မွေးနေ့သင်ခန်းစာ

 ‎‎မွေးနေ့သင်ခန်းစာ(စ/ဆုံး)


‎—————-

‎လမ်းလျှောက်ရာက ပြန်လာသော ဦးလှဖေကို သူ့သမီးက

‎“အဖေ … ဒီနေ့ အဖေ့မွေးနေ့လေ”

‎“သိပါတယ်”

‎“အဖေ ဘယ်သွားချင်သလဲဟင်”

‎“ဘယ်မှ မသွားချင်ဘူး”

‎“အဲဒီလိုတော့ မလုပ်ပါနဲ့အဖေရယ်။ အဖေ့မြေးတွေက မနက်ကတည်းက အစောကြီးထပြီး ပြင်ဆင်ထား ကြတာ။ အဖေလမ်းလျှောက်ပြန်လာရင် သွားမယ်လို့ သမီးက ပြောထားတာ”

‎“ဘယ်ကို သွားမှာလဲ။ ငါ အေးအေးဆေးဆေးပဲ နေပါရစေ။ ဒီနေ့ စာရေးစရာတွေရှိနေတယ်”

‎ထိုစဉ် သမက်ဖြစ်သူက ရောက်လာပြီး

‎“အဖေ ရေမချိုးရသေးဘူးလား”

‎“ငါက ဒီအချိန် ဘယ်တုန်းက ရေချိုးဖူးလို့လဲ”

‎“ဘုရားသွားမယ်ဆို”

‎“ဘယ်တုန်းကပြောလဲ”

‎သမက်ဖြစ်သူကလည်း ကြောင်တောင်တောင်နှင့် သူ့မိန်းမကို လှမ်းကြည့်သည်။

‎မြေးနှစ်ယောက်ကလည်း အိမ်ပေါ်ကို ပြေးတက်လာပြီး

‎“ဘိုးဘိုးကြီး သမီးတို့ အဆင်သင့်ပဲ”

‎သူတို့ကလည်း အဝတ်အစားတွေ လဲထားကြသည်။

‎“ဘယ်သွားကြမှာလဲ”

‎“ဘိုးဘိုးကြီးမွေးနေ့လေ”

‎“ငါ့မွေးနေ့ ဘယ်သူကပြောလဲ”

‎“မေမေပြောတယ်လေ။ ဒီနေ့ ဘိုးဘိုးကြီး အသက် ၇၀ ပြည့်မွေးနေ့တဲ့”

‎မြေးတစ်ယောက်က အော်သည်

‎“ဟက်ပီးဘတ်ဒေးပါ ဘိုးဘိုးကြီး”

‎“ဘိုးဘိုးကြီးက ရေတောင်မချိုးရသေးဘူး … လုပ်ပါ … သမီးတို့သွားချင်လှပြီ။ ဗိုက်လည်းဆာနေပြီ။ ဖေဖေက ဒီမနက် အပြင်မှာစားမယ်လို့ပြောထားတာ”

‎မြေးတစ်ယောက်က သူ့ကို အတင်းဆွဲကာ ရေချိုးခန်းကို ပို့သည်။ ဦးလှဖေတစ်ယောက် မနေသာတော့။ မြေးတွေကို အလိုလိုက်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။ သမီးက သူ့ကိုကြည့်ပြီး ပြုံးသည်။

‎သူတို့အိမ်ကထွက်လာချိန်မှာ ၈ နာရီကျော်ပြီ။ သမက်ဖြစ်သူက သူ့ တက္ကစီကားကိုမောင်းရင်း

‎“အဖေ ဘယ်ဆိုင်မှာ ထိုင်ကြမလဲ”

‎“ဆေးရုံနားက ထမင်းကြော်ဆိုင်ကိုမောင်းကွာ”

‎“ဟာ အဖေကလည်း တစ်ခါတစ်လေ အပြင်ထွက်မှ စားရတာ။ ဆိုင်ကောင်းကောင်းထိုင်ပါ”

‎“ထမင်းကြော်ဆိုင်ကိုပဲမောင်းကွာ”

‎ဖခင်ဖြစ်သူ၏ တစ်ချက်လွှတ်အမိန့်ကြောင့် လမ်းဘေးထမင်းကြော်ဆိုင်ရှေ့တွင် ကားကိုရပ်ပြီး မိသားစု ငါးယောက် ထမင်းကြော် စားကြသည်။

‎“ဆိုင်လေးက လမ်းဘေးဆိုင်ဆိုပေမယ့် ကောင်းသားပဲ၊ သန့်လည်း သန့်တယ်နော်”

‎“ငါစားနေကျ”

‎သူတို့ထမင်းကြော်စားပြီးနောက်

‎“အဖေ … ရွှေတိဂုံဘုရားကို တန်းသွားမယ်နော်”

‎“မသွားနဲ့”

‎“ဒါဆို ဘယ်သွားမှာလဲအဖေ”

‎“မိဘမဲ့ ကလေးကျောင်းကိုမောင်း”

‎“အဖေ ဘာတွေလုပ်နေတာလဲ”

‎“ငါပြောတဲ့အတိုင်းလုပ်”

‎သူတို့ကားလေးက မိဘမဲ့ကျောင်းကို ရောက်လာသည်။ ကျောင်းအုပ်ကြီး ရုံးခန်းကို ဦးလှဖေက တန်းသွားသည်။

‎“ဟာ ဆရာကြီးရယ် … လာမယ်ဆိုလည်း ဖုန်းလေးဘာလေး ကြိုဆက်တာ မဟုတ်ဘူး”

‎“ဖုန်းကြိုမဆက်ဘဲ လာလို့ မရဘူးလားကွ”

‎“မဟုတ်ပါဘူး ဆရာကြီးရယ်။ ဘယ်သူမဆို အချိန်မရွေးလာလို့ ရပါတယ်။ အတော်ပဲ ခုချိန်က ကလေးတွေကို မနက်စာကျွေးချိန်ဆရာကြီး”

‎“အေး ထမင်းစားခန်းကို လိုက်ပို့”

‎ကျောင်းအုပ်ဆရာကြီး ဦးဆောင်ကာ သူတို့ မိသားစု ငါးယောက် ကလေးများ ထမင်းစားဆောင်ကို ရောက်လာကြသည်။

‎ကလေးတွေက ထမင်းစားရန်အတွက် ထမင်းဗန်းလေးတွေကို ကိုယ်စီကိုင်ကာ တန်းစီနေကြသည်။

‎ထမင်းအိုးရှေ့ရောက်သောအခါ် ကလေးတွေက ဗန်းကို ခံသည်။ ထမင်းထည့်ပေးသည့် ဆရာမက ထမင်းထည့် သည်။

‎“တော်ပြီလား သမီး … ယူဦးမလား”

‎“တော်ပြီ”

‎ကလေးက ဆက်သွားသည်။ ဟင်းထည့်ပေးမည့်သူရှေ့ကို ဖြစ်သည်။ ဟင်းထည့်ပေးသည့် ဆရာက ဗန်းခွက်ထဲကို ဟင်းခပ်ထည့်ပေးသည်။ ကလေးက ဟင်းထည့်ပြီးသော် စားပွဲတန်းရှည်ကို ယူသွားပြီး ချထားကာ ထိုင်နေသည်။

‎အားလုံး ထမင်းတွေ ဟင်းတွေ ထည့်ပြီး ခုံတွင်ထိုင်ပြီးမှ ဆရာက အချက်ပြလိုက်ရာ အားလုံး မတ်တတ် ရပ်လိုက်ကြသည်။

‎ဆရာက အချက်ပြသည်။ ကလေးတွေ ပြန်ထိုင်ကာ တိတ်ဆိတ်စွာ ထမင်းကို စားကြသည်။ ဘာမျှအသံမထွက်။

‎မြေးလေး ချစ်စုက သူ့အဘိုးနားကို ကပ်ကာ

‎“ဘိုးဘိုး”

‎“ဟေ”

‎“သူတို့စားနေတဲ့ ဟင်းကိုကြည့်ပါဦး”

‎“ဘာဖြစ်လို့လဲကွ”

‎“ပဲပင်ပေါက်ကြော် တစ်မျိုးတည်းလားဟင်”

‎“အေးလေ … အဲဒါ ဟင်းမဟုတ်ဘူးလား”

‎“ဟင် … အိမ်မှာဆို အဲဒါ အရန်ဟင်းလောက်ပဲလေ။ ဘယ်မှာလဲ အသားနဲ့ ငါး”

‎“မြေးလေး … ဒါ အိမ်မဟုတ်ဘူးကွယ်။ မိဘမရှိရှာတဲ့ ကလေးတွေရဲ့ ခိုနားရာနေရာ။ သူတို့မှာ မင်းတို့လို့ ဟိုဟာ မစားချင်ဘူး။ ဒီဟာ မစားချင်ဘူးရယ်လို့ ငြင်းပယ်ခွင့် မရှိဘူး။ ကျွေးတာနဲ့ စာရရှာတယ်”

‎ဆရာ ဆရာမများကလည်း ကလေးတွေနှင့်အတူ ပဲပင်ပေါက်ကြော်ဟင်းကို ဝေပုံကျထည့်ကာ စားနေကြသည်။

‎“ဆရာကြီး … ရုံးခန်းပြန်ရအောင်”

‎“အေး”

‎သူတို့ ရုံးခန်းကို ပြန်လာကြသည်။ ဆရာကြီးက

‎“မောင်ကြည်မောင်”

‎“ဟုတ်ကဲ့ဆရာကြီး”

‎“ငါ မင်းတို့ကျောင်းအတွက် ငွေ ငါးသိန်း လှူတယ်ကွယ်။ ချမ်းသာလို့တော့ မဟုတ်ပါဘူး။ ငါ့ပင်စင်ရတဲ့ အထဲက စုထားတာလေးတွေ”

‎“ဟုတ်ကဲ့ပါဆရာကြီး။ ကျွန်တော် ဂုဏ်ပြုမှတ်တမ်းလေး ရေးလိုက်ဦးမယ်”

‎ဦးလှဖေက သမီးကို ကြည့်လိုက်သည်။ သမီးက စာအိတ်လေးနှင့်ထည့်လာသည့် ပိုက်ဆံ ငါးသိန်းကိုထုတ်လိုက် သည်။

‎“သမီး ပေးလိုက်လေ”

‎သူတို့က စာအိတ်ထဲမှ ပိုက်ဆံကိုထုတ်ကာ ဆရာဦးကြည်မောင် လက်ထဲအပ်လိုက်သည်။

‎“ဟဲ့ စာအိပ်လေးနဲ့ လှူလေ”

‎“အဖေကလည်း စာအိတ်ပေါ်မှာ ရေးထားတာက ….”

‎“ဘာရေးရေး … ရတယ်။ မောင်ကြည်မောင်က ငါ့တပည့်”

‎“ဟုတ်ပါတယ် ဆရာကြီးက ကျွန်တော့်ကို ဒီလိုဘဝမျိုးရောက်အောင် ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါ”

‎သူတို့ ပိုက်ဆံလှူပြီးနောက် မိဘမဲ့ကလေးများကျောင်းက ပြန်ထွက်လာခဲ့ကြသည်။

‎“အဖေ … နေ့လယ်စာကို ဘယ်မှာစားကြမလဲဟင်”

‎သမီးဖြစ်သူက မေးသည်။ သမက်က

‎“အဖေ ကြိုက်တဲ့ဆိုင်ကိုပြောပါ။ ဘယ်ကိုမောင်းပေးရမလဲ”

‎“နေပါဦး … ငါ့မြေးတွေကို မေးပါရစေဦး … ကိုင်း မြေးလေးတို့ ဒံပေါက်စားမလား၊ တရုတ်စာစားမလား၊ မြန်မာ ထမင်းဟင်းပဲ စားမလား။ ပြောလိုက် … ဘယ်ဆိုင်မှာ စားကြမလဲလို့”

‎“အိမ်မှာပဲ စားတော့မယ်”

‎“ဘာဖြစ်လို့လဲကွ”

‎“သမီးတို့က ဟင်းကောင်း ထမင်းကောင်းတွေနဲ့ စားနေချိန်မှာ ပဲပင်ပေါက်ကြော်လေးတောင် ကောင်းကောင်း မစားနိုင်ကြသေးတဲ့ဘဝတွေကို တွေ့ခဲ့ရလို့ စိတ်မကောင်းဘူး ဘိုးဘိုးရယ်။ အိမ်မှာဆို ဟိုဟာ မစားချင်ဘူး၊ ဒီဟာ မစားချင်ဘူးလို့ ပြောပြီးတော့ စိတ်ကောက်မိတာ နောင်တတွေရနေမိတယ်”

‎“ဟုတ်တယ် ဘိုးဘိုး … သားလည်း ပဲပင်ပေါက်ဆို ဘယ်တော့မှမစားဘူး … မကြိုက်ဘူးလို့ အော်ခဲ့မိတာ စိတ်မကောင်းဘူး။ နောက်ဆို မေမေ ချက်ကျွေးတာနဲ့ပဲ စားတော့မယ်”

‎ဦးလှဖေက ပြုံးနေသည်။ ကျေကျေနပ်နပ်ကြီး ပြုံးနေသည်မှာ နောက်ကြည့်မှန်တွင် ပေါ်နေသည်။

#‎တင်ညွန့်

‎၁၇.၁၀.၂၀၂၃

‎#နီလာအာကာ

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည