အချစ်ကျိန်စာ(စ/ဆုံး)
—————
ကျောင်းကို ဆရာလေးတစ်ယောက် ရောက်လာသည်။
ကျောင်းအုပ်ဆရာကြီး ဦးခင်ရွှေဝမ်းသာသည်။ သို့သော် ရောက်လာသည့် ကျောင်းဆရာလေးက ငယ်ငယ် ချောချော။ ရုပ်ချောချောကျောင်းဆရာလေးတွေ ရွာကိုရောက်လာလျှင် ပြဿနာတစ်ခုမဟုတ် တစ်ခုပေါ်တတ် သည်။ ထို့ကြောင့် ဆရာကြီး ဦးခင်ရွှေက သူ့လက်ထောက်ဆရာလေး ကံမြင့်မောင်ကို ဆုံးမနေရသည်။
“မင်းကိုမှာချင်တာကတော့ကွယ် … ရွာသူတွေကိုရှောင် … ကြားလား”
ဆရာကြီး ဦးခင်ရွှေ၏ နောက်ဆုံးအမှာစကားဖြစ်သည်။
ဆရာလေး ကံမြင့်မောင်ကလည်း တော်ရှာပါပေသည်။ မိန်းကလေးဆိုလျှင် မျက်လုံးမော်၍ပင် မကြည့်သူ တစ်ယောက်ဖြစ်နေရာ ဆရာကြီးမှာ စိတ်အေးရတော့သည်။
ဆရာလေးကျောင်းရောက်ပြီး ၆ လခန့်အကြာတွင် သူ့မိခင်က ရွာကိုလိုက်လာသည်။
တစ်ညနေခင်း ဆရာကြီးအိမ်ကို သူ့မိခင်ကရောက်လာပြီး စကားပြောကြသည်။
“သားကို စိတ်မချလို့လိုက်လာတာလား”
“ဟုတ်တယ်ဆရာကြီးရေ … ကျွန်မသားလေးက ကျောင်းဆရာလုပ်ချင်လွန်းတယ်ဆိုလို့သာ လွှတ်လိုက်ရတာ။ ကျွန်မက စိတ်မချဘူးရှင့်”
“သူလည်း အရွယ်ရောက်ပြီးသူတစ်ယောက်ပဲဗျာ။ မောင်ကံမြင့်မောင်က တည်ကြည်ပါတယ်”
“ဆရာကြီးကိုပဲ အားကိုးရတော့မှာပဲ … အပ်ပါတယ်ရှင်”
“ကျွန်တော့်ကျောင်းရောက်လာတဲ့ ဆရာတိုင်းကို ကျွန်တော်က သားသမီးလိုစောင့်ရှောက်ပါတယ်ဗျာ”
“ကျေးဇူးတင်ပါတယ်ရှင် … ဒါပေမဲ့ တစ်ခုတော့ ဆရာကြီးကို ပြောချင်ပါတယ်။ ဒီကိစ္စ ဘယ်သူ့ကိုမှလည်း မသိစေချင်ပါဘူး”
“ဘာများလဲဗျာ”
“သားလေး မိန်းမယူလို့မရဘူးဆရာကြီး”
“ဒီမှာဗျာ … သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားရှိပါတယ်။ အချိန်တန်တော့လည်း တားရမယ် မထင်ပါဘူး”
“ဆရာကြီး ကျွန်မကလည်း တားနေတာမဟုတ်ပါဘူးရှင့်။ ဒါပေမဲ့ သားနဲ့ပတ်သက်တဲ့ မိန်းကလေးတိုင်း ကံဆိုးလိမ့်မယ်ရှင့်၊ ဒါကြောင့် ပြောရတာပါ။ သားလေးဟာ အချစ်ကျိန်စာ သင့်နေသူပါ”
“ကျွန်တော် နားမလည်ဘူးခင်ဗျာ။ ဘာလဲဗျ အချစ်ကျိန်စာဆိုတာ”
“သား ၁၀ တန်းကျောင်းသားဘဝက ရည်းစားထားဖူးတယ်ရှင့်။ အဲဒီမိန်းကလေး ဘာဖြစ်သွားလဲ သိလား”
“ကျွန်တော် ဘယ်လိုသိနိုင်မှာလဲဗျာ”
“ကားတိုက်သေသွားတယ်”
“အဲဒါ မောင်ကံမြင့်မောင်နဲ့ ဘယ်လိုပတ်သက်လို့လဲ”
“အဲဒီ မိန်းကလေးက ကျွန်မသားကိုမှ ချစ်တာကိုး”
“ဒါကတော့ဗျာ တိုက်ဆိုင်မှုတစ်ခုပါ”
“ပြောရဦးမယ်ဆရာကြီး … သူတက္ကသိုလ် တတိယနှစ်မှာ မိန်းကလေးတစ်ယောက်နဲ့ ဖြစ်သေးတယ်။ အဲဒီ မိန်းကလေးလည်း သူနေတဲ့ လေးထပ်တိုက်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်”
“ဟင် ဟုတ်လား”
“ဟုတ်ပါတယ်ရှင် … ဆရာကြီးက တိုက်ဆိုင်မှုလို့ ထင်သေးလား”
“ဒါကလည်း မိန်းကလေးမှာ တစ်ခုခုဖိအားကြောင့် ဖြစ်မှာပေါ့။ မောင်ကံမြင့်မောင်နဲ့ သက်ဆိုင်နေလို့လား”
“သားနဲ့ ချစ်သူတွေပဲဖြစ်တာပါရှင်။ မိန်းကလေးက သူ့ဘာသာသူ သတ်သေသွားတာပါ”
“ဖြစ်ရလေဗျာ”
“ရှိသေးတယ်ဆရာကြီး”
“ရှိသေးတယ် ဟုတ်လား”
“မနှစ်ကပေါ့ … ရပ်ကွက်ထဲက သူနဲ့ ငယ်သူငယ်ချင်း ကောင်မလေး ဘာလိုလိုဖြစ်ပြန်တယ်”
“အဲဒီ မိန်းကလေးရော”
“အဆိပ်သောက်ပြီး သေသွားတယ်ဆရာကြီး”
“ဗျာ … မောင်ကံမြင့်မောင်နဲ့ ပတ်သက်နေလား”
“ချစ်သူတွေပဲဖြစ်သေးတာ ဆရာကြီး … ဘာမှဖြစ်ကြသေးတာ မဟုတ်ဘူး”
“အေးဗျာ တတိယတစ်ကြိမ်ဆိုတာကတော့ စဉ်းစားစရာဖြစ်လာပြီ”
“ဒါကြောင့် ဆရာကြီးကို သိရအောင် ပြောထားတာပါရှင်။ ကျွန်မသားကို စိုးရိမ်တယ် ဆိုတာထက် သူနဲ့ ပတ်သက်တဲ့ မိန်းကလေးတွေကို တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ”
“အေးဗျာ … ဘယ်လိုပြောရမယ်မှန်း မသိတော့ပါဘူး။ မောင်ကံမြင့်မောင်က ဒါကြောင့်နဲ့တူပါတယ်။ မိန်းကလေးတွေကို လှည့်တောင်မကြည့်ပါဘူးဗျာ”
“ဆရာကြီးကိုအပ်ပါတယ်ရှင်”
ဆရာလေးကံမြင့်မောင် မိခင်ပြန်သွားသည်။
နောက်တစ်လခန့်အကြာတွင် ကျောင်းကို ကျောင်းဆရာလေးတစ်ယောက် ထပ်ခန့်ပြန်သည်။ ကံကောင်းသည်ဟု ဆိုရမည်။ ဆရာကြီးဦးခင်ရွှေမှာ နောက်ရောက်လာသည်ကလည်း ဆရာတစ်ယောက် ဖြစ်နေသဖြင့် ပိုပြီး စိတ်ချမ်းသာနေသည်။ နောက်ရောက်လာသော ဆရာလေးမှာ မောင်နန္ဒဖြစ်သည်။
မောင်ကံမြင့်မောင်နှင့် မောင်နန္ဒတို့ကို ယောက်ျားလေးနှစ်ယောက်ဖြစ်နေသဖြင့် ရွာရှိ အိမ်တစ်အိမ်တည်းတွင် အတူထားလိုက်သည်။ ချက်ပြုတ်စားသောက်ရေးကိစ္စမှာ မောင်နန္ဒက ချက်တတ်ပြုတ်တတ်ဖြစ်သောကြောင့် တော်တော့သည်။ သူတို့နှစ်ယောက် သွားအတူ စားအတူ ညီအစ်ကိုနှစ်ယောက်ပမာ သင့်မြတ်ကြသဖြင့် ဆရာကြီးလည်း ပျော်နေသည်။
ဆရာသုံးယောက် တက်ညီလက်ညီနှင့် သင်ကြားကြသဖြင့် ရွာမူလတန်းကျောင်းလေးကလည်း ပိုပြီး စည်ကား လာသည်။
ဆရာလေးနှစ်ယောက်ကို ရွာရှိ ကာလသမီးတွေက ပိုးကြပန်းကြ လျှောက်ပြန်သံပေးလုပ်ကြနှင့်ဖြစ်နေသဖြင့် ဆရာကြီးက အမျိုးသမီးခေါင်းဆောင်ကိုခေါ်ပြီး ဟန့်ထားရသည်။
“ငါ့ဆရာတွေ စိတ်ဆင်းရဲအောင်လုပ်လို့ ပြန်ပြေးရင် နင်တို့ကျောင်းကို ပိတ်ပစ်မယ်” ဟုခြိမ်းခြောက်ရသည်။
နောက်ဆုံးအတန်းတင်စာမေးပွဲတွေ စစ်ဆေးချိန်ရောက်လာသည်။
စာမေးပွဲလည်းစစ် အမှတ်တွေလည်းစစ်နှင့် တစ်ပြိုင်တည်းလုပ်ကြသည်။
စတုတ္ထတန်းစာမေးပွဲက ကျောင်းပေါင်းစစ်ဖြစ်ရာ စတုတ္ထတန်းသင်သော မောင်ကံမြင့်မောင် မပြန်နိုင်သေး။ မောင်နန္ဒကို ဆရာကြီးက ပြန်ချင်လျှင်ပြန်ဟု ပြောသော်လည်း သူကမပြန်။ ကျောင်းသားတွေကို ညလည်း အောက်လင်းမီးထွန်းကာ ဆရာလေးနှစ်ယောက် ကိုယ်ဖိရင်ဖိသင်ကြသည်မှာ အားရစရာဖြစ်တော့သည်၊
စတုတ္ထတန်းစာမေးပွဲ နောက်ဆုံးနေ့ဖြစ်သည်။
ဆရာလေး ကံမြင့်မောင်က စာဖြေမည့်ကလေးတွေနှင့်အတူ ရွာမှ သုံးမိုင်ခန့်ဝေးသော တိုက်နယ်ကျောင်းသို့ လိုက်သွားပြီး စာမေးပွဲသွားစောင့်သည်။
ကလေးတွေအားလုံး နောက်ဆုံးဘာသာအထိ ဖြေနိုင်ကြသဖြင့် ပျော်ကြသည်။
မောင်ကံမြင့်မောင်က ဆရာကြီးအိမ်ရောက်လာပြီး ကျောင်းသားတွေ ကောင်းမွန်စွာ ဖြေနိုင်ကြောင်း လာဝင်ပြောသည်။
“ထမင်းစားပြီးပြီလား မောင်ကံမြင့်မောင်”
“မစားရသေးဘူးဆရာကြီး”
“အေး မောင်နန္ဒတစ်ယောက်တော့ ဝက်သားပေါ်တဲ့အိမ်က ဝက်သားဝယ်သွားတာတွေ့တယ်ကွယ့်”
“ဟာ ကောင်းလိုက်တာ ထမင်းစားကောင်းဦးမှာပဲ”
မောင်ကံမြင့်မောင် ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်သွားသည်။
ခဏအကြာ မောင်ကံမြင့်မောင် ဆရာကြီးထံ အပြေးလေး ရောက်လာသည်။
“ဆရာကြီး … ဆရာကြီး”
“ဘာဖြစ်လို့လဲကွယ်”
“အိမ်မှာ … အိမ်မှာ လိုက်ကြည်ပါဦးဆရာကြီး”
သူက ငိုသံပါကြီးနှင့်ပြောနေသည်။
“ဘာဖြစ်လို့လဲ”
“နန္ဒ သေပြီ”
“ဟင်”
ဆရာကြီး သူ့နောက်ကို အပြေးလေးလိုက်သွားသည်။
ဆရာနှစ်ယောက်အတူနေသောအိမ်တွင် ရွာသားတွေဝိုင်းနေကြသည်။
ဆရာကြီးက အတင်းတွန်းထိုးပြီး အထဲကိုဝင်သွားသည်။
မောင်နန္ဒတစ်ယောက် ထုပ်တန်းတွင် ကြိုးတစ်ချောင်းနှင့် တန်းလန်းကြီး သေနေသည်။
တင်ညွန့်
၂၇.၃.၂၀၂၅