ရွေးချယ်မှု(စ/ဆုံး)

 ရွေးချယ်မှု(စ/ဆုံး)


————-


ကျွန်မခင်ပွန်းဟာ မီးဖိုချောင်ထဲမှာ ကော်ဖီခွက်ကို ဘယ်လောက်တောင် တင်းတင်းဆုပ်ထားသလဲဆိုရင် သူ့လက်ဆစ်ဖြူဖြူတွေတောင် ပေါ်နေပြီ။ သူ ကျွန်မကို ကြည့်မနေဘူး။ သူ့အကြည့်တွေက ကျွန်မကို ကျော်ဖြတ်ပြီး အဝေးတစ်နေရာကိုပဲ စိုက်ကြည့်နေတယ်၊ ကျွန်မဆိုတာ အဲဒီနေရာမှာ မရှိတော့သလိုမျိုးပေါ့။

“ဆာရာ၊ နားထောင်စမ်း” လို့ သူက အေးစက်စက်

လေသံနဲ့ ပြောတယ်။

“ငါ့ရဲ့ စိတ်ကျန်းမာရေးကို ငါ ဂရုစိုက်ရမယ်။ ဒီလိုပုံစံနဲ့တော့ ငါ ဆက်မနေနိုင်ဘူး။”

အဲဒီနောက်မှာတော့ သူက ရာဇသံ ပေးလိုက်ပါတော့တယ်။

“မင်းမှာ တနင်္ဂနွေနေ့အထိ အချိန်ရှိတယ်။ မင်းအဖေအတွက် နေစရာတစ်နေရာရာရှာပေး၊ ဒါမှမဟုတ်ရင် ငါ ထွက်သွားမယ်။ ငါက လူအိုရုံလိုနေရာမျိုးမှာ လာနေဖို့ သဘောတူထားတာ မဟုတ်ဘူး။”


သူက ကားသော့ကို ဆွဲယူပြီး အပြင်ကို ဝုန်းဒိုင်းကြဲ ထွက်သွားတယ်။ လေးလံပြီး အဆိပ်တွေပြည့်နေတဲ့ သူ့ရဲ့စကားလုံးတွေကတော့ လေထုထဲမှာ ကျန်ရစ်ခဲ့တယ်။ လျစ်လျူရှုထားလို့မရတဲ့ စူးရှရှ စကားလုံးတွေပေါ့။ တံခါးပိတ်သွားပြီး အတော်ကြာတဲ့အထိ ကျွန်မ အဲဒီနေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေမိတယ်။

အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး။ ဒါမှမဟုတ် ဒီလိုပဲ ဖြစ်နေခဲ့တာကို ကျွန်မကပဲ မမြင်ချင်ယောင်ဆောင်ခဲ့တာလား။

လွန်ခဲ့တဲ့ ခြောက်လက ကျွန်မအဖေ အာသာ (Arthur) ဟာ အမေ့ကို သင်္ဂြိုဟ်ခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ ၅၂ နှစ်တောင် အတူလက်တွဲခဲ့ကြတာ။ ဈာပနပြီးလို့ နှစ်ပတ်အကြာမှာတော့ ကျွန်မ အကြောက်ဆုံးအရာက တကယ်ဖြစ်လာခဲ့တယ်။ အဖေ့မှာ အယ်လ်ဇိုင်းမား ရောဂါ အစပျိုးနေပြီတဲ့။ ကျွန်မကို ပခုံးပေါ်တင်ပြီး ချီပိုးခဲ့တဲ့သူ၊ ကျွန်မ ကောလိပ်တက်နိုင်အောင် စက်ရုံမှာ အချိန်ပိုတွေဆင်းပြီး ရုန်းကန်ပေးခဲ့တဲ့ အဖေဟာ အခုတော့ မီးဖိုပိတ်ဖို့ မေ့နေတတ်ပြီ။ တစ်ခါတလေဆိုရင် သူ့အိမ်ရှေ့တံခါးဆီ ပြန်သွားရမယ့်လမ်းကိုတောင် သူ မမှတ်မိတော့ဘူး။

ကျွန်မက တစ်ဦးတည်းသောသမီး၊ တိုင်ပင်စရာ မောင်နှမ မရှိဘူး။ ဆင်ခြင်တုံတရားနဲ့ မေတ္တာတရားအရ ကျွန်မ အဖေ့ကို အိမ်ကို ခေါ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်မနဲ့ လက်ထပ်ခဲ့တဲ့ မာ့ခ် (Mark) ကို ဒီအကြောင်း စပြောပြတုန်းက သူက ပြုံးပြခဲ့တယ်။ ယဉ်ယဉ်ကျေးကျေးပေါ့။ ဒါပေမဲ့ အဲဒီအပြုံးက မျက်လုံးအထိ မရောက်တဲ့ ဟန်ဆောင်အပြုံးမျိုးမှန်း ကျွန်မ သိပါတယ်။

“ရတာပေါ့” လို့ သူက ပြောခဲ့တယ်။

“မိသားစုက ပထမပဲ။ အာသာကို ဒီမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။”

ဒါပေမဲ့ အဲဒီ “ကြိုဆိုမှု” က တစ်လတောင် မခံခဲ့ပါဘူး။ နံရံနောက်က မှိုတွေ တိတ်တဆိတ် ပျံ့နှံ့လာသလိုပဲ အိမ်ထဲမှာ တင်းမာမှုတွေ စိမ့်ဝင်လာခဲ့တယ်။ အဖေက ရေချိုးခန်းထဲမှာ နည်းနည်းကြာနေရင် မာ့ခ်က တံခါးကို ခပ်ပြင်းပြင်းခေါက်ပြီး

“တချို့လူတွေက အလုပ်သွားရမှာနော်” လို့ အော်ပြောတတ်တယ်။ အဖေက သူ ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက အကြောင်းတွေကို အထပ်ထပ်ပြောပြတဲ့အခါ (ကျွန်မကတော့ အကြိမ်တစ်ရာမက နားထောင်ပြီးရင်တောင် စိတ်ရှည်လက်ရှည် နားထောင်ပေးတုန်းပါပဲ) မာ့ခ်က သက်ပြင်းကို အကျယ်ကြီးချတယ်၊ မျက်လုံးလှန်ပြတယ်၊ ပြီးရင် စကားပြောမဆုံးခင်မှာပဲ ထမင်းစားပွဲကနေ ထထွက်သွားတော့တာပဲ။ အဲဒီအခါမှာ အဖေဟာ ကြောင်အမ်းအမ်းနဲ့ စကားစပြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားရတော့တာပေါ့။

ဒါပေမဲ့ စကားနာထိုးတာထက် “တိတ်ဆိတ်မှု” က ပိုပြီး နာကျင်စေပါတယ်။ မာ့ခ်က ကျွန်မတို့နဲ့ ထမင်းအတူတူ မစားတော့ဘူး။ သူ အိမ်ပြန်ရောက်ရင် နှုတ်ဆက်စကား ခပ်တိုးတိုးပြောပြီး အိမ်ထဲမှာ “စိတ်မွန်းကြပ်စရာကြီး” လို့ ညည်းတွားကာ အိပ်ခန်းထဲမှာပဲ အောင်းနေတော့တယ်။

တစ်ညမှာတော့ ကျွန်မ သူ့ကို နားချဖို့ ကြိုးစားခဲ့ပါသေးတယ်။ “မာ့ခ်၊ ကျေးဇူးပြုပြီး” လို့ ကျွန်မ တိုးတိုးလေး ပြောခဲ့တယ်။

“အဖေက ဝမ်းနည်းနေတာ၊ သူ ကြောက်လည်း ကြောက်နေရှာတယ်။ ရှင် ခဏလေး စိတ်ရှည်ပေးပါဦး။ သူ အမြဲတမ်း ဒီလို ဖြစ်နေမှာ မဟုတ်ပါဘူး။”

သူက ဖုန်းကြည့်နေရင်းကနေ ခေါင်းတောင် မဖော်ဘူး။ “ငါ လက်ထပ်ခဲ့တာ မင်းကို၊ မင်းအဖေကို မဟုတ်ဘူး” လို့ သူက ပြောတယ်။ “မင်းက အနာပြု (Caretaker) လုပ်ချင်တယ်ဆိုရင်လည်း လုပ်ပေါ့။ ဒါပေမဲ့ ငါ့ဧည့်ခန်းထဲမှာ သူစိမ်းတစ်ယောက် ရှိနေတာကို ငါက ပျော်နေရမယ်လို့တော့ မမျှော်လင့်နဲ့။”


သူစိမ်း… တဲ့။ ကျွန်မတို့ ဒီအိမ်ကို ဝယ်နိုင်အောင် ကူညီပေးခဲ့တဲ့ လူတစ်ယောက်ကို သူက “သူစိမ်း” လို့ ခေါ်နေတာ။

ဒါပေမဲ့ ဒီဇာတ်လမ်းက မာ့ခ်ရဲ့ ရက်စက်မှုကြောင့် ပြတ်သွားခဲ့တာ မဟုတ်ဘူး။ အဖေ့ရဲ့ “အရှုံးပေးမှု” ကြောင့် ပြတ်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဖေဟာ ဆိုဖာအစွန်းလေးမှာ ထိုင်ပြီး သူ မဖတ်နိုင်တော့တဲ့ သတင်းစာကို တုန်တုန်ယင်ယင်နဲ့ ခေါက်ဖို့ ကြိုးစားနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ အဖေက ကျွန်မကို မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်တယ်။ အဲဒါက ဝေခွဲမရဖြစ်နေတဲ့ အကြည့် မဟုတ်ဘူး၊ အားနာစိတ်နဲ့ ရှက်စိတ်တွေ ပြည့်နေတဲ့ အကြည့်ပါ။

“သမီးလေး…”

အဖေက အသံတုန်တုန်နဲ့ တိုးတိုးလေး ပြောတယ်။ “အဖေ ဟို လမ်းမကြီးဘေးက နေရာကို သွားပါ့မယ်။ လူအိုရုံကိုလေ။ အဖေ့ကြောင့် သမီးနဲ့ သမီးယောကျ်ား ရန်မဖြစ်စေချင်ဘူး။ အဖေက… အဲဒီနေရာပဲ ပိုနေချင်တာပါ ”

အဲဒီအချိန်မှာ ကျွန်မရဲ့ ရင်ထဲမှာ တစ်ခုခု အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသလိုပဲ။ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့သူ၊ စက်ဘီးစီး သင်ပေးခဲ့တဲ့သူ၊ ကျွန်မ ဝမ်းနည်းနေချိန်တွေနဲ့ စာမေးပွဲရှိတဲ့ ညတွေမှာ အနားမှာ ရှိပေးခဲ့တဲ့ အဖေက… အခုတော့ သူ အသက်ရှင်နေရတာကိုတင် အပြစ်ရှိသလို တောင်းပန်နေရတယ်တဲ့လား။

အဲဒီအခိုက်အတန့်မှာ အရာအားလုံးဟာ ရှင်းလင်းပြတ်သားသွားခဲ့ပြီ။

ဒါကြောင့် ဒီနေ့မနက် မာ့ခ်က မီးဖိုချောင်မှာ ရပ်ပြီး “အဖေလား၊ ငါလား” လို့ ရွေးခိုင်းတဲ့အခါ ကျွန်မ သူ့ကို သေသေချာချာ စိုက်ကြည့်လိုက်မိတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ လက်တွဲဖော်ကို မတွေ့ရတော့ဘဲ ဂရုဏာတရား ကင်းမဲ့နေတဲ့ လူစိမ်းတစ်ယောက်ကိုပဲ မြင်လိုက်ရတော့တယ်။

ကျွန်မ မငိုခဲ့ဘူး။ မတောင်းပန်ခဲ့ဘူး။


“တနင်္ဂနွေနေ့အထိ စောင့်နေဖို့ မလိုပါဘူး” လို့ ကျွန်မ အေးအေးဆေးဆေး ပြောလိုက်တယ်။ “အခုပဲ ရှင့်ပစ္စည်းတွေ သိမ်းဖို့ ကျွန်မ ကူညီပေးမယ်။”

သူ ဆွံ့အသွားတယ်။ သူ့မျက်နှာပေါ်မှာ အံ့သြမှုတွေ ပြည့်သွားတယ်။ ကျွန်မ ငိုပြီး တောင်းပန်မယ်၊ ညှိနှိုင်းမယ်လို့ သူ ထင်ထားတာကိုး။ နောက်ဆုံးတော့ သူ ထွက်သွားခဲ့တယ်။ သူကတော့ ကျွန်မ တစ်နာရီအတွင်း ဖုန်းဆက်ပြီး သူ့ကို ပြန်လာဖို့ တောင်းပန်လိမ့်မယ်လို့ ယုံကြည်နေတုန်းပေါ့။


တချို့လူတွေက ကျွန်မ မှားတယ်လို့ ပြောကြတယ်။ “နင့်ကို မှတ်မိမှာတောင် မဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးလိုက်တာလား” လို့ စာပို့လာသူ ရှိသလို၊ “မာ့ခ်က ရှာဖွေကျွေးမွေးနိုင်တဲ့ ယောကျ်ားကောင်း တစ်ယောက်ပါ။ နင်က စိတ်ခံစားမှုနောက်ပဲ လိုက်နေတာ” လို့ ပြောသူလည်း ရှိတယ်။

ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒါပေမဲ့ ဒီနေ့ညမှာတော့ အိမ်ကလေးဟာ အေးချမ်းလို့နေတယ်။ တင်းမာမှုတွေ မရှိဘူး၊ တံခါးစောင့်ပိတ်သံတွေ မရှိဘူး၊ ကျွန်မတို့ကို ဖိနှိပ်ထားတဲ့ တိတ်ဆိတ်မှုကြီးလည်း မရှိတော့ဘူး။

ကျွန်မတို့ အရင်လို ဈေးကြီးတဲ့ ခရီးတွေ မသွားနိုင်တော့ဘူး။ ငွေရေးကြေးရေး ပိုကြပ်တည်းလာတယ်။ ဒါပေမဲ့ ဒီမနက်မှာတော့ ကျွန်မနဲ့ အဖေဟာ ထမင်းစားပွဲမှာ ပန်ကိတ် (Pancakes) တွေ အတူတူ စားခဲ့ကြတယ်။ အဖေက ရေတပ်က အကြောင်းတွေကို နောက်တစ်ခါ ပြန်ပြောပြတယ်။ ကျွန်မလည်း နားထောင်ပေးခဲ့တယ်။ ကျွန်မတို့ အတူတူ ရယ်မောခဲ့ကြတယ်။ အဖေဟာ ကြောက်စိတ်ကင်းကင်းနဲ့ ထမင်းစားနိုင်ခဲ့ပြီ။ အားနာစရာ မလိုတော့ဘူး။

ကျွန်မမှာ ခင်ပွန်းတစ်ယောက် ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ ကျွန်မရဲ့ သိက္ခာကို ကျွန်မ ထိန်းသိမ်းနိုင်ခဲ့တယ်။ ကျွန်မရဲ့ လူသားပီသမှုကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။ ကျွန်မ ဇွန်းတောင် မကိုင်နိုင်သေးတဲ့ အရွယ်မှာ ကျွန်မကို ပြုစုပေးခဲ့တဲ့ လူတစ်ယောက်ကို ကျွန်မ ကျေးဇူးဆပ်နိုင်ခဲ့တယ်။

အချို့သောအချစ်တွေက ကိုယ့်အတွက် အဆင်ပြေနေသရွေ့ပဲ ခံတတ်ကြတယ်။ ဒါပေမဲ့ ဖခင်တစ်ဦးအပေါ် ထားရှိတဲ့ သမီးတစ်ဦးရဲ့ အချစ်ကတော့ အဲဒီလို မဟုတ်ပါဘူး။

“သူတို့ရဲ့ အေးချမ်းမှု” ကို ကာကွယ်ဖို့အတွက် ကိုယ့်မိသားစုကို စွန့်ပစ်ဖို့ တောင်းဆိုတဲ့ ဘယ်သူမဆို… တကယ်တော့ သူတို့ဟာ ဘာကိုမှ ကာကွယ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ ဘယ်လိုလူစားလဲဆိုတဲ့ သူတို့ရဲ့ စရိုက်မှန်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန် From Daily Life