အမေဆိုး

 အ‌ေမဆိုး(စ/ဆုံး)


—————


ပစ်ချလိုက်တဲ့ စတီးဇလုံလေးက ဂွမ်းဂလွမ်းဆိုတဲ့ အသံနဲ့ ကျမရဲ့ဖိနပ်ဦးနား ရောက်လုရောက်ခါနီးမှာ ရပ်တန့်သွားတယ်။ ထမင်းစေ့တွေ ပြန့်ကျဲလို့ ဗယာကြော်အကွင်းလေးတစ်ခုက တိုက်တိုက်ဆိုင်ဆိုင် မြေပြင်မှာခွေအိပ်နေတဲ့ ခွေးမကြီးတစ်ကောင်နားကျသွားတယ်။ခွေးမကြီးက ပါးစပ်နားရောက်လာတဲ့ အဲဒီအကြော်ကွင်းလေးကို ဟပ်စားလိုက်ချိန်…


“ဟဲ့ခွေး´´

အသံထက် တုတ်တိုတစ်ချောင်းက ခွေးမကြီးဆီအရင်ရောက်လာတာမို့ ဂိန်ဆိုတဲ့ နာနာကျင်ကျင်အော်သံနဲ့ ခွေးမကြီးပြေးထွက်သွားတယ်။


“သေနာလေး၊သောက်ဆံကျမရှာနိုင်သေးဘူး။ နင်က အဲ့သလိုလုပ်တယ်။။အေး ငါကလည်း ဒီလိုလုပ်တယ်။ကဲဟယ်…ကဲဟယ်´´


သုံးနှစ်သားလောက်ရှိအုံးမယ်။နံရိုးပြိုင်းအပေါ်ဗလာနဲ့ ချေးအထပ်ထပ် ဘောင်းဘီတိုဝတ်ထားတဲ့ ကောင်ကလေးရဲ့လက်တစ်ဖက်ကိုဆွဲမြှောက်ကာ တင်ပါးကိုတဗုန်းဗုန်းချနေတာများ ကလေးကိုယ်လေးကော့ညွတ်သွားတယ်။ ကလေးဆီက ဝါးခနဲအော်သံက ခပ်စူးစူးထွက်လာတယ်။မျက်ရည်ရော နှပ်ရည်ရောကိုကျလို့။ အသံလာရာဆီ ကျမအကြည့်ရောက်သွားတယ်။


ဆီမပါတဲ့ နီကျင်ကျင်ဆံပင်တွေကို တဗျင်းဗျင်းကုတ်ကာ မျက်ခုံးတွေတွန့်ကွေးသွားပြီး အလိုမကျတဲ့မျက်နှာနဲ့ မိန်းမတစ်ယောက်ရဲ့အကြည့်က ကျမနဲ့လာဆုံတယ်။ ကလေးနဲ့မျက်နှာပေါက်ကျတူတာမို့ ကလေးရဲ့အမေထင်ပါရဲ့။


အဲ့ဒီအမျိုးသမီးက စူးရဲတဲ့မျက်လုံးနဲ့တင်ကြည့်တာမဟုတ်ဘဲ လက်ကလည်း သစ်သားစဥ့်တီတုံးဘေးချထားတဲ့ အသားခုတ်ဓားကို ခပ်ဆဆကိုင်လိုက်တာမို့ ကျမကပဲ ဦးအောင်မျက်လွှာချအကြည့်လွှဲလိုက်တယ်။စေ့ထားတဲ့ပါးစပ်ကို ဘေးသို့တစ်ချက်တွန်းပို့စောင်းရွဲ့လိုက်တာတော့ ကျမမြင်လိုက်ရသေးတယ်။


“သေနာလေး၊ သောက်ဇယားကိုရှုပ်တယ်။

ငါ့မှာဈေးကရောင်းရသေး။နင့်တို့သောက်လုပ်တွေလည်း လိုက်လုပ်နေရသေးတယ်။ဟဲ့ မိဂျမ်း၊ဒီသေနာလေးကိုနင့်အဖေ ငမူးဆီသွားပို့စမ်း။ ပြီးတော့ ဟို ဇလုံကိုပါကောက်သွား´´


“ဟုတ် အမေ၊ဟဲ့ မသာလေး လာခဲ့၊ငါ့မှာတော့ အမေ…

ခိုင်းတာပြီးရင် ဖိုးထောင်တို့နဲ့ သွားကစားမလို့။သောက်လုပ်ကိုရှုပ်တယ်´´


စကားအဆုံးသတ်မှာ ဖေကိုင်တုပ်ပြီး အဆဲလေးကပါသွားသေးတယ်။ ကလေးလက်ကိုကိုင် တရွတ်ဆွဲခေါ်ပြီး ကျမနားက ဇလုံကိုလာကောက်ယူသွားတဲ့ ကောင်မလေးကိုကြည့်ပြီး ကျမသက်ပြင်းချမိသွားတယ်။


“စောစောစီးစီး၊ဒီလိုပါပဲ မမရယ်။ ဒါတောင် ဒီနားမှာဈေးရောင်းတာနေ့တိုင်းမဟုတ်လို့။ သူတို့က နေရာလွတ်ရှိတဲ့ဆီ ဝင်ခင်းပြီးရောင်းတာလေ။ သူတို့နဲ့ ဖက်ပြိုင်ဖြစ်လို့ကတော့ ဟိုပုတ်ပြ ဒီပုတ်ပြနဲ့ ။အတော်စရိုက်ဆန်တယ်။ မိဘခြေရာ သားသမီးတွေကလည်း တစ်ထပ်တည်းနင်းတာ။အကောင်သာသေးတာ အဆဲကတော့ သိပ်ကြမ်း မမရေ…´´


ကုန်စိမ်းရောင်းတဲ့ကောင်မလေး ရဲ့မှတ်ချက်ကို ကျမ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ အပြုံးပါးပါးနဲ့ပဲ ခရမ်းချဥ်သီးတွေရွေးနေမိတယ်။


ကူးစက်ရောဂါလိုမျိုးပဲ နှုတ်ကြမ်းကိုယ်ကြမ်း အပြုအမူတွေဟာ မိဘဆီကနေ သားသမီးတွေဆီကို ကူးစက်တတ်ပါတယ်။ ဒါဟာ လုံးဝမှန်ကန်တဲ့ အမှန်တရားပါ။ ကလေးတွေဟာ သူတို့ရဲ့ ပထမဆုံး ဆရာတွေ ဖြစ်တဲ့ မိဘတွေဆီကနေ သင်ယူမှတ်တတ်ကြတယ်လေ။


ငယ်ရွယ်စဥ်မှာ သူတို့ထိတွေရတဲ့ နယ်ပယ်က မိခင်ဖခင်တို့အနားက အစပြုတာပါ။ ကလေးဆိုတာ စက္ကူဖြူလေးလို အစကသန့်စင်ပေမဲ့ ညစ်ထေးကြမ်းကြုတ်တဲ့ စကားလုံးတွေ နားထဲကို အကြိမ်ကြိမ်အခါခါရောက်သွားတဲ့အခါ အလေ့အကျင့်သဘော ဖြစ်သွားတတ်တယ်။


နေ့စဉ် ထပ်ကာထပ်ကာ မိဘတွေဆီကကြားမြင်နေရတဲ့အတွက် နှုတ်ကြမ်းကိုယ်ကြမ်းအပြုအမူတွေဟာ ကလေးအတွက် ပုံမှန်အပြုအမူ ဖြစ်သွားတတ်ရော။


ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူ၊ စကားပြောဆိုနည်းကို ပုံတူကူးခြင်း သဘာဝရှိတယ်။အိမ်မှာ ဒေါသထွက်တိုင်း အရိုက်အပုတ်၊ အဆဲအငေါ့နဲ့ ဖြေရှင်းနေတာကို မြင်ရင် ကလေးကလည်း အဲဒီနည်းကိုပဲ အမှန်တရားလို သဘောထားပြီး အတုယူလာတတ်တယ်။


စိတ်အလိုမကျတဲ့အခါမှာ ဟစ်အော်ဆဲဆိုမှုတွေက

“ဒါဟာ ပြဿနာတွေကို ဖြေရှင်းဖို့ ပုံမှန်နည်းလမ်း” လို့ သူတို့ရဲ့ ဦးနှောက်က မှတ်ယူသွားတတ်တယ်ထင်ပါရဲ့။


“ အမလေး၊မဖြူ …အဲ့ဒါမျိုးရိုးလိုက်တာဟဲ့။ သူတို့အဘွားကလည်း ဘာထူးလဲ။ငါတို့အမေပြောဖူးတာကြားဖူးပ။ငါ့အဖေ့သူငယ်ချင်း ဦးတင်မိုးဆိုတာ အဲ့ခေတ်တုန်းက လူကြီးအဖွဲ့ဝင်လုပ်နေတာ။အရပ်ထဲမှာ ကောင်းသတင်းလည်းရှိပါတယ်အေ။ သူတို့ဦးလေးငယ်အမှုမှာ ဦးတင်မိုးက သက်သေလိုက်ပေးရတာ။ပြစ်မှုထင်ရှားလို့ သူတို့ဦးလေးငယ် ထောင်ကျသွားတာကို ဦးတင်မိုးကြောင့်ဆိုပြီးမကျေနပ်လို့သူတို့အဘွားက ဦးတင်မိုးတို့အိမ်ရှေ့လာပတ်ကြမ်းတာ။ ဟဲ့ …တင်မိုး ၊သေနာကောင်

ထွက်ခဲ့စမ်း။နင်တို့ကဘာလဲ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာလား။ ဒီမှာ ဘိုမကြီးလမ်းလျှောက်နေတယ်။

နင့်ကိုမကျေနပ်ဘူး၊ထွက်ခဲ့စမ်းဆိုပြီး လုံချည်ကွင်းလုံးချွတ်ပြီး အရှေ့ထိပ်နဲ့ အနောက်ထိပ်ပြောပြောပြီးလျှောက်တာတဲ့အေ။ မျက်စိရှက်ဖို့ကောင်းလိုက်တာတဲ့။ ငါ့အမေကြီးတို့က ဦးတင်မိုးတို့နဲ့ ကပ်လျက်အိမ်ဆိုတော့ မြင်နေကြားနေရတာတဲ့။ ဒါကြောင့် ငါ့အမေက ဒေါ်သေးတို့မျိုးရိုးဆို ဝေးဝေးရှောင်ပဲ ။ငါတို့ကိုပြောထားတာ ´´


“အဲ့ဒီ ဦးတင်မိုးတို့က ဘာမှ ပြန်မပြောဘူးလား´´


“ အစတော့ ဦးတင်မိုးမိန်းမက ထွက်ပြီး တားသေးတယ်တဲ့။ဒါပေမဲ့ ဒေါ်သေးက အောက်လုံးတွေသုံးပြီး မိုးမွှန်အောင် ဆဲဆိုနေတော့ ဦးတင်မိုးလည်း သူ့မိန်းမကိုပြန်ခေါ်လိုက်တာတဲ့။မတူတော့ မတုချင်တာနေမှာပေါ့။ဒေါ်သေးလုပ်ရပ်က ဦးတင်မိုး အရှက်မကွဲဘဲ သူပဲ အရှက်ရသွားတာလေ။ ရပ်ကွက်သားချင်းလည်းဖြစ် သူ့သားလူမိုက်ကလည်းထောင်ထဲမှာဆိုတော့ ဒေါ်သေးကို ဦးတင်မိုးတို့ဘက်က ဘာမှမလုပ်ခဲ့ဘူးတဲ့။ရပ်ကွက်ထဲကတော့ ဒီအမေရှိလို့ ဒီသားစရိုက်ရှိတာဆိုပြီးဒေါ်သေးတို့သားအမိပဲ သိက္ခာကျသွားတာ။အခု သူ့မြေးတွေလည်း ရပ်ကွက်ထဲ အော်ကြောလန်တွေပါအေ ´´


ကုန်စိမ်းသည်မလေးနဲ့ သူ့ဘေးက ပန်းသည်ကောင်မလေးတို့ရဲ့စကားသံတွေ ကျမကြားနေရတယ်။


နှုတ်ကြမ်းကိုယ်ကြမ်း ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ကလေးတွေဟာ သူတို့မြင်ခဲ့ ကြားခဲ့ သိခဲ့ရတဲ့အတိုင်း

မိဘက ငယ်ငယ်က ဒီလိုလုပ်ခဲ့ရင်၊သူတို့ရဲ့ကလေးကလည်း ဒီလိုပဲ ပြုမူမိတတ်ကြပါတယ်။


“ငါကြည့်ခဲ့ရတာ ဒါပဲ၊ ငါလည်း ဒီလိုပဲ ပြုမူမယ်” ဆိုတဲ့ စိတ်သဘောထားမျိုးဖြစ်တတ်ပါတယ်။

“ကလေးရဲ့အနာဂတ်ကို ပုံသွင်းပေးနေတဲ့ လက်နဲ့တူတာက မိဘရဲ့အပြုအမူပါပဲ” ဆိုတဲ့အချက်ကို တချို့မိဘတွေ မေ့နေခဲ့တာထင်ပါတယ်။


ရွေးထားတဲ့ ခရမ်းချဥ်သီးလေးတွေကို ချိန်ဖို့ လှမ်းပေးပြီးတော့ ဘာရယ်မဟုတ် ဟိုကလေးတွေသွားတဲ့ဘက် အကြည့်ရောက်သွားတယ်။ဈေးသွားဈေးလာကြားထဲမှာ

ကလေးငယ်ကို တရွတ်ဆွဲခေါ်ပြီး ကလေးခေါင်းပေါ်အဆက်မပြတ်ကျသွားတဲ့ ကလေးမလေးရဲ့လက်ကလေးတွေကို ကျမမြင်လိုက်ရတယ်။


အတုမြင်အတတ်သင်မို့ ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူ၊ စကားပြောဆိုနည်း၊ စရိုက်တွေကို သဘာဝအတိုင်း အတုယူကြပါတယ်။ မိဘက ရိုင်းရင် ကလေးအတွက် ဒါဟာ ပုံမှန်အပြုအမူပဲလို့ မှတ်ယူသွားတတ်ပါတယ်။


ကလေးတွေရဲ့ စရိုက်ဖွံ့ဖြိုးမှုရဲ့ ၉၀% လောက်ဟာ မိသားစုပတ်ဝန်းကျင်ကနေ လွှမ်းမိုးခံရတယ်မဟုတ်လား။မိဘရဲ့ ရိုင်းပျတဲ့အပြုအမူတွေကို ကလေးက ပုံတူကူးပြီး လောကကြီးကို တုန့်ပြန်နည်းအဖြစ် အသုံးချတတ်ရော။


မိဘကိုယ်တိုင်က ယဉ်ကျေးဖို့၊ နူးညံ့ဖို့ အရေးမကြီးဘူးထင်ရင် ကလေးကိုလည်း သင်ကြားပေးဖို့ မေ့လျော့နေတတ်ပါတယ်။ဒါပေမယ့် မိဘရိုင်းတိုင်း သားသမီးပါရိုင်းမယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ တစ်ခါတစ်ရံ ကလေးတွေဟာ မိဘရဲ့ ဆိုးဝါးတဲ့အပြုအမူတွေကို မနှစ်သက်ဘဲ ဆန့်ကျင်ဘက်ဖြစ်အောင် ကြိုးစားတတ်ကြတာလည်း ရှိတာကိုး။


black sheepဆိုတာ မိသားစုအတွင်းမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ် စံနှုန်းမတူတဲ့လမ်းမှာရှိတဲ့ အနုတ်သဘောဆောင်တဲ့အသုံးနဲ့သုံးဖြစ်ခဲ့တဲ့စကားလုံးပါပဲ။ဒါပေမဲ့ ဒီအချိန်မှာ ကျမတွေးဖြစ်ခဲ့တာ အဲ့လို Black sheep ဆိုတဲ့ စုန်းပြူးလေးတွေမျိုး ဒီလိုရိုင်းတဲ့ မိဘအရိပ်အောက်က ထွက်လာကြရင် သိပ်ကောင်းမှာပါပဲ။

Popular posts from this blog

မယားပါသမီးနှင့် မှားမိသော အမှား

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည