သူ့မှာတမ်း(စ/ဆုံး)
————–
ညနေကျောင်းဆင်းချိန်ဖြစ်သည်။
ကျွန်တော်က ကျောင်းဝင်းအတွင်း စိုက်ခင်းတွင် ပေါင်းမြက်တွေကို နုတ်နေစဉ်
“ဆရာကြီး” ဟု ခေါ်သံကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။
“ကြည်မာ … ဘာလဲကွယ်”
“အဖေ ခေါ်ခိုင်းလိုက်လို့”
“ဟုတ်လား … သမီးအဖေ ဘာဖြစ်လို့လဲ”
ကြည်မာမျက်နှာမကောင်း၊ မျက်ရည်တွေဝဲနေသည်။ ကြည်မာသည် ကျွန်တော့် တပည့်ဟောင်းတစ်ယောက် ဖြစ်သည်။ တပည့်ဟောင်းဟု ပြောရခြင်းမှာ ဤရွာမှ ကလေးတွေသည် လေးတန်းအောင်လျှင် ကျောင်းဆက် တက်နိုင်ခြင်းမရှိကြ။ ကြည်မာ လေးတန်းအောင်ပြီး ကျောင်းထွက်သွားသည်ပင် သုံးနှစ်ကျော်ကျော်လောက် ဖြစ်ရော့မည်။ ယခုတော့ အပျိုပေါက်လေး ဖြစ်နေပြီ။
“အဖေ နေမကောင်းဘူး။ မနက်ကတည်းက ဆရာကြီးကိုပဲ ခေါ်ခိုင်းနေတော့တာ။ သမီးက ဆရာကြီး ကျောင်းမှာ စာသင်နေတယ် မအားဘူးလို့ မနည်းပြောထားရတယ်”
“အေး … အေး … ဆရာ ခုပဲလိုက်ခဲ့မယ်။ သမီးသွားနှင့်”
ကျွန်တော်က ရေမိုးချိုး အဝတ်အစားလဲပြီးမှ ရွာထဲဘက်ကို ထွက်ခဲ့သည်။
ကြည်မာ့အဖေက ဦးဘိုးအောင်ဖြစ်သည်။ ဦးဘိုးအောင်သည် ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ကြောင်း သိရသည်။ မြို့စာသင်တိုက်တွင် စာဝါသွားတက်နေသော စာတတ်ပေတတ်တစ်ဦးဖြစ်ကာ ရွာတွင် ကျောင်းထိုင်အဆင့်အထိ မှန်းထားကြသော်လည်း ရဟန်းစာအဆင့်တစ်ခုကို အောင်ပြီးသည့်အခါတွင် လူထွက်သွားသည်။ အဘယ်ကြောင့် လူထွက်သွားသည်ကို မသိရသော်လည်း ရွာကိုပြန်လာပြီး မိဘတွေကို လုပ်ကျွေးနေသေးသည်။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားချိန်မှ ဒေါ်မြိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့သည်။
ရိုးသား ကြိုးစားသူဖြစ်ပြီး စည်းကမ်းနှင့် စနစ်တကျနေထိုင်တတ်သူဖြစ်သည်။ ရွာတွင် ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ထားပြီး လယ်တွေ ကိုင်းတွေနှင့် လူချမ်းသာစာရင်းဝင်တစ်ဦးဟု ဆိုနိုင်သည်။ သားသမီး သုံးယောက်ကို ဥမကွဲ သိုက်မပျက် အိမ်ထောင်စုတစ်ခုတည်းတွင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သမီးကြီး မစိန်ဥသည် အိမ်ထောင်ကျသွားပြီဆိုသော်လည်း အိမ်တွင်ပင် အတူနေကြပြီး လယ်တွေကိုင်းတွေကို သမက်ဖြစ်သူနှင့် လွှဲထားသည်။ သားလတ်မှာ သူ့ဈေးဆိုင်တွင် ဦးစီးနေသူဖြစ်သည်။
ဦးဘိုးအောင်သည် အတော်လေးဆက်ဆံရခက်ခဲသော လူ့ဂွစာကြီးဟု ဆိုနိုင်သော်လည်း ကျွန်တော်နှင့်တော့ အဆင်ပြေသည်။ သူက ကျောင်းအပေါ်တွင် အတော်လေး သံယောဇဉ်ရှိသည်။ ကျောင်း၏ လိုအပ်ချက်မှန်သမျှ သူ့ကိုသွားပြောလျှင် ဖြည့်ဆည်းပေးသည်ကများသည်။ ကျွန်တော့်ထံသို့လည်းလာပြီး စကားပြောဆိုတတ် သည်။
ကျွန်တော် ဦးဘိုးအောင်အိမ်ကိုရောက်သည့်အခါ သူ့သားက ဆီးကြိုပြီး
“ဆရာကြီးကိုပဲ အဖေက မေးနေတော့တာ” ဟု ပြောကာ သူ့အဖေ လှဲနေသည့် အိမ်အပေါ်ထပ် ဘုရားခန်း ရှေ့ကို ခေါ်သွားသည်။
ဦးဘိုးအောင်ကား အိပ်ရာထဲတွင် လဲနေသည်။ လူကလည်း အတော်လေး ပိန်သွားသည်။ အသက် ၇၀ ကျော်လေးရှိ သေးသော်လည်း အရွယ်နှင့်ရုပ်နှင့်မလိုက်အောင် ကျလွန်းသည်ဟု ဆိုနိုင်သည်။
ကျွန်တော်က အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်ပြီး
“ဦးဘိုးအောင်” ဟု ခေါ်လိုက်သည်။
သူက မျက်စိဖွင့်ကြည့်သည်။
“ဆရာ” သူက ကျွန်တော့်ကို တစ်လုံးတည်းခေါ်ကာ ငေးကြည့်နေသည်။
“ဘာပြောချင်လို့လဲ ခင်ဗျာ”
“ကျွန်တော့်ကို တစ်ခု ကူညီပါ”
“ဟုတ်ကဲ့ ဘာကူညီရမလဲပြောပါ”
“ကျွန်တော်သေရင် ….”
သူက စကားကို မဆက်ဘဲ ရပ်ထားလိုက်သဖြင့် ကျွန်တော်က
“ဦးလေး မသေနိုင်ပါဘူး … ဘာတွေ လျှောက်ပြောနေတာလဲ”
“ဆရာ”
“ဟုတ်ကဲ့”
“ကျွန်တော်သေရင် …”
ဦးဘိုးအောင်က ကျွန်တော့်ကို တိုးတိုးလေး ပြောနေသည်။ သူ့သားဖြစ်သူက ကျွန်တော့်နောက်တွင် ထိုင်နေသည်။
“ဦးလေး … ခဏလောက်နေပါဦး … ဒီစကားတွေကို သားသမီးတွေ အားလုံး ကြားသင့်တယ် ထင်လို့ပါ။ ခဏ နားလိုက်ဦးနော်”
ကျွန်တော်က သူ့သားကိုတိုးတိုးလေး ပြောလိုက်သည်။
“မောင်နိုင် မင်းအစ်မ၊ ယောက်ဖနဲ့ ညီမလေးကို သွားခေါ်ခဲ့ပါကွယ်” ဟု ပြောလိုက်သည်။
ခဏအကြာတွင် အားလုံးရောက်လာကြသည်။
“ဦးလေး … ဦးလေးပြောချင်တဲ့ စကားတွေကို အားလုံးသော သားသမီးတွေရှေ့မှာ ပြောပါခင်ဗျာ” ဟု ကျွန်တော်က ပြောလိုက်သည်။
ဦးဘိုးအောင်က သူ့ကို ထူပေးရန်ပြောသဖြင့် ကျွန်တော်နှင့် သူ့သားက ခေါင်းအုံးတွေကို နောက်ကခုပြီး ထိုင်လျက်အနေအထားကို လုပ်ပေးလိုက်သည်။
“အားလုံးကို ပြောမယ် … နားထောင် … ဆရာကြီးကို သက်သေထားပြီး အဖေပြောမယ်”
“အဖေသေရင် နေ့ချင်း အသုဘချပါ။ အဖေ့အလောင်းနောက်ကနေ လူတွေ မလိုက်ပါစေနဲ့။ သားတွေ သမီးတွေ လောက်ပဲ လိုက်ပါ။ တက်မတတ် ချက်မတတ် မငိုကြပါနဲ့။ မဖေမကြိုက်ဘူး။ သေတဲ့သူက သေသွားပြီး သားတို့ သမီးတို့ငိုနေလို့ အဖေပြန်ရှင်လာမှာ မဟုတ်ဘူး။ အဖေ့အခေါင်းကြီးတွေ ကောင်းကောင်း မလိုဘူး။ သေရင် မြေကြီးထဲရောက်သွားမှာ ဘာအခေါင်းနဲ့သွားသွား အတူတူပဲ။ အုတ်ဂူကြီးတွေလည်း မလုပ်နဲ့”
ဦးဘိုးအောင်က မောသဖြင့် ခေတ္တနားလိုက်သည်။
“အဖေ့ကို သင်္ချိုင်းကနေ လိပ်ပြာပြန်ခေါ်တာတွေ ဘာတွေ မလုပ်နဲ့။ အဖေ ပြန်မလာဘူး။ ပြန်လာနိုင်မှာလည်း မဟုတ်ဘူး။ အဖေသေကတည်းက အဖေ့လမ်းအဖေသွားပါရစေ။ ဘုန်းကြီးတွေပင့်၊ တရားတွေနာ၊ ပရိတ်တွေရွတ်၊ လူတွေကို ဝက်တွေပေါ်ပြီး ခုနစ်ရက် ခုနစ်လီ ကျွေးတာတွေ မလုပ်နဲ့။ ပိုက်ဆံကုန်တယ်။ အဖေဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး။ ဘယ်သူ့ဆီကမှလည်း ကူငွေတွေဘာတွေ လက်မခံနဲ့”
သူက ခေတ္တနားလိုက်ပြန်သည်။
“အဖေသေရင် မင်းတို့ မောင်နှမသုံးယောက် ဘယ်လိုတွေ ခံစားခွင့်ရှိတယ်ဆိုတာ ခွဲပေးပြီးသား။ အမွေလုစရာ မလိုအောင် အဖေစီမံခဲ့တဲ့အတိုင်း လိုက်နာကြ”
“အဖေ့ဖျာအောက်မှာ အဖေ့ခေါင်းဖိုးအတွက် ပျဉ်ဝယ်ရမယ့်ငွေကို သတ်သတ်ဖယ်ထားတယ်။ ပိုတဲ့ငွေတွေကို စာသင်ကျောင်းမှာ လှူလိုက်”
“အဖေမှာတာကို တိတိကျကျလိုက်နာ။ ဆရာ့ကို သက်သေထားပြီး မှာခဲ့မယ်။ ငွေကုန်လူပန်း၊ ကျန်ခဲ့သူတွေ အကျိုးမရှိ၊ ဝန်ပိတဲ့ အသုဘကြီးဖြစ်အောင် မလုပ်ကြနဲ့။ အဖေမကြိုက်ဘူး”
ကျွန်တော် ဘာပြောရမှန်း မသိနိုင်လောက်အောင် ဖြစ်သွားမိပါသည်။
ဦးဘိုးအောင်သည် သူ့နောက်ဆုံးအချိန်အတွက် သူကိုယ်တိုင်စနစ်တကျနှင့် စီမံခဲ့သည်။
နောက် သုံးရက်အကြာတွင် ဦးဘိုးအောင် ကွယ်လွန်သွားပါသည်။
မနက် ၁ နာရီခွဲတွင် ကွယ်လွန်သည်ဖြစ်ရာ ထိုနေ့ နေ့လယ် ၁၂ နာရီတွင် အသုဘချသည်။
ရွာထဲက လူတွေက အသုဘပို့ရန် လာကြသည်။
သို့သော် သူ့သားနှင့် သမက်က ဦးဘိုးအောင်အခေါင်းကို လှည်းပေါ်တင်ပြီး သင်္ချိုင်းကို မောင်းချသွားသည်။ လူတွေက ရွာထဲက သင်္ချိုင်းကို အပြေးအလွှားလိုက်ကြရသည်။
သင်္ချိုင်းတွင် စောင့်နေသော သမီးတွေနှင့် မြေးတွေက သူတို့ကျေးဇူးရှင်အလောင်းကို နောက်ဆုံး ကန်တော့ကြ သည်။ မြေမြှုပ်သင်္ဂြိုဟ်ပြီးလျှင် အေးဆေးစွာပင် လှည်းနှင့်ပြန်ကြသည်။ တစ်ယောက်မျှ ငိုခြင်းမရှိ ကြသော်လည်း မျက်ရည်တွေ ခိုးသုတ်နေကြသည်။
ရက်လည်သောအခါတွင်လည်း အကျွေးအမွေးမလုပ်၊ ကူငွေလက်မခံ။ ကျောင်းက ကလေးတွေကို ကြက်သား ဆန်ပြုတ်လာတိုက်ကြသည်။ ထို့နောက် ကျောင်းကို ငွေ ၂၀၀ ကျပ်လှူသွားသည်။
ကျွန်တော်က ထိုငွေနှင့် လိုအပ်နေသော ကျောက်သင်ပုန်းကြီးတစ်ချပ်ကို လုပ်လိုက်သည်။
အလှူရှင်အမည်ကို ကျောက်သင်ပုန်းဘောင်တွင် ရေးမည်ဟု စိတ်ကူးမိသေးသော်လည်း ဦးဘိုးအောင် ကြိုက်မည် မထင်သောကြောင့် မရေးတော့။
ကျွန်တော့်ဘဝတွင်တော့ တောနေသော်လည်း သူ့တရားနှင့်သူ၊ စနစ်တကျ စီမံတတ်လွန်းသော ဦးဘိုးအောင်ကို မမေ့နိုင်အောင် ဖြစ်မိသည်။
တင်ညွန့်
၂၇.၂.၂၀၂၄