စိုးမောင်ပြန်မလာတော့ပါ

  စိုးမောင် ပြန်မလာတော့ပါ


--------------------------


#တင်ညွန့်


ရွာမှာ ဖွားမေဆိုတာရှိတယ်။ တစ်ရွာလုံးကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန်းမကြီးလို့ထင်ကြလို့ပဲ။ ဖွားမေကလည်း ဘယ်တော့မှ အပေါ်အင်္ကျီဝတ်တာမတွေ့ရဘူး။ ထဘီရင်ရှားနဲ့ ဒီအတိုင်းလျှောက်သွားနေတာ။ တစ်ခါတစ်လေ ထဘီတောင် ရင်ရှားထားတာမဟုတ်ဘူး။ ပိန်ကပ်နေတဲ့ နို့သီးတွေဖော်ပြီး ဘယ်သူမှ ဂရုမစိုက် နေချင်သလိုနေတတ်သည်။ 




ဖွားမေက မနက်မိုးလင်းတာနဲ့ ရွာထဲကထွက်လာပြီစ တောထဲဝင်သွားတတ်တယ်။ သူနဲ့အတူ ပလိုင်းလေးတစ်လုံး၊ ငါးမျှားတံတစ်ချောင်းပါသွားတယ်။ အဲဒါ သူ့အသက်မွေးမှုပဲ။ ညနေစောင်းဆိုရင် ပြန်လာတယ်။ ငါး၊ ဖား၊ ငရှဉ့်၊ လိပ်တွေ တစ်ခုခုပါလာတယ်။ ပါလာတာကို ဈေးဆိုင်ကိုသွားပေး၊ လိုတဲ့ဆန်ဆီဝယ်၊ ရလာတဲ့ ငါးလေး၊ ဖားလေး တစ်ကောင်စ နှစ်ကောင်စချန်ပြီး ဘဝမှာ ဖြစ်သလိုနေတာ။




သူက နွေ၊ မိုး၊ ဆောင်း ဒီအလုပ်ပဲ လုပ်တယ်။ နွေခေါင်ခေါင်၊ ငါး ဖား ဘယ်လိုရသလဲဆိုတာ တစ်ရွာလုံး အံသြကြတယ်။ ဒါကြောင့် သူ့ကို တစ်ပိုင်စားဆိုပြီးတော့လည်း ပြောကြတယ်။ ဖွားမေက ငါး ဖားမရဘဲ တောထဲက ထွက်လာတာ တစ်ခါမှမရှိဘူး။ အသက် ၇၀ ကျော် အဖွားကြီးတစ်ယောက်ဟာ တစ်ဦးတည်းနေပြီး ဒီအလုပ်ပဲ လုပ်စားနေတာ နှစ်ပေါင်းကြာပြီ။




တစ်နေ့ ဖွားမေကျောင်းနားကအဖြတ် ကျွန်တော်နဲ့ ပက်ပင်ဆုံတော့ ကျွန်တော်က "ဖွားမေ ညနေပြန်လာရင် ငါးတစ်ကောင်နှစ်ကောင်လောက်" လို့ မှာလိုက်တယ်။ ရွာမှာက အသားငါး စားရတာရှားတယ်။ မျှစ်၊ ပဲ၊ ငါးခြောက်လောက်ပဲ စားနေရတာဆိုတော့ တစ်ခါတစ်လေ စိမ်းစိမ်းစိုစိုလေစ စားချင်လို့ မှာလိုက်တာ။




ညနေကျောင်းဆင်းပြီးပေမယ့် ရုံးခန်းထဲမှာ မေးခွန်းထုတ်ပြီး အလုပ်ရှုပ်နေတုန်း ကျောင်းပေါ်ကို လူတတ်လာသံကြားလိုက်လို့ ထွက်ကြည့်လိုက်တော့ ဖွာမေဖြစ်နေတယ်။ သူက ငါးခူနှစ်ကောင်ကို ကြိုးနဲ့သီလာပြီ ကျွန်တော်ကို လှမ်းပေးတယ်။




"ဖွားမေ...ဘယ်လောက်ပေးရမလဲ" လို့ မေးလိုက်တော့ သူက




"ဆရာကြီး ပိုက်ဆံမပေးနဲ့၊ စာတစ်စောင်ရေးပေး" လို့ပြောတယ်။


ကျွန်တော်ကလည်း ပိုက်ဆံလည်းပေးမယ်။ စာလည်းရေးပေးမယ်ဆိုပြီး ရုံးခန်းထဲခေါ် ထိုင်ခိုင်းလိုက်တယ်။ 




"ကဲ အဖွားပြော...ဘယ်သူ့ဆီစာရေးပေးရမလဲ"




"သားဆီကို"




"သားက ဘယ်မှာလဲ"




"ရှေ့တန်းမှာ"




"စစ်သားလား"




"ဟုတ်"




"ကဲ...ပြော ဘာရေးရမလဲ"




"စိုးမောင်၊ နင် ဒီနှစ်မှ ငါ့ဆီပြန်မလာရင် သေခန်းပြတ်လို့ ရေးပေးပါ ဆရာကြီး"




"ကျွန်တော်လည်း " မောင်စိုးမောင်၊ အမေစာရေးလိုက်တယ်။ အမြန်ပြန်လာပါ။ အမေသတိရလို့ပါ" ဆိုပြီး စာချောအောင်ရေးလိုက်တယ်။ ပြီးတော့ စာအိတ်တစ်အိတ်ကိုထုတ်ပြီး




"ကဲပြော...အဖွား ဘယ်တပ်ကလဲ၊ လိပ်စာကိုပြော"လို့ ဆိုလိုက်တော့ ဖွားမေက ကျွန်တော်ကို ငေးကြည့်ပြီး ပါးစပ်အဟောင်းသားလေ ဖြစ်နေတယ်။ ကျွန်တော်က




"အဖွား...သား တာဝန်ကျတဲ့ တပ်ကိုပြောတာ။ ဘယ်တပ်ဆိုတာရေးပေးမှ ဒီစာရောက်သွားမှာ" လို့ ထပ်ပြောလိုက်တော့ ဖွားမေက




"ကျုပ်လည်း မသိပါဘူးတော်၊ ရှေ့တန်းဆိုပြီး ထွက်သွားတာ၊ ကြာလွန်လို့ သတိရပြီးရေးခိုင်းတာ။ ဆရာကြီးပဲ ကြည့်ပြီးတော့ သူ့ဆီကို ရောက်အောင် ပို့လိုက်ပါ" လို့ပြောပြီး ကျောင်းပေါ်က ဆင်းပြေးသွားတယ်။




နောက်မှ ကျွန်တော် ရွာလူကြီးဆီမှာ စုံစမ်းကြည့်တော့ သူ့သားစိုးမောင်တိုက်ပွဲကျသွားတာ ဆယ်သုံးနှစ်ရှိပြီ။ သူ့ကို တစ်ရွာလုံးက ဖုံးထားကြတာ။ စိတ်ကလည်း နည်းနည်းဖောက်ချင်သမို့ သူ့ကို မပြောကြတာတဲ့။




ကျွန်တော်လည်း စာအိတ်ပေါ်မှာ "သို့...စိုးမောင်" ဆိုတဲ့ စာလေးရေးပြီး အံဆွဲထဲထည့်သိမ်ထားလိုက်တာ ခုဆိုရင် နောက်ထပ်နှစ်ပေါင်း ၃၀ လောက် ကြာသွားပြီ ဖွားမေသားဆီ မပို့ဖြစ်သေးဘူး။ ခုမှ ဖိုင်တွေရှင်းရင်းက ထွက်ကျလာတဲ့စာလေးတွေ့လို့ အမှတ်ရပြီ ရေးလိုက်တာ။




(အဝေးရောက်နေတဲ့ သားသမီးတိုင်းကို အိမ်ကမိဘတွေ မျှော်တတ်တယ်ဆိုတာ သိနိုင်ကြပါစေ)




#တင်ညွန့်


ကျောင်းဆရာမှတ်တမ်း