သူ့မှာတမ်း
သူ့မှာတမ်း(စ/ဆုံး) ————– ညနေကျောင်းဆင်းချိန်ဖြစ်သည်။ ကျွန်တော်က ကျောင်းဝင်းအတွင်း စိုက်ခင်းတွင် ပေါင်းမြက်တွေကို နုတ်နေစဉ် “ဆရာကြီး” ဟု ခေါ်သံကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။ “ကြည်မာ … ဘာလဲကွယ်” “အဖေ ခေါ်ခိုင်းလိုက်လို့” “ဟုတ်လား … သမီးအဖေ ဘာဖြစ်လို့လဲ” ကြည်မာမျက်နှာမကောင်း၊ မျက်ရည်တွေဝဲနေသည်။ ကြည်မာသည် ကျွန်တော့် တပည့်ဟောင်းတစ်ယောက် ဖြစ်သည်။ တပည့်ဟောင်းဟု ပြောရခြင်းမှာ ဤရွာမှ ကလေးတွေသည် လေးတန်းအောင်လျှင် ကျောင်းဆက် တက်နိုင်ခြင်းမရှိကြ။ ကြည်မာ လေးတန်းအောင်ပြီး ကျောင်းထွက်သွားသည်ပင် သုံးနှစ်ကျော်ကျော်လောက် ဖြစ်ရော့မည်။ ယခုတော့ အပျိုပေါက်လေး ဖြစ်နေပြီ။ “အဖေ နေမကောင်းဘူး။ မနက်ကတည်းက ဆရာကြီးကိုပဲ ခေါ်ခိုင်းနေတော့တာ။ သမီးက ဆရာကြီး ကျောင်းမှာ စာသင်နေတယ် မအားဘူးလို့ မနည်းပြောထားရတယ်” “အေး … အေး … ဆရာ ခုပဲလိုက်ခဲ့မယ်။ သမီးသွားနှင့်” ကျွန်တော်က ရေမိုးချိုး အဝတ်အစားလဲပြီးမှ ရွာထဲဘက်ကို ထွက်ခဲ့သည်။ ကြည်မာ့အဖေက ဦးဘိုးအောင်ဖြစ်သည်။ ဦးဘိုးအောင်သည် ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ကြောင်း သိရသည်။ မြို့စာသင်တိုက်တွင် စာဝါသွားတက်နေသော စာတတ်ပေတတ်တစ်ဦးဖ...