မိန်းမတွက်(စ/ဆုံး)

 မိန်းမတွက်(စ/ဆုံး)

———-

အငြိမ်းစား ကျောင်းဆရာ ဦးမြသွင်သည် တစ်နေ့တွင် သူ့ဇနီးဖြစ်သူနှင့် တိုင်ပင်လေ၏။


“ခင်ခင်ရေ … ရွာက အမေ့ဆီကို ပြန်လည်ကြရအောင်ကွယ်။ သားနဲ့ သမီးလည်း အလုပ်ပိတ်ရက်လေးနဲ့ တိုက်ဆိုင်နေတာပဲ။ ဟိုကို နှစ်ညအိပ် သုံးရက်ခရီးလောက်ပေါ့”


“အို ကိုသွင်ရယ် … ဒီအချိန်မှာ ခရီးထွက်ရင် ကုန်ကျစရိတ်ကို ရှင်တွက်မိရဲ့လား။ ကျွန်မတို့ လေးယောက် သွားရမယ့် ကားခ၊ စားစရိတ်တွေပေါင်းလိုက်ရင် တစ်လစာလောက် ကောင်းကောင်း ထိုင်စားလို့ရတယ်”


“ဒီလိုလည်း မဟုတ်ဘူးလေကွယ်။ ရွာကို မရောက်တာလည်း ကြာပြီ။ အမေက သူ့မြေးတွေနဲ့လည်း တွေ့ချင်မှာ ပေါ့။ ပြီးတော့လည်း ဒီနှစ် ရွာမှာ ဆရာကန်တော့ပွဲရှိတယ်တဲ့။ တပည့်ဟောင်းတွေက လှမ်းဖိတ်တယ်။ ငါ့ကို ဆက်ဆက်လာခဲ့ပါတဲ့။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ ဆရာကန်တော့ပွဲ လည်းတက်ရင်း၊ အမေ့ကိုလည်း ကန်တော့ရင်းပေါ့”


“ကိုသွင် ရှင့်အမေကို ဒီကိုအလည်လာဖို့ ခေါ်လိုက်တော့ ဘာဖြစ်မှာ မို့လို့လဲ။ ဒီမှာ တစ်ပတ်လောက် နေပေါ့။ သူတစ်ယောက်တည်းလာရင် စရိတ်က ပိုပြီး မသက်သာဘူးလား”


“ဒီလို မဟုတ်ဘူးလေ။ အမေက ငါတို့ဆီကိုပဲ လာနေရတာ။ ဒီနှစ်တော့အမေက မလာနိုင်ဘူးတဲ့။ သိပ်နေမကောင်းလို့တဲ့။ ပြီးတော့ ဆရာကန်တော့ပွဲကိစ္စကလည်း ရှိသေးတယ်”


“အလိုရှင် … မဖြစ်လောက်လေးရမယ့် ကန်တော့ကြေးကိုမက်ပြီးတော့ မသွားနိုင်ပါဘူး”


“ဟာကွာ မင်းက စကားကို ကတ်ပြောနေတော့တာပဲ။ ငါ အဲဒီရွာကျောင်းက ထွက်လာပြီးကတည်းက ပြန်မရောက်တာ နှစ်ပေါင်း ၂၀ လောက်ရှိနေပြီ။ တပည့်တွေကိုလည်း သတိရတယ်။ ဒီနှစ်တော့ ပြန်မှ ဖြစ်မယ်”


“ပြန် … ပြန် … ရှင့် တစ်ယောက်တည်းပြန်။ ကျွန်မတို့တော့ မလိုက်နိုင်ဘူး”


အိမ်ခန်းထဲတွင် နားစွင့်နေကြသော သားနှင့်သမီးက ထွက်လာပြီး


“မေမေ … မေမေ မလိုက်ချင်နေ … သမီးတို့ ဖေဖေနဲ့ လိုက်သွားမယ်။ အမေကြီးကို မတွေ့တာလည်း ကြာနေပြီ။ ဒီအလုပ်ပိတ်ရက် ခရီးထွက်ချင်နေတာ အတော်ပဲ”


“ဟေ့ တစ်ခါတည်း ပြောလိုက်မယ် … လိုက်ချင်တဲ့သူလိုက်။ ငါကတော့ ပိုက်ဆံ တစ်ပြားမှ ထုတ်မပေးနိုင် ဘူးနော်။ အိမ်စရိတ်ကို တစ်ပြားမှ အထိမခံနိုင်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားကြ”


“ခင်ခင်ရာ … အဲဒီလို ကတ်သီးကတ်သတ်တွေ မပြောနေပါနဲ့။ မိသားစု စုံစုံလင်လင်သွားကြရအောင်ပါ။ ဒီခရီးအတွက် ကုန်ကျငွေကို မင်းအိမ်စရိတ်ထဲက တစ်ပြားမှ ထုတ်မသုံးပါဘူး။ ဒီမှာ သားငယ်က ပေးထားတဲ သူ့အလုပ်ကနှစ်သစ်ကူးဆုကြေးရှိတယ်။ အဲဒါနဲ့ သွားမှာ”


“ကြည့်စမ်း … အလုပ်ကရတဲ့ ပိုက်ဆံကို ငါ့ကို မအပ်ဘဲ နင့်အဖေကို ဘာဖြစ်လို့ သွားပေးတာလဲဟဲ့ကောင်လေး”


“မေမေ … မေမေ့ကို သားလစာအကုန်အပ်တယ်နော်။ ဒီနှစ်သစ်ကူး ဆုကြေးကတော့ ဖေဖေ့အတွက် ကြိုက်တာလုပ်ဆိုပြီး ရည်စူးကန်တော့တာ။ ဖေဖေ့သဘော”


“ကဲပါ မေမေရယ် … မေမေ ပိုက်ဆံ တစ်ပြားမှ မထုတ်နဲ့ … ဟုတ်ပြီလား။ သမီးတို့ အားလုံး အကုန်ခံမယ်။ ကျေနပ်ပြီလား။ သမီးတို့အားလုံးသွားရင် မေမေတစ်ယောက်တည်းလည်း ကျန်ခဲ့လို့ ဖြစ်မှာမှ မဟုတ်တာ”


ဤသို့ဖြင့် မိသားစုလေးယောက်သည် ကိုမြသွင်၏ ဇာတိရွာလေးကို ရောက်လာခဲ့ကြတော့သည်။


ရွာမှ နှစ်ပေါင်း ၂၀ ကျော်ထွက်ခဲ့သည့်တိုင် ဆရာ ကိုမြသွင်ကို သူ့တပည့်များက လေးစားချစ်ခင်မှု မပျက်။ နေ့တိုင်း သူတို့တည်းခိုသည့် အိမ်ကိုလာပြီး ကန်တော့လိုက်ကြသည်မှာ ပွဲတော်အလား ဖြစ်နေတော့သည်။


ကိုမြသွင်ကလည်း မြို့က ဝယ်လာသည့် အမေ့အတွက် ထဘီ၊ ပန်ကာနှင့် စားစရာများကို မိသားစု စုံလင်စွာ ကန်တော့ကြသည်။ မိခင်ကြီးကလည်း မျက်ရည်တွေကျပြီး ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်သည်။


“သားရယ် … မကြာမကြာလာပါ။ အမေလည်း လွမ်းတာပေါ့။ ငါ့မြေးလေးတွေကို မတွေ့တာတောင် ကြာပြီ။ အမလေး ခုဆို လူပျိုကြီး အပျိုကြီးတွေတောင် ဖြစ်နေပြီ”


“မြေးတို့က လာချင်တာပေါ့ ဖွားဖွားရယ်။ အလုပ်ကတစ်ဖက်မဟုတ်လား။ ခုလည်း အလုပ်ပိတ်ရက်က ရှည်တော့ ဖေဖေနဲ့တိုင်ပင်ပြီတော့ လာရတာ”


“ဘာဖြစ်ဖြစ်ပါ မြေးလေးတို့ရယ် … လာချင်လျှင် အနီးလေး … မလာချင် ခရီးဝေးသတဲ့”


“နောက်ဆိုရင် အမြဲလာနိုင်အောင် ကြိုးစားပါ့မယ်ဖွားဖွား”


မိသားစု တွေ့ဆုံပွဲကား ပျော်စရာကောင်းလှပေတော့သည်။ ရန်ကုန်တွင် စားရခဲသော ငါးရံ့အူဟင်းကို သူတို့ ခေါင်းမဖော်နိုင်အောင်စားကြသည်။ ပန်ကန်ပြား တစ်ချပ်စာမျှ ရှိသော ငါးရံ့ခေါင်းဟင်းကိုလည်း တစ်ယောက် တစ်ခေါင်း စိတ်ကြိုက်စားကြသည်။


ကိုမြသွင်ကတော့ ရွာကျောင်းလေးမှ ဆရာကန်တော့ပွဲကို သွားတက်ပြီး တပည့်တွေက ပေးလိုက်သည့် လက်ဆောင်ပစ္စည်းတွေတစ်ပုံတစ်ပင်နှင့် အိမ်ကို ပြန်ချလာသည်။ တပည့်တွေက လက်ဆောင်တွေကို တောင်းနှင့်ထမ်းပြီး လိုက်ပို့ကြသည်။ ငါးရံ့ခြောက်ပြားကြီးတွေ၊ ပုဇွန်ခြောက်တွေ၊ ငံပြာရည် ပုလင်းတွေ၊ ဆီပုလင်းတွေ အများကြီးနှင့် ကြွားကြွားကြီး အိမ်ပေါ်ကို တက်လာသည့် ကိုမြသွင်ကို သူ့ဇနီးခင်ခင်က ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရသည်။


ရန်ကုန်ကို ပြန်မည့် မနက်ကို ရောက်လာသည်။ ကိုမြသွင်သားဖြစ်သူ ရုံးကပေးလိုက်သည့် ကားပေါ် တက်သည်အထိ တပည့်တွေက လာကန်တော့နေကြသည်။ တောသူတောင်သား၊ အင်းသားတွေဖြစ်ကြရာ မြေပဲ၊ ဆီ၊ ပုဇွန်ခြောက်၊ ငါးခြောက်ပြားများအပြင် ငံပြာရည်တွေလည်း ပါသေးသည်။


“အမေ သားတို့သွားတော့မယ်”


မျက်ရည်တွေ ဝဲနေသော အမေအိုကို အားလုံး နှုတ်ဆက်လိုက်ကြသည်။ အမေအိုက


“သားရေ … ကားနောက်ခန်းထဲမှာ အမေ ငါးပိအိုးတစ်အိုး တင်ပေးလိုက်တယ်။ ဒီက ငါးပိကို မင်းမိန်းမက ကြိုက်လွန်းလို့တဲ့”


“အမေရယ် ရပါတယ်”


“ငါ့မှာ အပေါဆုံးက ငါးပိပဲ။ နင်တို့ မြို့မှာ ဒီလို ငါးပိကောင်းကောင်း စားရဖို့ မလွယ်ဘူး။ ကြုံတုန်း သယ်သွား”


“ဖွားဖွား … မြေးတို့ကတော့ ငါးရံ့အူဟင်းကို မမေ့တော့ဘူး”


“ဟိုမှာ ဖွားဖွား ချိုင့်ထဲထည့်ချက်ပေးလိုက်သေးတယ်။ လမ်းမှာ ဆာရင်စားကြ။ ထမင်းလည်း ထည့်ပေးလိုက် တယ်။ ဆိုင်ထမင်း ဆိုင်ဟင်းတွေ မစားကြနဲ့။ မြေးလေးတို့ နောက်နှစ်လည်း လာဦးနော်”


သူတို့နှုတ်ဆက်ကာ ရန်ကုန်ကို ပြန်လာခဲ့ကြသည်။


ရန်ကုန်အိမ်သို့ ရောက်သောအခါတွင် တိုက်ခန်းပေါ်ကို လက်ဆောင်ရခဲ့သော ပစ္စည်းတွေကို ရွှေ့ကြသည်။


ခင်ခင်တစ်ယောက် စာရင်းစာအုပ်တစ်အုပ်၊ ဘော့ပင်နှင့် အလုပ်ရှုပ်နေပြီ။


“ခင်ခင် ဘာလုပ်နေတာလဲ”


“လက်ဆောင်ရခဲ့တဲ့ဟာတွေကို စာရင်းလုပ်နေတာ”


“ဘာဖြစ်လို့ စာရင်းလုပ်နေရတာလဲကွယ်။ စားဖို့ပေးလိုက်တာတွေပဲ။ သေသေချာချာသိမ်းဆည်းပြီး စားပေါ့”


“ရှင် အေးအေးဆေးဆေး နေစမ်းပါ”


ခင်ခင်တစ်ယောက် ငါးခြောက်တွေကို တစ်ပုံ၊ ပုဇွန်ခြောက်ထုပ်တွေကို တစ်ပုံ၊ ဆီပုလင်းနှင့် ငံပြာရည် ပုလင်း တွေကို တစ်တန်း အားလုံးနေရာချကာ တွက်ချက်နေသည်။


“ကိုမြသွင်”


“ဘာလဲ”


“နောက်နှစ်လည်း ရှင့်အမေဆီကို ဒီလိုပဲ သွားကြရအောင်နော်”


“အိုကွာ … စရိတ်ကုန်ပါတယ်။ အမေ့ကိုလည်း ပြောခဲ့ပြီးပြီး နောက်နှစ်တော့ အမေပဲ လာတော့လို့။ ဟိုမှာ အလုပ်တွေ အားလုံးကို ညီမလေးနဲ့ လွှဲခဲ့လို့”


“အို ဘယ်ဖြစ်မှာလဲ။ အမေက အသက်ကြီးပါပြီ။ ကျွန်မတို့ပဲ သွားကြရအောင်”


“နေပါကွာ။ ကလေးတွေလည်း သူ့အလုပ်နဲ့သူ မဖြစ်ပါဘူး”


“ကိုမြသွင်”


“ဘာလဲ”


“နောက်နှစ် ကျွန်မတို့ မဖြစ်မနေ သွားကို သွားရမယ်”


“ဘာဖြစ်လို့လဲ”


“ခု ရှင့်တပည့်တွေ ကန်တော့လိုက်တဲ့ ပစ္စည်းစုစုပေါင်းကို ကာလတန်ကြေးနဲ့ တွက်တာတင် ငါးသိန်း အထက်မှာရှိတယ်။ ဒါတောင် ယောက္ခမကြီးက ပေးလိုက်တဲ့ ငါးပိအိုးဖိုးကို ထည့်မတွက်ရသေးဘူး။ ကျွန်မတို့ ရှင့်ရွာကို ပြန်ရတာ လွန်ရော ကျွံရော လမ်းမှာ စားတာသောက်တာနဲ့ ကားကို ဆီဝယ်ထည့်တာပါပေါင်းရင် တစ်သိန်းတောင် မရှိဘူး။ တွက်‌ေခြကိုက်တယ်ရှင့်။ နောက်နှစ်လည်း သွားကို သွားရမယ်။ ကြည့်ပါဦး ငါးရံ့ခြောက်ကြီးတွေက ကြီးလိုက်တာ။ မမြင်ဖူးတာတောင်ကြာနေပြီ။ အမေ့ကို မလာခိုင်းနဲ့ ကျွန်မတို့ပဲသွား ကြမယ်”


တင်ညွန့်


၁၃.၁.၂၀၂၄