ဘထိန်
ဘထိန်(စ/ဆုံး)
——–
ဘထိန်ဟုအမည်ရသော ဘဘကြီးဦးထိန်လင်း သည် သူ့နယ်တွင်တော့ ကြက်ဖဖြစ်သည်။ လူတိုင်းက သူ့ကိုလေးစားရ၏။ သူများနယ်မသွားဘူးသဖြင့် သူများနယ်တွင်မည်သို့ဖြစ်မည်တော့မသိ။ ကိုယ့်ရွာတွင်ဘုရားပွဲ၊ အိမ်များရှိအလှုပွဲ၊ မဂ်လာဆောင်ပွဲ၊ ဘာဘာညာညာ အဘတို့အမြဲပါရ၏။ ငယ်ထဲက သည်မြေနေ သည်ရေသောက် ၀မ်းကွဲဆွေမျိုးတွေကလည်း အများကြီးဆိုရကား အလိုလိုနေရင်း ဆွေမျိုးဂုဏ်နှင့်လည်း လူရှိန်လေ၏။
သည်ကြားထဲ အသက်ကလေးရပေမင့် အသောက်ကလေးကရှိနေဆဲ။ လူတွေသည် ၀ါသနာကို သေခါမှစွန့်သည်ဆိုသည်မှာမှန်လွန်းနေ၏။ ညနေညနေဆို ဘိုတင့်တို့ အရက်ဆိုင်မှာလူစုစု၊ ထန်းရည်အရက် အကြော်၊ အသုတ်စုံ၊ လက်ဖက်သုတ်၊နှင့် အိမ်ကဟင်းတွေပါသူကယူသွားပြီး ဘထိန်က အရက်၀ိုင်း၀ိုင်းတတ်သေးသည်။လူများကလည်း ဘုရားသွားမယ်၊ကျောင်းတက်မယ်ဆို ခေါ်ရအော်ရခက်ချင်ခက်ပေမင့် သောက်ကြစားကြမယ်ဟေ့ဆို အဘထိန်တခွန်းဘဲ၊ သူ့အသောက်သမားတွေ၀ိုင်းကုန်ကြတော့၏။ အဘထိန်အသံသြကြီးက သူများထက် ပိုကျယ်ကာသြဇာသံပေါက်လေ၏။ အရက်၀ိုင်းထဲ ရှေးဟောင်းနှောင်းဖြစ်များပြောကာ တဟားဟားနှင့်ပွဲကျနေသည့် သူ့အသံကို အတော်လှမ်းလှမ်းမှပင် ကြားနိုင်လေသည်။
ဘထိန်နှင့် ပတ်သက်လျင် သည်အချက်ကို သူ့ဇနီးမယားအလှ ဒေါ်ဒေါ်ချော မကြိုက်ဆုံးသာတည့်။ ပေါင်းလာခဲ့သည်မှာ အနှစ်လေးဆယ်ကျော်ပြီ။ ကြိုက်ကြိုက်မကြိုက်ကြိုက် သည်းခံနေကြရင်း သံယောဇဥ်တွေတိုးပြီး ယခုတော့ မရဏသေမင်းနှင့် စစ်ခင်းဘို့ပင်နီးလာလေ၏။
ဘထိန်ကအမြင်ကျယ်သည်။ သားတွေသမီးတွေကိုတော့ လောကဓါတ်ပညာကို မရရအောင် လုပ်ခိုင်းသည်။ ခေတ်ရေစီးကြောင်းနှင့် လူရေးလူရာ နားလည်ရမည်ဟု အမြဲပြောသည်။ယခုတော့လည်း သားကြီးနှင့် သမီးလတ်တို့က ပညာတွေကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနှင့်အိမ်ခွဲသွားကြလေသည်၊ အိမ်တွင် အတူနေ ကျန်ခဲ့သော သမီးအပျိုကြီးမယ်အေးနှင့် သားအမိသားအဖသုံးယောက်သာကျန်သည်။ မယ်အေးကလည်း လေးဆယ်နားနီး အပျိုကြီးမမ ဖြစ်လေရာ လယ်အလုပ်ခြံအလုပ်စျေးရောင်းသည့်အလုပ်ပြီးလျင် အဖေအမေနှင့် ဥပုသ်ကျောင်းသွား ဒါဘဲအလုပ်ရှိ၏။ ဥပုသ်ကျောင်းသွားသည့်နေ့ဆို သူတို့မိသားစု၏ မဖြစ်ညစ်ကျယ် မည်ကာမတ္တ အိမ်ဆိုင်သေးသေးလေးကို ပိတ်ထားပြီး အိမ်ရှိလူကုန်သွားကြ၏။ ဘထိန်တို့၏ နေ၀င်ခါနားနီးချိန် ဘ၀သည် သာသာယာယာပင်ဖြစ်၏။
ဘထိန်နှင့် ဒေါ်ဒေါ်ချောတို့က အပင်စိုက်လည်း၀ါသနာကြီးကြလေရာ သူတို့ခြံကြီးထဲတွင် အပင်ကစုံသည်။
သူတို့လင်မယားက သဘာ၀အတိုင်းနေခြင်းကိုအားပေးသည်။ အပင်စိုက်ခြင်းသည် ကမ္ဘာကြီးကို ၀ိုင်း၀န်း ထိမ်းသိမ်းသည့်အလုပ်ဟုလည်းမှတ်ယူကြ၏။ မိသားစုစားယုံသာမက အနည်းအကျင်းပင် ရောင်းချနိုင် သေးသည်။သူတို့နေထိုင်ရာ မြေလတ်ဒေသရှိ မြို့ငယ်လေးက ရွာများနှင့်ဆက်နေသော မြို့ဖြစ်လေရာ လယ်ကွင်းများထဲ အလုပ်သွားလုပ်လည်းလွယ်၏။
ဘထိန်တို့ခြံကြီးက မြို့ထဲနှင့်လည်းနီးသဖြင့် စျေးရောင်းသူတွေက ချဥ်ပေါင်ပင်၊ ငွေပန်းပင်ကအစ ဘာပင်က အညွန့်တက် လာလာ မြင်သည်နှင့် ဖေါက်သည်ယူဖို့လာလာမေးကြလေ၏။ကင်ပွန်းချဥ်ပင်က ကင်ပွန်းသီးသီးလျင်၊ ဆူးပုတ်ညွန့်တွေ အညွန့်တက်လျင်၊ စံပယ်ရုံကပန်းတွေမြိုင်လာလျင် လာလာ မေးလိုက်ကြသည်မှ ခြံရှင်များပင် မည်မျှအညွန့်တက်နေသည်သတိမထားမိသေး။ ဖေါက်သည် လိုချင်သူများက သတိထားမိပြီးဖြစ်သည်။ အညွန့်တွေက ဘထိန်နှင့် အမေချောတို့ဂရုစိုက်သဖြင့် သူများနှင့်မတူ အလွန်သန်စွမ်းကြသောကြောင့် ဖြစ်မည်ထင်၏။
ဘထိန်ကအလွန်စိတ်မြန်သူတစ်ယောက်ဖြစ်သည်။မြန်သမှ တစ်ခုခုဆိုသည်နှင့် လုပ်ပြီးကိုင်ပြီးဖြစ်သည်။ သူ့ကို သူ့မိန်မဒေါ်ဒေါ်ချောရော သမီးမယ်အေးရော အမှီမလိုက်နိုင်လျင်လည်း သူကစိတ်တိုပြန်သည်။ သည်လိုနှင့် သူတို့မိသားစုမှာ မပျင်းကြရပေ။အဓိကကတော့ ဘထိန်က သူမိန်းမဒေါ်ဒေါ်ချော ဘာကလေးဖြစ်ချင်ဖြစ်ချင် အသံကြားသည်နှင့် အလျင်အမြန်ဖြည့်ဆည့်ပေးတတ်သူတစ်ယောက် ဖြစ်လေ၏။
တနေ့တနေ့ ပြသနာက သူပြောလျင် အချိန်မီမြန်မြန်မလုပ်နိုင်ခြင်းကသာ အဓိက ပြသနာတစ်ခု ဖြစ်လို့နေသည်။
‘မယ်အေးရေ’
‘ရှင့်အဖေ’
‘လူအရင်လာခဲ့’
‘ရှင်မလိုချင်ဘူး၊ နင်လည်း အသက်ကြီးလာပြီး အမြဲ လေးတိလေးကန်၊ ငါတို့သေရင်ဘယ်လိုလုပ်မလဲ’
‘အစ်မတို့နဲ့သွားနေမယ်’
‘မယ်သီလရှင်၀တ်မယ်’ စသဖြင့် မယ်အေးက တခါတခါ အဖြေတမျိုးမဟုတ်တမျိုးနှင့် ပြန်ခံပြော၏။
‘ငါ့ကိုခံမပြောနဲ့ အလုပ်လုပ်ရင်သွက်သွက်လုပ်၊ စစ်မက်ရေးရာအချိန်ဆို နင်အရင်သေမယ်နော်’
“””မဟုတ်လဲ၊ တူတူမတွေကို အမွေပေးမယ်ဆိုပြီးပြန်လာနေခိုင်းမယ်’
‘သူတို့ကနေချင်ဦးမှကိုးနင်နဲ့လေ”
‘မနေချင်တစ်ယောက်ထဲနေမယ်အဖေ’
‘မယ်အေး၊ ငါ့သမီး၊ ညည်းလေခံပြောတာကမြန်မှမြန်၊ အလုပ်ဆိုရင်သိပ်နှေးတာ၊ အိုဘဲသေတော့မယ်၊ နောက်မှတ်ထား
ရှင်ကိုနောက်ထား လူအရင်ငါ့အသံကြားတဲ့နေရာရောက်အောင်လာ’
‘ဟုတ်ပါပြီအဖေရာ
ဒါဘဲ အမြဲပြောနေတာဘဲကိုး’
သည်လိုနှင့် သားအဖတွေတကျက်ကျက်ဖြစ်လိုက်၊ ခနကြာလျင် ပြန်တည့်သွားပြန်သည်။ ဒေါ်ချောကတော့ စကားနည်းနည်းနှင့် သူ့ယောကျာ်းဘထိန်စိတ်ကြိုက် တတ်နိုင်သမျှ လိုက်လုပ်ရှာပါသည်။
ဒေါ်ချောက မီးဖိုထဲတွင် ဒိုင်ခံချက်သည်။ စျေးဘာညာကလည်း ရောင်းဖို့အတွက်လည်း၀ယ်ရင်း အိမ်မှာကဆီ၊ ဆန်၊ ဆား၊ ငပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လက်ဖက်ခြောက်၊ နနွင်း၊နှင့်ကော်ဖီမစ်၊ သကြား၊ နို့မှုန့် အခြားမုန့်ချိုးလေးများ အကုန်ပြည်မြို့်ကြီးမှ များများလေးသွား၀ယ်ပြိး ဆိုင်လေးမှာ တင်ထားခါ လာ၀ယ်သူရှိလျင် လက်လီပြန်ရောင်းခြင်းဖြစ်သည်။ဘထိန်သဘောက လာ၀ယ်သူမရှိလည်း ကိုယ်တိုင် လည်းစားကြရသဖြင့် အိမ်အတွက် ၀ယ်သလိုသဘောထားပြီး များများလေး၀ယ် ဆိုင်လေးတွင်တင်ကာ အိမ်တွင် ချက်ရင်းပြုတ်ရင်းရောင်းခြင်းသဘောသာ ဖြစ်လေ၏။
အိမ်ရှိအပင်မျိုးစုံမှလည်း လိုအပ်လို့လာ၀ယ်လျင် ခူးရောင်းသေးသည်။ သူ့အရပ်နှင့်သူ့ဇာတ်တော့ ဟုတ်နေသည်ဘဲဖြစ်သည်။ ဘထိန်တို့ခြံထဲ မန်ကျည်းပင်ကလည်း လေးပင်လောက်ရှိသေးသည်။ မန်ကျည်းသီးသီးချိန်ဆို မန်ကျည်းပင် လှုပ်လိုသူများက ခြေခြင်းလိမ်၏။ မန်ကျည်းသီးကို အပင်ပေါ်တက် လှုပ်ချပြီးလျင် လှုပ်သူနှင့်ဘထိန်တို့ ရသမျှကို တ၀က်စီယူကြ၏။ ပြီးလျင် ဒေါ်ချော အားသည့်အချိန် လုပ်ခနှင့်လုပ်အားပေးလေးများ ခေါ်ကာ အိမ်အောက်ထပ်ရှိ ကွပ်ပျစ်ပေါ်တွင် မန်ကျည်းသီးကို အခွံခွာကြသည်။ အခွံမခွာခင်ရောင်းလည်းရသည်။ အခွံခွာပြီးမှ ရောင်းလည်းရသည်။ ထို့အပြင် မန်ကျည်းစေ့အပါနှင့်လည်းရောင်းသည်။ အစေ့နှင့်က စျေးတစ်မျိုး၊ အစေ့မပါက စျေးတစ်မျိုး ရလေ၏။ အစေ့ထုတ်ပြီးသား မန်ကျည်းသီးက ပိုစျေးကောင်း၏။
ဒေါ်ဒေါ်ချောကလည်း အလုပ်မလုပ်ရမနေနိုင် အစေ့ချွတ်သည့်အလုပ်ကို လုပ်ကူများခေါ်ကာ တပျော်တပါး အစေ့ထုတ်တတ်ကြသည်။ အစေ့ထုတ်ပြီးသားများကို ဆားလေးနှင့် အိုးများတွင် သိပ်ခါ တစ်နှစ်ပတ်လုံး အိမ်အတွက်လည်းသူမကသုံးသည်။ အချို့ကို သူမလက်ဆောင်ပေးလိုသူများကိုပေးသည်။ အချို့ကိုလည်း မန်ကျည်းမှည့်လိုသူများကို ရောင်းချနိုင်ရာ မန်ကျည်းသီးပေါ်ချိန်၊ ရာသီချိန်ကျော်သွားလျင် စျေးကောင်းပို ရတတ်လေ၏။ ထိုအချိန်ဆို သူတို့အိမ်အောက်ထပ်တွင် လူစည်ကားလလျက် ရီမောပြောဆိုကာ မန်ကျည်းစေ့ ထုတ်ခြင်း အလုပ်ကို ၀ိုင်း၀န်း လုပ်ကိုင်နေကြလေ၏။
******************************************
ဘထိန်နှင့်အမေချောတို့က လင်မယားဖြစ်သည်လည်းမပြောနှင့်စရိုက်ကမတူသလိုလိုနှင့်တူသည်။ ဘထိန် ကလည်း ဘိုတင့်တို့သောက်၀ိုင်းတွင် အုပ်စုနှင့်နေရလျင် တဟားဟားနှင်ပျော်တတ်သလို ဒေါ်ချော ကလည်း လူများများနှင့် စကားပြောကာ ကျေနပ်နေတတ်သူဖြစ်သည်။ လင်မယားသည် အသွင်တူမှ အိမ်သူ ဖြစ်သည်မှာ မှန်လေစွ။ အတူနေသမီးမယ်အေးကတော့ အေးအေးချမ်းချမ်းသာ နေလို သော်လည်း ဘာများတတ်နိုင်ပါမည်နည်း။ ယခုလည်း ဒေါ်ဒေါ်ချောတစ်ယောက် မန်ကျည်းစေ့ထုတ်သည့် အဖွဲ့နှင့် ဘထိန်တို့အိမ်တွင် မြိုင်ဆိုင်နေလေ၏။
မန်ကျည်းစေ့ထုတ်လို့လုပ်ခပေးရသည့်အပြင် ရေနွေးကြမ်းတိုက်ရ၊ ကြံသကာ, ထန်းညက်ခဲ၊လက်ဖက်သုတ်၊ ပဲကြမ်းသုတ်၊ မြေပဲလှောက်ကလည်း မပြတ်လေရကား မြတ်လို့မလုပ်၊ ပျော်၍လုပ်နေခြင်း ဖြစ်၏။ ဒေါ်ဒေါ်ချောက နှစ်တိုင်းလုပ်နေကြမို့ သူမတွင် မန်ကျည်းသီးတင်ထုရန်ကျောက်တုံးတွေစုထားထာရှိသည်။ မန်ကျည်းသီးရာသီချိန်ကုန်လျင် သေသေချာချာပြန်သိမ်းထားသည်။ အခွံခွာပြီးသားမန်ကျည်းသီးများကို ထုစရာ တုတ်များနှင့် ကျောက်တုန်းများပေါ်တွင်ထုထုသွားပြီးဘေးဖယ်ထားခါ ထုစရာကုန်လျင် မန်ကျည်းစေ့လေးများကို လက်ကလေးများနှင့် အသာအယာ ဖယ်ထုတ်ကြသည်၊ ပြီးလျင် မန်ကျည်းစေ့က သတ်သတ်စုထားသည်။ မန်ကျည်းစေ့လေးများကို ဒယ်အိုးထူတူနှင့်လှော်ပြီး အနံ့လေးများသင်းလာချိန် စားလို့အလွန်ကောင်းသည်။ သို့သော်သွားကောင်းရန်လိုသလို အလွန်အကျွံမစားသင့်။ အစေ့ထုတ်ပြီးသား မန်ကျည်းသီးများကိုမူကား သတ်သတ်ဖယ်ထားယုံပင်ဖြစ်၏။
လုပ်အားခကို ဒေါ်ဒေါ်ချောက အစေ့မထုတ်ရသေးသည့် တပိသာကို အစေ့ထုတ်ပြီးတိုင်း မည်မျှပေးမည်ဟု သတ်မှတ်ပေးလေ့ရှိသည်။ မြန်မြန်ထုကာ အစေ့မြန်မြန်ထုတ်နိုင်သူက လုပ်အားခပိုရသည်။ အချို့က ခပ်သွက်သွက်နှင့်အလွန်မြန်၏။ အချို့က နှေးနှေးမို့ သူများသုံးပိသာထုတ်လျင် သူတို့ကနှစ်ပိသာလောက်သာ ရသည်။မည်သို့ဆိုစေ ပျော်ပျော်ရွှင်ရွှင်နှင့် စကားစမြည်လေးပြောလိုက်ကြ၊ ဒေါ်ဒေါ်ချောတည်ခင်းသော မုန့်များ၊ လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ တခါတခါ ကော်ဖီပင်တိုက်သေးရာ အနီးပတ်၀န်းကျင်မှ နေ့လည်နေ့ခင်းအားလျင် ဒေါ်ဒေါ်ချောတို့ ဘထိန်တို့ အိမ်အောက် မန်ကျည်းသီးထုသူများနှင့် လူစည်ကားလို့ နေတော့၏။ ဘထိန်ရော၊ ဒေါ်ဒေါ်ချောရော လူစုစုနှင့်နေရသည်ကို ပျော်သည်မှာ အသိသာကြီးဖြစ်လေသည်။
******************************************
‘ညည်းတို့ဘာဟင်းချက်စားကြလဲ’
မန်ကျည်းသီးထုသည့်အဖွဲ့ထဲမှ မာအေးက မေးခြင်းဖြစ်သည်။ စုစုပေါင်းလေးယောက်နှင့် ဒေါ်ဒေါ်ချော အပါငါးယောက် ဖြစ်သည်။
‘အိမ်မှာတော့ငါးငပိချက်ကောင်းကောင်းချက်တာ၊ တို့စရာအစုံနဲ့ပေါ့’
မိငယ်၏ အဖြေဖြစ်သည်။ မိငယ်တို့က မနက်စောစောဆို လမ်းထိပ်မှာအကြော်ရောင်းသည်။ အကြော်ရောင်းတာကမနက်စောစောဆိုထွက် ဆယ်နာရီလောက်ဆိုသိမ်းပြီဖြစ်သည်။ သူ့ယောကျာ်းကဆိုက်ကားနင်းသည်။ ကလေးတစ်ယောက်နှင့် လူသည်အသောက်အစားကင်းလျင် အတိုင်းအတာနှင့်သူတော့ပြေနေသေးသည်ပြောရမည်။
‘မန်ကျည်းရွက်ချဥ်ရည်လေးချက်တယ်’
ကြက်ဥကြော်နဲ့စားတာ’
မေသန်းကဖြေလိုက်ခြင်းဖြစ်သည်။ မေသန်းတို့က ကြက်မွေးသည်။ သူ့ယောကျာ်းကတဖက်မှာ ကျောင်းဆရာတစ်ဦးလည်းဖြစ်၏။
ဒေါ်ဒေါ်ချော က
‘မေသန်း မန်ကျည်းရွက်ချဥ်ရည်ဆိုမှ မန်ကျည်းရွက်လေးသုတ်ပြီး ဥပုသ်စောင့်သွားရဦးမယ်’
ဟုပြောလိုက်သည်။
ထိုအခိုက် ဘထိန်က အိမ်ခနပြန်လာသည်လား၊ အပြီးပြန်လာသည်လားမပြောတတ်။ သူတို့နားက ဖြတ်သွားရင်းကြားလေ၏။ သူတို့ကို ဘာမှမပြောဘဲ မီးချောင်ထဲ၀င်ကာ စားစရာ တချို့ထည့်နေပုံရ၏။ ဘိုတင့်တို့ ဆိုင်ကလည်းမေ၀းသဖြင့် စားစရာကိုင်ကာ ပြန်ထွက်သွားသည်ဘဲလား ဒေါ်ဒေါ်ချောတို့ သတိမထားမိလိုက်ကြတော့။သူတို့၀ိုင်းကကောင်းလွန်းနေ၏။
‘ဒေါ်ဒေါ်ချောတို့က မန်ကျည်းပင်နဲ့ဆိုတော့ကောင်းမှကောင်းနော်’
ဟုမ၀င်းစိန်ကပြောလိုက်သည်။
‘အေးနင်တို့ဦးလေး ဘထိန်တချက်တချက်တက်ခူးမယ်လုပ်နေလို့တားထားရတယ်’
‘အသက်က ၆၈နှစ်ဖြစ်နေပြီ၊ သူ့ကိုယ်သူ ၁၈နှစ်သားထင်နေလားမသိပါဘူးအေ’
ထိုအခိုက်မယ်အေးလည်း သူတို့၀ိုင်းထဲ ရေနွေးကြမ်းဖြည့်၊ အမြည်းကစာကလေးခွေကြော်ကို ကြက်သွန်နီလေးများနှင့်သုတ်၊ သံပုရည်လေးနဲနဲဆမ်း၊ ငြုတ်သီးစိမ်းလေးတွေလည်းကိုက်ပြီးထည့် ထားပေးသည်။ ဇလုံကြီးကြီးလေးနှင့်များများလေး သုတ်ပေးခြင်းဖြစ်သည်။ ဘထိန်တို့၊ ဒေါ်ချောတို့က ဒါလည်း လုပ်သူကိုင်သားများကိုအလှုပေးခြင်းတမျိုးဟုသဘောထားသည်၊ ကုန်သည်ခန်းသည် ဟုသဘောမထားပေ။ထို့ကြောင့် ဘထိန်တို့အိမ်သည် အမြဲလူ၀င်လူထွက်မပျက်စည်ကားနေခြင်းဖြစ်၏။
‘စားကြအေ’ ဟုဆိုလိုက်သည်နှင့် ဇွန်းကလည်း လူစေ့တတ်ထားလေရာ ကိုယ့်ဇွန်းနှင့်ကို အသုတ်လေး ခတ်စားလိုက်ရေနွေးကြမ်းလေး သောက်လိုက်နှင့်စကား၀ိုင်းဆက်ကြလေ၏။
‘မန်ကျည်းရွက်သုတ်ဆိုလို့ဒေါ်ဒေါ်ချောလည်း ပုဇွန်ခြောက်ထည့်လား’
‘တခါတခါထောင်းထားတာရှိရင်ထည့်တာ၊ တခါတခါလည်းမထည့်ဖြစ်ဘူး’
‘ဟုတ်တယ်၊ ပဲဆီစိမ်းလေးနဲ၊ မြေပဲလေးထောင်း၊ အဓိကက ကြက်သွန်နီကောင်းကောင်းပါးပါးရိတ်ရိတ်လှီထည့်’
‘အချိုမှုန့်ဆားပြားမှန်းချေကောင်းရင် စားလို့အရမ်းကောင်း’
‘ပြောရင်းတောင် စားချင်လာပြီ’
‘လက်ထဲကဇွန်းတောင်မချရသေးဘူးအေ’
သူတို့၀ိုင်းလေကလည်း ၀ိုင်းအတော်ကောင်းနေ၏။
“ခုကမန်ကျည်းသီး တွေကြီးလာလို့၊ ငယ်ငယ်ကိုခူးနိုင်ရင် မန်ကျည်းသီးထောင်းကျော်ကိုပိုကြိုက်တာ’
တစ်ယောက်ယောက်က ၀င်ထောက်လိုက်ပြန်သည်။
‘တော်တော့၊ မန်ကျည်းသီးထဲကမထွက်၊ သွားတောင်ကြိမ်းလာပြီ”
‘အဟုတ်ပါဆို’
‘အိမ်မှာ၊ မန်းကျည်းသီးပေါက်စလေးတွေထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ငြုတ်သီးစိမ်းများများထည့်ထောင်း၊ အစပ်ကြိုက်လို့၊ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီသပ်တယ်’
‘နီရောင်လေးသမ်းလာမှ မန်ကျည်းသီးထောင်းတာထည့်ရေလေးထည့်ပုဇွန်ခြောက်၊ ငြုတ်သီးစိမ်း၊ ငပိစိမ်းစားကောင်းကောင်းလေးရေဖျော်ထည့်လိုက် အမလေး အနံ့လေးကိုမွှေးတက်လာတာ’
“တို့က အဲ့ဒါကိုမှ ဗူးသီးဟင်းခါးလေးနဲ့စားတာ”
‘ဘာအသားဟင်းမှမလိုဘူး’
‘ထမင်းနှစ်ပန်းကန်ပြိုက်ခနဲဘဲ’
‘အေးဟယ်စားတောင်စားချင်လာပြီ’
သူတို့လည်းပြောသခိုက် ဇလုံထဲက စာကလေးပဲကြော်သုတ်လည်းကုန်သလောက်ရှိသွား၏။ သည်တော့မှ လက်တွေက မန်ကျည့်သီးအစေ့ထုတ်သည့်အလုပ်ထဲ ပြန်ရောက်လာသည်။ အစက ဇွန်းတွေကို မလွှတ်တမ်း ကိုင်ထားကျခြင်းဖြစ်၏။ မြိုင်လိုက်တဲ့ အလုပ်၀ိုင်းကြီးဖြစ်သည်။
လက်ကလည်း မန်ကျည်းထုသူကပြန်ထုကြသည်။အစေ့ထုတ်ပြီး အနှစ်သားတွေဘဲဖယ်သူကဖယ်ကြသည်။
‘၀မ်းခြုပ်ရင် ဒီမန်ကျည်းသီးလေးဆားနဲ့တစ်ညစိမ်’
‘သောက်ချလိုက်ဘာဆေးမှမလိုဘူး’
‘ငါလည်း၀မ်းသိပ်မသွားတာသောက်ကြည့်ရမယ်’
‘နင်တို့အဘ၊ ဘထိန်ဆို သူ့ကိုယ်သူသိတယ်၊ ၀မ်းလေးချုပ်နေရင်သူ့ခွက်လေးသူစိမ်ပြီးသောက်နေရော’
‘၀မ်းတလုံးကောင်းရင်ခေါင်းမခဲဆိုတာအဲ့ဒါပေါ့’
“ခုကပူတော့မိတ်တွေကပေါက်တာ မန်ကျည်းခေါက်လေးသွေးလိမ်း’
‘နင့်အဖေကောမယ်အေး၊ ခုတလော မိတ်ကိုက်တယ်မညည်းသလိုဘဲ’
‘ဒေါ်ဒေါ်ချောက အစေ့ထုတ်နေသည့် သမီးဖြစ်သူမယ်အေးကိုမေးလိုက်သည်။ သူတို့ပြောနေသည်မှာ မန်ကျည်းပင်တစ်ပင်လုံးကုန်လုပြီ၊ တစ်ပင်လုံးကလည်း အသုံး၀င်လှ၏။ ထို့ကြောင့်အပင်စိုက်သင့်သည်ဟု အကြံပြုပေးနေကြခြင်းဖြစ်သည်။
မယ်အေးက စားစရာတွေယူလာပြီးနောက်ဆုံးမှ ၀ိုင်းထဲ၀င်လာသူဖြစ်လေရာ ကွပ်ပြစ်အစွန်ဆုံး ၀င်ထွက်လွယ်သည့်နေရာတွင်ရှိနေ၏။ ဒေါ်ဒေါ်ချောမှ ကွပ်ပြစ်ထိပ်ပိုင်းတွင်မို့ ထွက်မည်ဆို ဇလုံများ၊ စားစရာများ၊ ကျောက်တုန်းများ၊ မန်ကျည်းသီးထည့်ထားသည့်အိတ်များကို ကျော်ထွက်မှသာ အပြင်သို့အလွယ်တကူရောက်နိုင်လေ၏။
‘ဘယ်ကိုက်မလဲ၊ အဖေ့ကိုညတိုင်းသမီးဘဲ မန်ကျည်းခေါက်သွေးပေးပြီးနောက်ကျောပါလိမ်းပေးနေတာကိုး’
ဟုဖြေလိုက်သည်။ မိငယ်က
‘အိမ်မယ်သားလေးလည်း ဆော့တာ၊ မိတ်တွေလည်းမနိုင်ဘူး။
အပြန်ကျ အခေါက်လေးနဲနဲယူသွားမယ်နော်၊ ဒေါ်ဒေါ်ချော’
‘ယူယူမိငယ်၊ ဒါကတို့ဗမာဆေးဘဲ၊ မန်ကျည်းခေါက်ကအပူညိမ်းတာ’
ထိုအခိုက်
‘မချော၊ မချော၊ မချော၊ လာအုံးဟ’ ဟု အသံပြဲကြီးနှင့် ဘထိန်အော်လိုက်သံကြားသော်အားလုံး
ခေါင်းမတ်ခနဲ ဖြစ်သွားသည်။ ထိုအခို က်မယ်အေးက ၀ုန်းကနဲဆို ဆင်းပြီးပြေးထွက်သွားလိုက်၏။
ထိုအခါ ပုဆိုးကွင်းလုံး အပင်အောက်သို့ကျွတ်ကျသွားပြီး အောက်ပိုင်းဘာမှမရှိသောဘထိန်သည် မန်းကျည်းပင်နှင့်ကပ်နေပြီး
‘နင်ကိုခေါ်တာမဟုတ်ဘူး။ နင့်အမေကိုခေါ်တာ၊ သွားပြန်သွား’
ဟုအော်လိုက်၏။ မန်ကျည်းထုသည့်အဖွဲ့တစ်ဖွဲ့လုံးဒေါ်ချောအရင်ရောက်ပြီး ဘထိန်၏အဖြစ်ကို မရယ်ဘဲမနေနိုင်ဘဲ ရယ်မောနေကြလေတော့၏။
‘သွားကြနင်တို့သွားကြ’ ဟုဘထိန်က သူတို့ကိုလှမ်းပြောနေသည်။
ဒေါ်ဒေါ်ချောလည်း
‘ဟေ့အားလုံးပြန်၀င်ကြ’
ဆိုမှအားလုံးကိုယ့်အလုပ်ကို ပြန်လုပ်ကြလေတော့သည်။
ဘထိန်ကို ဒေါ်ဒေါ်ချောက ပုဆိုးကိုအိမ်ဘေးထောင်တားသော ၀ါးလုံးရှည်နှင့်လှမ်းပေးလိုက်ပုံရ၏။ သူတို့နည်းသူတို့ဟန်နှင့်ဖြေရှင်းလိုက်ကြပြီး နောက်တော့ ဘထိန်တစ်ယောက်လုံလုံခြုံခြုံပြန်ရောက်လာ၏။
ဒေါ်ဒေါ်ချောက
“””မန်ကျည်းပင်ပေါ်ဘာတက်လုပ်လဲ””
မေးသော်
“”နင်မန်ကျည်းရွက်သုတ်လှူချင်တယ်ဆိုလို့မန်ကျည်းရွက်တက်ခူးတာလေ””
ဟု သူတို့အချင်းချင်းပြောနေခိုက် ကျန်အဖွဲ့သားများတော့ ပြုံစိစိနှင့် ဖြစ်နေကြလေတော့သတည်း။
ပြီးပါပြီ။
Sandar Wai, Alexander
စာချစ်သူများစိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာများပြည့်၀ကြပါစေ။
၈/၆/၂၀၂၄