တစ်ခါက

 တခါက(စ/ဆုံး)


————


မောင်ဗမာ စက်ဘီးအနီလေးနှင့် ပိန်ပိန်သွယ်သွယ် ဆရာမလေး တစ်‌ယောက် မြေလတ်မြို့လေးတစ်မြို့၏ အတက်တန်းကျောင်းဘက်သို့ ဦးတည်ကာ စီးနင်းလာသည်။ မြို့လေးက ခပ်သေးသေးမို့ မြို့ထဲမှရော၊ အနီး ပတ်၀န်းကျင် ရွာများမှ အတက်တန်းကျောင်းလေးသို့ ကျောင်းလာတက်ကြရသည်။ ကျောင်းချိန်လည်း နီးသဖြင့် ကျောင်းသူ ကျောင်းသား အပေါင်းတို့သည် ကျောင်းတည်ရှိရာသို့ဦးတည်ပြီး မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ‌ ကျောင်းတက် လာနေကြသည်။ တစ်နေကုန်ကျောင်းဖြစ်သဖြင့် မနက်ကိုးနာရီဆို ကျောင်းတက်ပေတော့မည်။


ဆရာမလေး သည်ကျောင်းမှာ အလုပ်လုပ်နေသည်မှာ တစ်နှစ်လောက်ရှိခဲ့၏။ သို့သော် သည်နေ့မှ အထူးတလည်ပင် စိတ်က လှုပ်ရှားမိနေပြန်သည်။ သူမမူလတန်းပြဆရာမ စလုပ်ခဲ့စဥ် ပထမဦးဆုံး စာသင်ခန်း၀င် ခဲ့ရသည့်နေ့က စိတ်ခံစားမှုမျိုးကို ခံစားနေရသောကြောင့်ဖြစ်၏။ တွေးမိလိုက်တိုင်း စိတ်ဖိစီးလာသောကြောင့် လက်များတုန်နေသည်။


ဆံပင်ကိုအကျအန ခါတိုင်းလိုပင်ထုံးထားပြီး စံပယ်ပန်းလေးများလည်းပန်ထားသည်။ အဖြူရောင် သိုးမွေးများနှင့် သူမကိုယ်တိုင်ထိုးထားသည့် ဆွယ်တာလေးကို အပေါ်မှထပ်၀တ်ထားရင်း တတ်နိုင်သမျှ စိတ်လှုပ်ရှားမှုကို ကာကွယ်နိုင်ရန်၊ ရင်တွင်း၌ စိုးရိမ်စိတ်ကြောင့် အေးစက်နေမှုကိုကာကွယ်ရန် ပြင်ဆင်ထားသည်။


သူမသည် အတွေ့အကြုံအားဖြင့် နုနယ်ပြီးအသက်အားဖြင့် ၂၃နှစ်သာရှိသေးသည့် ဆရာမလေး သက်ထားခင် ဖြစ်သည်။ စီးပွားရေးတက္ကသိုလ်မှဘွဲ့ရခဲ့ပြီး မည်သည့် သင်တန်းမျှမရှိသေးဘဲ ဆွဲခန့်၀င်လုပ် သောဆရာမလေးတစ်ဦးဖြစ်သည်။ထိုခေတ်အခါက ဆရာ/ဆရာမဖြစ်ပြီးနောက် သင်တန်းတက်ရန် မြို့နယ်များတွင် တန်းစီဇယားနှင့်စောင့်ကြရသည်။ထိုအခါ မိမိတို့ကို အတွေ့အကြုံရှိသောဆရာဆရာမကြီး များကလမ်းညွန်မှု၊ ကိုယ်တိုင် သင်ယူလေ့လာမှုနှင့်သာ စာသင်ခန်း၀င်ကြရ၏။ ဤသို့နှင့်စာသင်နှစ်တစ်နှစ်ကို သူမအေးဆေးစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။


ယခုစိတ်လှုပ်ရှားမှုက တစ်မျိုးဖြစ်ပြန်၏။ လွန်ခဲ့သည့် အပတ်က သူတို့အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက သူမကို ခေါ်တွေ့သည်။

‘ဆရာမသက်ထားခင်”

‘ဟုတ်ဆရာကြီး’

‘ဆရာမကိုတာ၀န်ပေးချင်လို့’

‘ဘာတာ၀န်ပါလဲရှင်’

‘ဆရာမကို ဆယ်တန်းမှာ အီကိုသင်ခိုင်းချင်လို့ပါ၊ ဆရာမကစီးပွားရေးတက္ကသိုလ်ကဆင်းလာတာ မကြာသေးဘူးဆိုတော့ စာတွေမမေ့သေးဘူးမဟုတ်လား’

‘ပြီးတော့၊အီကို သင်တဲ့ ဆရာလာမယ်ဆိုလို့‌စောင့်ရင်းခုတော့ ဆရာကကျန်းမာရေးကြောင့်မလာနိုင်ဘဲ လစာမဲ့ ခွင့်ပါယူသွားလို့ ကလေးတွေ စာအရမ်းနောက်ကျနေပြီ’

‘ဟုတ်ကဲ့ဆရာကြီး’


အတန်းကြီးသင်ရမည်ဆိုတော့လည်း သင်တော့သင်ကြည့်ချင်သည်မို့ သက်ထားခင်လက်ခံလိုက်တော့သည်။


‘ရှေ့အပတ်တနင်္လာစ၀င်တော့ဆရာမ’

‘ဆရာမဒေါ်ခင်ထွေး’

‘ဟုတ်ဆရာကြီး၊သူ့ကိုအချိန်ဇယားနဲ့လိုအပ်တာလေးတွေပြောပြလိုက်ဗျာ’

‘ခင်ဗျားတို့၀ိဇ္ဇာအဖွဲ့ဘဲလေ’


ထိုခေတ်က အထက်တန်းဘာသာတွဲတွင် ကျောင်းသူ၊ ကျောင်းသာများသည် ၀ိဇ္ဇာနှင့် သိပ္ပံ ခွဲယူကြသည်။ သိပ္ပံတွင်ဓါတု၊ရူပနှင့်ဇီ၀တို့ကို မြန်မာစာ၊ အဂ်လိပ်၊သင်္ချာနှင့်ယူကြပြီး ၀ိဇ္ဇာသမားများက သမိုင်း၊ ပထ၀ီနှင့် ဘောဂကို ယူကြရသည်။ ဘောဂ‌‌ဗေဒကို အဂ်လိပ်လိုပင်သင်ကြရလေရာ ယခုပင်စီးပွားရေး တက္ကသိုလ်မှ ကျောင်းပြီးလာသော သက်ထားခင်အတွက် အခက်အခဲတော့မများလှပေ။တဖက်မှာလည်း သင်မည့်ဆရာ အထူးသဖြင့် ပညာရေးဘွဲ့ရဆရာထဲမှ သင်ကြားမည့်သူမရှိသဖြင့် ဆရာကြီးကလည်း အတတ်နိုင်ဆုံး သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းရခြင်းဖြစ်လေ၏။ မေးခွန်းပုံစံနားလည်လျင် အဆင်ပြေနိုင်လေ၏။ ထို့ကြောင့် ဆရာကြီးကလည်း တာ၀န်ပေးသလို၊ သူမလည်း လက်ခံလိုက်ခြင်းဖြစ်၏။


‘လာသက်ထား၊ဆရာကြီးကျွန်မတို့သွားပြီနော်’

ဟုဆိုကာ သူတို့နှစ်ယောက် ဆရာကြီးရုံးခန်းမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ဆရာမကြီးဒေါ်ခင်ထွေးက လိုအပ်သည်များကို ရှင်းပြလေသည်။ ကျောင်းသားများကိုလည်း ကြိုတင်ပင်ပြောပြထားလိုက်တော့သည်။ ထို့ကြောင့်သက်ထားခင်လည်း ယခုရောက်နေသည့် သင်ခန်းစာမှ စတင်သင်ကြားနိုင်ရန် လိုအပ်သည်များကို ကြိုတင်လေ့လာထားလိုက်လေသည်။


+++++++Sandar Wai, Alexander ++++++++++++


ယခုဖြစ်နေသည်က သင်ကြားရန်လည်း သူမ သင်ခန်းစာကို ပိုင်နိုင်သည်။ သူမကိုယ်တိုင် သည်စာတွေ ထုံးလိုချေ၊ ရေလိုနှောက်ပြီး ကျောင်းဆင်းသည်မှာ မကြာသေးသည်ကြောင့်လည်းဖြစ်နိုင်သည်။ လူကလည်း အဆင်သင့်ဖြစ်သည်။ စိတ်က အဘယ်ကြောင့်များ ဆရာမဖြစ်ခါစနေ့ကလို ပြန်ဖြစ်နေသနည်းဟု ဆရာမလေး သက်ထားခင် သူမကိုယ်သူမ ပြန်မေးခွန်းထုတ်နေမိသည်။


ဖြစ်နိုင်သည်က သူမသည် အသက်၂၃နှစ်သာရှိသေးသည်။ ၀ိဇ္ဇာတန်းတွင်လည်း နှစ်ချို့ကျောင်းသားများ၊ ယခင်နှစ်များက (ခ) နှင့်အောင်ပြီးပြန်တက်သော ကျောင်းသားများရှိလေရာ ဒါကိုသိပြီးသားဖြစ်သည်။ ပုံစံက သူမကိုယ်တိုင် ကျောင်းသားကြီးများကို ကြောက်နေခြင်းဖြစ်နိုင်သည်။ အရွယ်နှင့် အတွေ့အကြုံက စကားပြောနေခြင်းဖြစ်သည်။

‘သတိကပ်၊ အသိကပ်’ ဟု

သူမကိုယ်ကို သူမသတိပေးနေမိသည်။ သို့နှင့် မောင်ဗမာ စက်ဘီးအနီလေးနှင့် ဆရာမလေးသည် ——-မြို့။ အထက်တန်းကျောင်းဆိုင်းဘုတ်နား ရောက်လာသော် ကျောင်းထဲ၀င်ရန် ဆရာမလေး စက်ဘီးပေါ်က ဆင်းလိုက်လေသည်။ ထိုစဥ်က ဂိတ်‌စောင့်ဆရာ/ဆရာမမရှိသေးသည့်အချိန်ဖြစ်သည်။ ယခုခေတ် ကာလများမှာတော့ ဆရာ/ဆရာမများ ထီပါရောင်းနေရသည်။


ဆိုင်းဘုတ်နားတွင် အတန်းကြီကျောင်းသားတချို့ ကျောင်းထဲမ၀င်သေးဘဲ

အုတ်ခုံပေါ်ထိုင်နေကြလေ၏။

‘ငွေသော်တာရောင်ခြည်

ထိန်လင်းတော့သည်’


‘ဘုံကြိုးပြတ်တဲ့မိုးနတ်မဒီ

သဒ္ဒါကပိုသည်’

သူတို့ကလည်းကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေကြလေသည်။

‘ဟေ့ကောင်တွေ ၀င်စမ်းကျောင်းတက်တော့မယ်’


အတန်းကြီးကျောင်းသားများ၏ မကြားတကြားသီချင်းဆိုသံနှင့်အတူ အလယ်တန်းမှ ဆရာကိုချိုကြီး၏ ငေါက်သံကြောင့်သီချင်းသံများ ရပ်သွားသည်ကို သူမသိလိုက်၏။စက်ဘီးကိုထားမည့်နေရာတွင်ထားပြီး သင်ရမည့်စာအုပ်ကလေးကို ယူကာကျောင်းဆင်၀င်အောက်ရောက်ချိန်တွင် ကျောင်းတက် ခေါင်းလောင်းသံကို ကြားလိုက်ရလေတော့၏။


+++++++++++Sandar Wai, Alexander +++++++++++


‘မဂ်လာပါဆရာမ’’’’


‘မဂ်လာပါ၊ ထိုင်ပါ’’’


စာသင်ခန်း၀င်၀င်ခြင်းတွင် ကျောင်းသားများနှုတ်ဆက်ကြသည်။ အတက်တန်းဆင့်စာသင်ခန်းများထဲ တခါမှမ၀င်ဘူးသေးသော သက်ထားခင် နဲနဲတော့အမ်းတန်းတန်းဖြစ်နေသည်။ ရှေ့ဆုံးတန်းမှ မိန်းကလေးများ ကတော့ ပြုံးပြုံးလေးများနှင့်မို့ အားတက်သွားသည်။ အထက်တန်း စာသင်ခန်းများတွင် ဆရာခုံများက စတေ့ချ်ခုံ စင်မြင့်ကျယ်ပေါ်၏ ထောင့်တဖက်တွင်ရှိသည်။ နောက်တွင် အစိမ်းရောင် သင်ပုန်းကျယ်ကြီး ရှိလေသည်။ အထက်တန်းကျောင်းတစ်ခု၏ အဂ်ါရပ်နှင့် လျော်ညီသည့် စာသင်ခန်းများဖြစ်လေ၏။ ကျောင်းသားများက တစ်ယောက်တစ်ခုံနှုန်း၊ ကိုယ်ပိုင်ခုံ၊ ကိုယ်ပိုင် စားပွဲလေးများနှင့် သပ်ရပ်သော စာသင်ခန်းလေးဖြစ်၏။ ဆရာခုံပေါ်တွင် ပန်းအိုးလေးရှိသလို၊ ဘုရားစင်သေးသေးလေးတွင် ပန်းများထိုးထားလေ၏။


အချို့သောကျောင်းသားကြီးများက ဆရာမသက်ထားခင် ကိုသိပြီးသားဖြစ်သည်။ မူလတန်းဆောင်မှ ဆရာမမှန်း သိကြ၏။ တချို့ဆိုလျင် အနည်းငယ်နောက်ချင်စချင်ခဲ့သောဆရာမလေးမှန်းသိပြီးဖြစ်သည်။ ဆရာမ ဒေါ်ခင်ထွေး တို့က ပြီးခဲ့သည့်အပတ်က ဘောဂဗေဒ (အီကို) သင်မည့်အကြောင်း မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။သို့သော် ဆရာမငယ်ငယ်လေး စာသင်သည်ကို သူတို့လည်း မကြုံခဲ့ဘူးသေးသလို၊ ဆရာမကလည်း သူတို့ကို မသင်ဘူးသေးသဖြင့် လက်‌ေ၀့ပွဲတွင် တခါမှမထိုး သတ်ဖူးသည့် ဖိုက်တာနှစ်ဦး တစ်ဖက်နှင့် တစ်ဖက် အခြေအနေကြည့်နေသည့် ပုံစံမျိုးဖြစ်သည်။


စာသင်ခန်းသည်တိတ်ဆိတ်နေ၏။ အခြားအခန်းမှစာသင်နေသည့်အသံများကြားနေရသည်။ ကော်ရစ်ဒါတွင် အချို့ကျောင်းသားများ ဖြတ်သန်းသွားသည်ကိုကြားနေရ၏။သက်ထားခင် သူမ၏ ဆရာကိုင်စာအုပ်ကို ဖွင့်လိုက်သည်။ လည်ချောင်းထဲအနည်းငယ်ခြောက်သလိုဖြစ်နေသည်။

ထို့နောက် ပထမဆုံးသူမစကားစပြောလိုက်သည်။

‘ဆရာမက အီကိုသင်မဲ့ဆရာမ၊ ဟိုနေ့ကလည်း ဆရာမဒေါ်ခင်ထွေးရောပြောပြပြီးပြီးနော်’

‘မပြီးသေးတဲ့သင်ခန်းစာကနေစလိုက်ရအောင်’


‘စာအုပ်ထုတ်မယ်နော်’

‘၀ယ်လိုအားဆိုတာဘာကိုခေါ်တယ်ထင်သလဲ’’


ဆရာမတစ်ယောက် သင်ခန်းစာမစမီ နိဒါန်းကိုမေးခွန်းနှင့်စပါပြီ၊ မဖြေကြသေးဘဲတိတ်နေသည်။

‘သူကဘောဂဗေဒစကားလုံးတွေ၊‌ေ၀ါဟာရတွေဖြစ်နေလို့၊ အမှန်ကပတ်၀န်းကျင်မှာအမြဲဖြစ်နေတာ’

ကံကောင်းစွာဖြင့်ကျောင်းသူတစ်ယောက်ရဲ၀င့်စွာ ထလာသည်။ သက်ထားခင်ကျေးဇူးတင်သွားသည်။ ကယ်တင်ရှင်မလေးဘဲ။ သို့နှင့်စာက ရှေ့ဆက်သင်လို့ အတော်ကောင်းသွားသည်။ အဂ်လိပ်လို ဖြစ်သဖြင့် င့် ရှင်းပြလိုက်၊ ဖတ်ခိုင်းလိုက်၊ စာပြန်မေးလိုက်နှင့် ကြေညက်အောင်သင်ပေးနေမိသည်။


ထိုအခိုက်ကျောင်းသားများကို စာပုဒ်ကိုဖတ်ခိုင်းချိန်ရောက်လာသည်။ နောက်ဆုံးတန်းမှ ခပ်ကြီးကြီးကျောင်းသား တစ်ယောက်၊ နဂိုကလည်း သက်ထားခင်ကစချင်ချင်ကျောင်းသားကို သက်ထားခင် စာဖတ်ခိုင်းလိုက်သည်။ သူ့အရင်ကျောင်းသားများ အလှည့်ကျဖတ်နေသော်လည်း သူကိုဖတ်ခိုင်းသောအခါ

သူကမကြားချင်ယောင်ဆောင်နေသည်။ ထလည်းမထပေ။


သက်ထားခင် စိတ်ထဲထောင်းကနဲ ဖြစ်သွားသည်။ ဒေါသများထွက်သည်မှ အလိပ်လိုက်။ သူမစိတ်ကူးနေသည်မှာ ဘာလုပ်လျင်ကောင်းမလဲသည်ကျောင်းသားကို ဖြစ်သည်။ သူမစဥ်းစားမိသည်မှာ

ဒေါသနှင့်အော်လျင်လည်း ယနေ့မှ အတန်းစ၀င်သည် ယနေ့အဆင်မပြေဘူးဆိုသည့်အသံထွက်တော့မည်။

‘ထစမ်း၊ နင့်ကိုယ်နင်ဘာထင်နေလဲ’ ဟုပြောပြစ်ချင်သည်မှ ပါးစပ်ထဲမှ ထွက်ကျလုခမန်းဖြစ်သည်။


ဒေါသသွေးတို့သည် ရှိန်းရှိန်းနှင့် ဆူတက်နေသည်။ရွယ်တူမတိမ်းမယိမ်းမို့ မလေးမစားပြုသည်ဟုရှက်လည်း ရှက်၏။ ပညာရေးတက္ကသိုလ်မှ ဘွဲ့ရပြီးအတက်တန်းပြခန့်ထားသဖြင့် လာရောက်သင်ကြားခြင်း မဟုတ်သဖြင့် ဤသို့လုပ်သည်ဖြစ်မည်ဟုတွေး၏။ ဤသည်မှစိတ်ပိုင်းဆိုင်ရာအရ ကိုယ်ကိုတိုင်က မပြည့်မ၀ဖြစ်သဖြင့် စိတ်အားငယ်နေခြင်းတပိုင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပိုဒေါသထွက်သည်။ ပိုရှက်သည်။စိတ်ပိုင်းဆိုင်ရာ ခွန်အားတွင်လိုအပ်ချက်ရှိနေသည်။


ကျန်သောကျောင်းသားများကလည်း ယခုကျောင်းသားကို ဘာပြောမည်လဲဟု စောင့်ကြည့် နေသဖြင့် တတန်းလုံးးတိတ်ဆိတ်နေသည်။ ‌ကျောင်းသားနှင့်ဆရာမကလည်း ကွာလှမှ ၃နှစ်နှင့် ၇နှစ်ကြား၊ ယခု စာထမဖတ်သည့် ကျောင်းသားသည် သူမနှင့် အလွန်ဆုံး ၃နှစ်လောက်ကွာမည်။ သူဘာကြောင့် စာမဖတ်ချင်သည်ကို သူမလောလောဆည် နားမလည်နိုင်သေးသော်လည်း ယခုသူ့ကိုမပြောနိုင်လျင် နောင်သော် ကျန်ကျောင်းသားများကပါ သူမကို လေးစားမှုလျော့ပေလိမ့်မည်။


‘မင်းမဖတ်ဘူးလား’

‘မဖတ်ရင်၊ မတ်တပ်ရပ်နေ’ ဟု

သက်ထားခင်ပြောလိုက်သည်။

သူမက ထိုအချိန်က စင်မြင့်ပေါ်ရှိဆရာထိုင်ခုံတွင်ထိုင်ရက်သား ကျောင်းသားများစာဆိုသည်ကို နားထောင်နေခြင်းဖြစ်သည်။ နောင်သော် ဆရာမအခန်းတခန်းလုံးလမ်းလျောက်လျက်သာ သင်ဖြစ်၏။

ထိုအချိန်ကတော့ ဆရာမကိုယ်တိုင်ကလည်း ကျောင်းသားများကို ရှိန်နေခဲ့သည်ဖြစ်၏။

ထိုသို့ပြောရင်းနှင့် တပြိုင်နက် အမောင်ကျောင်းသားကို အော်ဟစ်မိမည်စိုးသဖြင့် အခန်းနှင့်ကပ်ရက် ဆရာနားနေခန်းသို့ ခနလေးထွက်သွားမည်ဟု ဆုံးဖြတ်လိုက်၏။


+++++++++++Sandar Wai, Alexander +++++++++++


ဒေါသကြောင့်ပြောလည်းပြော မတ်တတ်လည်းရပ်လိုက်သည်။ ထိုအခါ ဆရာထိုင်ခုံကို ၀ုန်းကနဲ နောက်သို့တွန်းကာ မတ်တတ်ရပ်လိုက်သဖြင့် ကျောင်းသားတိုင်း သူမဒေါသထွက်နေသည်ကို ခံစားလို့ရလေ၏။ ထို့နောက်စာသင်ခန်းထဲမှ နားနေခန်းသို့ သက်ထားခင်ထွက်လာခဲ့လိုက်တော့၏။


နားနေခန်းတွင်မည်သည့်ဆရာ/ဆရာမမျှမရှိပေ။ သူမတစ်ယောက်တည်း ကြိမ်ကုလားထိုင်ဆက်တီခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သူမကိုယ်တိုင် ကြောင့်ကြစိတ်များနှင့် စိတ်ဖိစီးနေခဲ့သည်ဘဲ ဖြစ်သည်။


စိတ်သက်သာစေရန် ရေအေးအေးလေးတခွက်သောက်လိုက်သည်။ ထို့နောက် ရုံးခန်းထဲမှသတင်းစာကို ဟိုလှန်ကြည့် သည်လှန်ကြည့်ကြည့်နေလိုက်သည်။ သတင်းစာ၏ ကြော်ငြာများနေရာတွင် သူမနှင့် ငါးတန်းမှ ဆယ်တန်းအထိ အတူကျောင်းနေခဲ့ကြသော သူငယ်ချင်းတစ်ယောက်၏ ကြော်ငြာပါလာသည်။

ထူးထူးဆန်းဆန်းတော့မဟုတ်။ သူက ဆရာ၀န်ဖြစ်သွားခဲ့ပြီး သူ့အတွက် မိဘများကမွေးနေ့ ဆုတောင်းပေးခြင်းဖြစ်သည်။ သက်ထားခင်တို့က လေးနှစ်နှင့် ကျောင်းပီးသည်။မူလတန်းပြဆရာမလေး ၀င်လုပ်နေချိန်သူတို့က ဆရာ၀န်ဖြစ်အောင်နှစ်ပို‌စောင့်ရင်း ယခုကျောင်းပြီးသဖြင့်‌ ဒေါက်တာ—- ဟုဆုတောင်းလာခြင်းဖြစ်သည်။


ငယ်စဥ်အတန်းထဲတွင် ကိုယ်ကသာလိုက်၊ သူကကျောလိုက်အပြိုင်အဆိုင်ကြိုးစားရင်း ဆယ်တန်းမှာ သက်ထားခင် ယောင်တောင်တောင်ဖြစ်သွားခိုက် အမှတ်က နဲသွားသည်။သို့နှင့် အီကိုဘဲတက် ဖြစ်တော့သည်။ ယခုတော့ မူလတန်းပြဆရာမလေး၀င်လုပ်ရင်း အတန်းကြီးသင်ခွင့်ရသည်ကိုတောင် အောင်မြင်အောင်မသင်နိုင်သည့်ဆရာမဖြစ်လျင် သူမသည့်ထက် ရှုံးပေတော့မည်။ ဆယ်တန်းတစ်ချက် ယောင်တောင်တောင် လုပ်လိုက်မိသည်နှင့် သူမယခု မူလတန်းပြက ပြန်စရသည်။ ကြိုးစားလျင် အများကြီး ဖြစ်နိုင်သည်။ တဘ၀စာနောက်မကျသေး။ သူ့သူငယ်ချင်း၏ မွေးနေ့ကြော်ငြာသည် ယခုသူမ၏လက်ရှိ အခြေအနေကို မီးမောင်းထိုးပြနေသလိုဖြစ်သွားသည်။


လူတို့သည် အတွင်းစိတ်ပိုင်းဆိုင်ရာနှင့် ပြင်ပမှလှုံ့ဆော်မှုများကြောင့်စိတ်ဖိစီးမှုများဖြစ်ကြသည်။ ဖြစ်လာသမျှကို စိတ်လှုပ်ရှားမှုများဖြင့်ဖြစ်စေ၊ အသိဥာဏ်အားဖြင့်ဖြစ်စေ၊ အပြုအမူများဖြင့် ဖြစ်စေ တုန့်ပြန်ကြသည်။ သက်ထားခင်ကိုယ်တိုင်ကလည်း ပညာနှင့်အတွေ့အကြုံမပြည့်၀သေးသဖြင့် တုန့်ပြန်မှုတွင် အနည်းငယ်ပြင်းထန်နေသည်ဟုဆိုနိုင်သည်။


အကယ်၍ပညာရေးတက္ကသိုလ်မှဆင်းပြီး အတက်တန်းပြဘ၀နှင့်သာ ရောက်ခဲ့လျင် စိတ်၏တုန့်ပြန်မှုမှာ တမျိုး ဖြစ်မည်။ ဥပမာ၊ အထက်တန်းပြဆရာမလေးဆိုသော မြိုးမြိုးမြက်မြက် ဆုလာဒ်က စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သော လုံခြုံမှုကိုပိုမိုပေးစွမ်းနိုင်လေသည်။သို့သော်သက်ထားခင် သတင်းစာ ဖတ်ပြီးချိန်တွင် ငယ်စဥ်ကသူငယ်ချင်းနှင့် အနေအထားကွာခြားမှုကို ကောင်းစွာသဘောပေါက်သွားပြီးသူမ ရှေ့ခရီးအတွက် လွယ်လွယ်ကူကူ စိတ်အားမငယ်သင့်ကြောင့် ပိုမိုသဘောပေါက်သွားပြန်၏။ စိတ်ကို ပတ်၀န်းကျင်က ဖန်တီးပေးသော ဖြစ်စဥ်များမှတစ်ခုဖြစ်လေ၏။


သက်ထားခင် စာသင်ခန်းထဲ သို့ပြုံးရွှင်သော မျက်နှာဖြင့်ပြန်၀င်လိုက်သည်။

သူမစာသင်ခန်းနောက်ဖက်မှပတ်၀င်လိုက်ချိန်တွင် ကျန်သော ကျောင်းသားများလည်း ငြိမ်ငြိမ်ဆိမ်ဆိမ်ပင် ရှိနေကြသည်။

သူမမတ်တတ်ရပ်ဆိုသော ကျောင်းသားကြီးလည်း မတ်တပ်ရပ်နေသဖြင့် သူမစိတ်ကျေနပ်သွားခဲ့သည်။

ထို့ကြောင့် စာသင်ခန်းအတွင်း ပြန်ရောက်သောအခါ ကျောင်းသားကြီးကို

‘မင်းထိုင်တော့’

ဟုပြောလိုက်ပြီး ကျန်သော သင်ခန်းစာများကို ဆက်လက်ပြီးကောင်းမွန်စွာ သင်ကြားနိုင်ခဲ့တော့သည်။


နောင်ရက်များတွင် စာဆိုခိုင်းသော် ယခင်နေ့ကမဆိုခဲ့သည့် အမောင်ကျောင်းသား ကောင်းမွန်စွာ ဆိုလေသည်။ ထိုအခါမှ ထိုကျောင်းသားလေးသည် နှုတ်ခမ်းလေး အနည်းငယ်ကွဲသဖြင့် သူ့အသံမှာ ကြားကြားချင်း တမျိုးလေးနှင့်မို့ ရယ်မိမတတ်ဖြစ်သွားမိ၏။ သည်တော့မှ သူကလည်း ဆရာမအသစ် အငယ်လေးကို ရှက်သဖြင့် စာမဆိုခဲ့ခြင်းဖြစ်ကြောင်း နားလည်မိတော့သည်။


သက်ထားခင်လည်း ထိုနေ့က ကျောင်းသားကြီး မည်သည့်အတွက်ကြောင့် စာမဆိုကြောင်း ပိုမိုသဘောပေါက်သည်မှ အစပြုကာ ကျောင်းသားများနှင့် ဆရာမတို့သည် နှစ်ဆုံးသည်အထိကောင်းမွန်စွာ သင်ကြားသင်ယူခဲ့ကြလေတော့၏။ ထိုနှစ်က အီကို ဂုဏ်ထူးနှစ်ယောက်ပါက ၀ိဇ္ဇာတန်းအဖွဲ့များလည်း အောင်ချက်ကောင်းခဲ့၏။


စိတ်သည်လက် တဖြစ်တည်းလေးတွင်ပင် ကောင်းသည်ကိုလည်း ဖန်တီးနိုင်သည်။ ဆိုးသည်ကိုလည်း ဖန်တီးနိုင်သည်ဖြစ်၏။ သတိချပ်ကြပါလေကုန်။


ပြီးပါပြီ။

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည