သူ့မှာတမ်း

 ‎သူ့မှာတမ်း(စ/ဆုံး)


‎————–

‎ညနေကျောင်းဆင်းချိန်ဖြစ်သည်။

‎ကျွန်တော်က ကျောင်းဝင်းအတွင်း စိုက်ခင်းတွင် ပေါင်းမြက်တွေကို နုတ်နေစဉ်

‎“ဆရာကြီး” ဟု ခေါ်သံကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။

‎“ကြည်မာ … ဘာလဲကွယ်”

‎“အဖေ ခေါ်ခိုင်းလိုက်လို့”

‎“ဟုတ်လား … သမီးအဖေ ဘာဖြစ်လို့လဲ”

‎ကြည်မာမျက်နှာမကောင်း၊ မျက်ရည်တွေဝဲနေသည်။ ကြည်မာသည် ကျွန်တော့် တပည့်ဟောင်းတစ်ယောက် ဖြစ်သည်။ တပည့်ဟောင်းဟု ပြောရခြင်းမှာ ဤရွာမှ ကလေးတွေသည် လေးတန်းအောင်လျှင် ကျောင်းဆက် တက်နိုင်ခြင်းမရှိကြ။ ကြည်မာ လေးတန်းအောင်ပြီး ကျောင်းထွက်သွားသည်ပင် သုံးနှစ်ကျော်ကျော်လောက် ဖြစ်ရော့မည်။ ယခုတော့ အပျိုပေါက်လေး ဖြစ်နေပြီ။

‎“အဖေ နေမကောင်းဘူး။ မနက်ကတည်းက ဆရာကြီးကိုပဲ ခေါ်ခိုင်းနေတော့တာ။ သမီးက ဆရာကြီး ကျောင်းမှာ စာသင်နေတယ် မအားဘူးလို့ မနည်းပြောထားရတယ်”

‎“အေး … အေး … ဆရာ ခုပဲလိုက်ခဲ့မယ်။ သမီးသွားနှင့်”

‎ကျွန်တော်က ရေမိုးချိုး အဝတ်အစားလဲပြီးမှ ရွာထဲဘက်ကို ထွက်ခဲ့သည်။

‎ကြည်မာ့အဖေက ဦးဘိုးအောင်ဖြစ်သည်။ ဦးဘိုးအောင်သည် ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ကြောင်း သိရသည်။ မြို့စာသင်တိုက်တွင် စာဝါသွားတက်နေသော စာတတ်ပေတတ်တစ်ဦးဖြစ်ကာ ရွာတွင် ကျောင်းထိုင်အဆင့်အထိ မှန်းထားကြသော်လည်း ရဟန်းစာအဆင့်တစ်ခုကို အောင်ပြီးသည့်အခါတွင် လူထွက်သွားသည်။ အဘယ်ကြောင့် လူထွက်သွားသည်ကို မသိရသော်လည်း ရွာကိုပြန်လာပြီး မိဘတွေကို လုပ်ကျွေးနေသေးသည်။ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားချိန်မှ ဒေါ်မြိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့သည်။

‎ရိုးသား ကြိုးစားသူဖြစ်ပြီး စည်းကမ်းနှင့် စနစ်တကျနေထိုင်တတ်သူဖြစ်သည်။ ရွာတွင် ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ထားပြီး လယ်တွေ ကိုင်းတွေနှင့် လူချမ်းသာစာရင်းဝင်တစ်ဦးဟု ဆိုနိုင်သည်။ သားသမီး သုံးယောက်ကို ဥမကွဲ သိုက်မပျက် အိမ်ထောင်စုတစ်ခုတည်းတွင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သမီးကြီး မစိန်ဥသည် အိမ်ထောင်ကျသွားပြီဆိုသော်လည်း အိမ်တွင်ပင် အတူနေကြပြီး လယ်တွေကိုင်းတွေကို သမက်ဖြစ်သူနှင့် လွှဲထားသည်။ သားလတ်မှာ သူ့ဈေးဆိုင်တွင် ဦးစီးနေသူဖြစ်သည်။

‎ဦးဘိုးအောင်သည် အတော်လေးဆက်ဆံရခက်ခဲသော လူ့ဂွစာကြီးဟု ဆိုနိုင်သော်လည်း ကျွန်တော်နှင့်တော့ အဆင်ပြေသည်။ သူက ကျောင်းအပေါ်တွင် အတော်လေး သံယောဇဉ်ရှိသည်။ ကျောင်း၏ လိုအပ်ချက်မှန်သမျှ သူ့ကိုသွားပြောလျှင် ဖြည့်ဆည်းပေးသည်ကများသည်။ ကျွန်တော့်ထံသို့လည်းလာပြီး စကားပြောဆိုတတ် သည်။

‎ကျွန်တော် ဦးဘိုးအောင်အိမ်ကိုရောက်သည့်အခါ သူ့သားက ဆီးကြိုပြီး

‎“ဆရာကြီးကိုပဲ အဖေက မေးနေတော့တာ” ဟု ပြောကာ သူ့အဖေ လှဲနေသည့် အိမ်အပေါ်ထပ် ဘုရားခန်း ရှေ့ကို ခေါ်သွားသည်။

‎ဦးဘိုးအောင်ကား အိပ်ရာထဲတွင် လဲနေသည်။ လူကလည်း အတော်လေး ပိန်သွားသည်။ အသက် ၇၀ ကျော်လေးရှိ သေးသော်လည်း အရွယ်နှင့်ရုပ်နှင့်မလိုက်အောင် ကျလွန်းသည်ဟု ဆိုနိုင်သည်။

‎ကျွန်တော်က အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်ပြီး

‎“ဦးဘိုးအောင်” ဟု ခေါ်လိုက်သည်။

‎သူက မျက်စိဖွင့်ကြည့်သည်။

‎“ဆရာ” သူက ကျွန်တော့်ကို တစ်လုံးတည်းခေါ်ကာ ငေးကြည့်နေသည်။

‎“ဘာပြောချင်လို့လဲ ခင်ဗျာ”

‎“ကျွန်တော့်ကို တစ်ခု ကူညီပါ”

‎“ဟုတ်ကဲ့ ဘာကူညီရမလဲပြောပါ”

‎“ကျွန်တော်သေရင် ….”

‎သူက စကားကို မဆက်ဘဲ ရပ်ထားလိုက်သဖြင့် ကျွန်တော်က

‎“ဦးလေး မသေနိုင်ပါဘူး … ဘာတွေ လျှောက်ပြောနေတာလဲ”

‎“ဆရာ”

‎“ဟုတ်ကဲ့”

‎“ကျွန်တော်သေရင် …”

‎ဦးဘိုးအောင်က ကျွန်တော့်ကို တိုးတိုးလေး ပြောနေသည်။ သူ့သားဖြစ်သူက ကျွန်တော့်နောက်တွင် ထိုင်နေသည်။

‎“ဦးလေး … ခဏလောက်နေပါဦး … ဒီစကားတွေကို သားသမီးတွေ အားလုံး ကြားသင့်တယ် ထင်လို့ပါ။ ခဏ နားလိုက်ဦးနော်”

‎ကျွန်တော်က သူ့သားကိုတိုးတိုးလေး ပြောလိုက်သည်။

‎“မောင်နိုင် မင်းအစ်မ၊ ယောက်ဖနဲ့ ညီမလေးကို သွားခေါ်ခဲ့ပါကွယ်” ဟု ပြောလိုက်သည်။

‎ခဏအကြာတွင် အားလုံးရောက်လာကြသည်။

‎“ဦးလေး … ဦးလေးပြောချင်တဲ့ စကားတွေကို အားလုံးသော သားသမီးတွေရှေ့မှာ ပြောပါခင်ဗျာ” ဟု ကျွန်တော်က ပြောလိုက်သည်။

‎ဦးဘိုးအောင်က သူ့ကို ထူပေးရန်ပြောသဖြင့် ကျွန်တော်နှင့် သူ့သားက ခေါင်းအုံးတွေကို နောက်ကခုပြီး ထိုင်လျက်အနေအထားကို လုပ်ပေးလိုက်သည်။

‎“အားလုံးကို ပြောမယ် … နားထောင် … ဆရာကြီးကို သက်သေထားပြီး အဖေပြောမယ်”

‎“အဖေသေရင် နေ့ချင်း အသုဘချပါ။ အဖေ့အလောင်းနောက်ကနေ လူတွေ မလိုက်ပါစေနဲ့။ သားတွေ သမီးတွေ လောက်ပဲ လိုက်ပါ။ တက်မတတ် ချက်မတတ် မငိုကြပါနဲ့။ မဖေမကြိုက်ဘူး။ သေတဲ့သူက သေသွားပြီး သားတို့ သမီးတို့ငိုနေလို့ အဖေပြန်ရှင်လာမှာ မဟုတ်ဘူး။ အဖေ့အခေါင်းကြီးတွေ ကောင်းကောင်း မလိုဘူး။ သေရင် မြေကြီးထဲရောက်သွားမှာ ဘာအခေါင်းနဲ့သွားသွား အတူတူပဲ။ အုတ်ဂူကြီးတွေလည်း မလုပ်နဲ့”

‎ဦးဘိုးအောင်က မောသဖြင့် ခေတ္တနားလိုက်သည်။

‎“အဖေ့ကို သင်္ချိုင်းကနေ လိပ်ပြာပြန်ခေါ်တာတွေ ဘာတွေ မလုပ်နဲ့။ အဖေ ပြန်မလာဘူး။ ပြန်လာနိုင်မှာလည်း မဟုတ်ဘူး။ အဖေသေကတည်းက အဖေ့လမ်းအဖေသွားပါရစေ။ ဘုန်းကြီးတွေပင့်၊ တရားတွေနာ၊ ပရိတ်တွေရွတ်၊ လူတွေကို ဝက်တွေပေါ်ပြီး ခုနစ်ရက် ခုနစ်လီ ကျွေးတာတွေ မလုပ်နဲ့။ ပိုက်ဆံကုန်တယ်။ အဖေဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး။ ဘယ်သူ့ဆီကမှလည်း ကူငွေတွေဘာတွေ လက်မခံနဲ့”

‎သူက ခေတ္တနားလိုက်ပြန်သည်။

‎“အဖေသေရင် မင်းတို့ မောင်နှမသုံးယောက် ဘယ်လိုတွေ ခံစားခွင့်ရှိတယ်ဆိုတာ ခွဲပေးပြီးသား။ အမွေလုစရာ မလိုအောင် အဖေစီမံခဲ့တဲ့အတိုင်း လိုက်နာကြ”

‎“အဖေ့ဖျာအောက်မှာ အဖေ့ခေါင်းဖိုးအတွက် ပျဉ်ဝယ်ရမယ့်ငွေကို သတ်သတ်ဖယ်ထားတယ်။ ပိုတဲ့ငွေတွေကို စာသင်ကျောင်းမှာ လှူလိုက်”

‎“အဖေမှာတာကို တိတိကျကျလိုက်နာ။ ဆရာ့ကို သက်သေထားပြီး မှာခဲ့မယ်။ ငွေကုန်လူပန်း၊ ကျန်ခဲ့သူတွေ အကျိုးမရှိ၊ ဝန်ပိတဲ့ အသုဘကြီးဖြစ်အောင် မလုပ်ကြနဲ့။ အဖေမကြိုက်ဘူး”

‎ကျွန်တော် ဘာပြောရမှန်း မသိနိုင်လောက်အောင် ဖြစ်သွားမိပါသည်။

‎ဦးဘိုးအောင်သည် သူ့နောက်ဆုံးအချိန်အတွက် သူကိုယ်တိုင်စနစ်တကျနှင့် စီမံခဲ့သည်။

‎နောက် သုံးရက်အကြာတွင် ဦးဘိုးအောင် ကွယ်လွန်သွားပါသည်။

‎မနက် ၁ နာရီခွဲတွင် ကွယ်လွန်သည်ဖြစ်ရာ ထိုနေ့ နေ့လယ် ၁၂ နာရီတွင် အသုဘချသည်။

‎ရွာထဲက လူတွေက အသုဘပို့ရန် လာကြသည်။

‎သို့သော် သူ့သားနှင့် သမက်က ဦးဘိုးအောင်အခေါင်းကို လှည်းပေါ်တင်ပြီး သင်္ချိုင်းကို မောင်းချသွားသည်။ လူတွေက ရွာထဲက သင်္ချိုင်းကို အပြေးအလွှားလိုက်ကြရသည်။

‎သင်္ချိုင်းတွင် စောင့်နေသော သမီးတွေနှင့် မြေးတွေက သူတို့ကျေးဇူးရှင်အလောင်းကို နောက်ဆုံး ကန်တော့ကြ သည်။ မြေမြှုပ်သင်္ဂြိုဟ်ပြီးလျှင် အေးဆေးစွာပင် လှည်းနှင့်ပြန်ကြသည်။ တစ်ယောက်မျှ ငိုခြင်းမရှိ ကြသော်လည်း မျက်ရည်တွေ ခိုးသုတ်နေကြသည်။

‎ရက်လည်သောအခါတွင်လည်း အကျွေးအမွေးမလုပ်၊ ကူငွေလက်မခံ။ ကျောင်းက ကလေးတွေကို ကြက်သား ဆန်ပြုတ်လာတိုက်ကြသည်။ ထို့နောက် ကျောင်းကို ငွေ ၂၀၀ ကျပ်လှူသွားသည်။

‎ကျွန်တော်က ထိုငွေနှင့် လိုအပ်နေသော ကျောက်သင်ပုန်းကြီးတစ်ချပ်ကို လုပ်လိုက်သည်။

‎အလှူရှင်အမည်ကို ကျောက်သင်ပုန်းဘောင်တွင် ရေးမည်ဟု စိတ်ကူးမိသေးသော်လည်း ဦးဘိုးအောင် ကြိုက်မည် မထင်သောကြောင့် မရေးတော့။

‎ကျွန်တော့်ဘဝတွင်တော့ တောနေသော်လည်း သူ့တရားနှင့်သူ၊ စနစ်တကျ စီမံတတ်လွန်းသော ဦးဘိုးအောင်ကို မမေ့နိုင်အောင် ဖြစ်မိသည်။

‎တင်ညွန့်

‎၂၇.၂.၂၀၂၄