အလုပ်ခေါ်မယ့် ရက်ကို ငွေရေးကြေးရေးအဆင်မပြေကြသော ရပ်ကွက်ထဲမှ သူတချို့က မျှော်လင့်နေကြတယ...