ဖြူစင်သောမေတ္တာ(စ/ဆုံး)
——————–
ကျွန်တော်နှင့်ကိုထွန်း ၁၀ တန်းကို တစ်နှစ်တည်း အတူအောင်သည် ကိုထွန်းက သချၤာဂုဏ်ထူး တစ်ဘာသာ ပါသည်။ သူက သချၤာအလွန်တော်သည်။ ကျွန်တော်က သချၤာအလွန်ညံ့သည်။ ထို့ကြောင့်လည်း တွဲဖြစ်ကြခြင်း ဖြစ်သည်။ ကိုထွန်းက သချၤာကို ကျွန်တော့်အားရှင်းပြပေးသည်။ ကျွန်တော်က စိတ်မဝင်စား။ ကျောင်းက သင်္ချာ အိမ်စာပေးလိုက်လျှင် သူ့အိမ်ကိုဝင်ပြီး သချၤာတွေကူးချခဲ့တာကို မှတ်မိသည်။
“ကိုထွန်း … တို့ တက္ကသိုလ်တက်ကြရအောင်”
“မဖြစ်ဘူးကွ … ငါ့အိမ်အခြေအနေလည်း မင်းသိသားနဲ့”
“ငါ့အိမ်လည်း ချမ်းသာလို့မှ မဟုတ်တာ … ဒါပေမဲ့ တို့ တက္ကသိုလ်ရောက်ရင် စာတွေ ပိုဖတ်နိုင် ပိုရေးနိုင်မှာ မဟုတ်လား”
“ငါ့ညီမလေးက ၉ တန်းရောက်နေပြီ။ သူက အရမ်းစာတော်တာကွ။ ဆရာဝန်မကြီးဖြစ်ချင်နေတာလေ။ ငါတို့ကလည်း အမေမုဆိုးမကြီးနဲ့ဆိုတော့ ညီမလေးကိုပဲ ပညာရေးအတွက် ဦးစားပေးတာကောင်းမယ်။ ငါက ယောက်ျားလေး ဒေါင်ကျကျ ပြားကျကျ ကိစ္စမရှိဘူး … ညီမလေးနောင်ရေးအတွက် ငါတက္ကသိုလ် ဆက် တက်လို့ မဖြစ်ဘူး”
ကိုထွန်းတစ်ယောက် အလုပ်ကြမ်းတွေလုပ်ရသည်။ ကုန်ထမ်းသည်။ ဆိုက်ကားနင်းသည်။ ကားမောင်းသည်။
သူ့ညီမလေးကလည်းတော်ပါသည်။ ၁၀ တန်းကို ဘာသာစုံ ဂုဏ်ထူးနှင့်အောင်သည်။ ထိုနေ့က ကျွန်တော့်ထံ ရောက်လာပြီး
“ငါ့ညီမလေး ၁၀ တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်တယ် သိလား … ဆရာဝန်မကြီး ဖြစ်တော့မယ် … သိလား”
သူက ဆွေ့ဆွေ့ခုန်ရင်း မျက်ရည်တွွေပါကျနေသည်။ ကျွန်တော်က
“ကိုထွန်း … မင်းအတွက်လည်း မင်းကြည့်ဦးလေ … မင်း အရမ်းပိန်နေပြီ။ အလုပ်လည်း လုပ်ပေါ့ ကျန်းမာရေး လည်း ဂရုစိုက်ဦး”
“ငါ့ညီမလေး ကျောင်းဆက်တက်နိုင်အောင် ငါကြိုးစားရမယ်ကွ … သူကဆရာဝန်မကြီး အရမ်းဖြစ်ချင်တာ … ငါပိုက်ဆံတွေ အများကြီးရှာမှ ဖြစ်မယ်”
ကျွန်တော်လည်း ရန်ကုန်တွင် ကျောင်းဆက်တက်နေရသဖြင့် ကိုထွန်းနှင့် သိပ်မဆုံဖြစ်။ မြို့ကိုပြန်လာချိန်တွင် ကိုထွန်းအမေဆုံးသဖြင့် သွားလိုက်သေးသည်။ သူ့ညီမလေး က
“အစ်ကို … အစ်ကိုကြီးကို ပြောပါဦး … နေ့ရောညရော မနားတော့ဘူး။ မနက်လည်း ကုန်ထမ်း … ညလည်း ဆိုက်ကားနင်း … ညီမလေး အစ်ကိုကြီးကိုကြည့်ပြီး သနားနေပြီ”
ကိုထွန်းက ကျွန်တော်ပြောလည်းအပိုပဲဖြစ်သည်
“ငါ့ညီမလေး ကျောင်းပြီးရင် နားမှာပါကွာ” ဟုဆိုသည်။
ကိုထွန်းတွင် ချစ်သူတစ်ယောက်ရှိသည်။ ကောင်မလေးက ဈေးထဲတွင် ဈေးရောင်းသည်။ ရိုးရိုးသားသား လေးဖြစ်သောကြောင့် သူတို့ကို အမြန်ဆုံး လက်ထပ်စေချင်သည်။ သို့သော်
“ငါ ယူလို့ မဖြစ်သေးဘူးကွ။ ညီမလေးက ကျောင်းမပြီးသေးဘူး။ တော်ကြာ ညီမလေးကို ထောက်ပံ့တာ အပြစ် မြင်လာရင် မကောင်းဘူး”
ကိုထွန်းတစ်ယောက် လူပျိုကြီးပဲ လုပ်နေသည်။ ညီမလေးက ကျောင်းပြီးသော်လည်း နယ်ဘက်တွင် တာဝန် ကျနေသဖြင့် လိုက်ပြီး စောင့်ရှောက်ရသေးသည်။
“ကိုထွန်း … မခင်လှကို ယူတော့လေကွာ … မင်းဟာက အချိန်တွေ နှောင်းနေပြီ”
“ယူလို့ မဖြစ်သေးပါဘူးကွာ။ မိန်းမယူလိုက်ရင် ညီမလေးနဲ့ အဆင်မပြေမှာ စိုးရိမ်တယ်”
နောက်ဆုံး သူ့ညီမလေးက အိမ်ထောင်ပြုသည်။ ကောင်လေးက အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူတို့ ကိုထွန်းအိမ်တွင် လာနေကြသည်။
“ကိုထွန်း မနေ့က ဈေးထဲမှာ မခင်လှနဲ့တွေ့တယ် … မင်းက မူနေတာတဲ့။ သူက ယူချင်တာမှ တစ်ပိုင်းသေလို့။ မင်းတို့ကလည်းကွာ ၄၀ တွေ ကျော်လာပြီပဲ မြန်မြန် အိမ်ထောင်ပြုပါတော့လား”
“မဖြစ်ပါဘူးကွာ … ညီမလေးကို စိတ်မချဘူး”
“ဟေ့ကောင် … ဟိုက သူ့လင်နဲ့ဖြစ်နေပြီ … မင်းက ခုထိ …”
“ငါက ငါ့ညီမလေးကို ခုထိ မျက်စိထဲမှာ ကလေးလေးတစ်ယောက်လို မြင်နေတာကွ”
ကိုထွန်းက ဆန်စက်တစ်ခုတွင် မန်နေဂျာဝင်လုပ်နေသည်။ ဝင်ငွေလေးကောင်းပြီး အခြေလည်း ကျနေသည်။ ကျွန်တော်ကတော့ တောရောက် တောင်ရောက်ဖြစ်နေသည်။
တစ်နေ့တွင် ကျွန်တော် တောက အိမ်ပြန်လာပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာဖတ်နေစဉ်
“အစ်ကို … အစ်ကို”
အိမ်ရှေ့ကခေါ်သံကြားသဖြင့် ထွက်ကြည့်လိုက်ရာ ကိုထွန်းညီမလေး ဆရာဝန်မကြီးဖြစ်နေသည်။ သူ့ယောက်ျားက ကားမောင်းလာသည်။
“ညီမလေး … လာ … ငါလည်း ခုမှ ရောက်စမို့လို့ … နင့်အစ်ကိုဆီလာမလို့ … နေကောင်းတယ် မဟုတ်လား”
“အစ်ကို့အကြောင်း ပြောမလို့လာတာ … ကျန်းမာရေး သိပ်မကောင်းဘူး … နားပါတော့ ဆိုတာလည်း မရဘူး။ အစ်ကို့ သူငယ်ချင်းကို အစ်ကိုပဲ ပြောပဲဦး”
“အေးပါ … ဒါနဲ့ ညီမလေးတို့လာတာက”
“အစ်ကို … အိမ်ကိစ္စအကြောင်း ပြောချင်လို့ … ညီမလေးတို့က ရှမ်းပြည် တောင်ကြီးဘက် ပြောင်းတော့မယ်။ အစ်ကိုက လိုက်နေပါဆိုလည်း မလိုက်ချင်ဘူးတဲ့။ သူက အိမ်ကြီးကို ရောင်းပြီးတော့ ရတဲ့ပိုက်ဆံတွေ အားလုံး ယူသွားဆိုပြီး လုပ်နေတယ်။ အစ်ကိုပဲ လိုက်ပြောပေးပါဦး။ ဒီအိမ်ကြီးကို ရောင်းလိုက်ရင် သူဘယ်မှာ သွား နေမလဲနော်။ အဲဒါ အိမ်ရောင်းဖို့ ဇွတ်လုပ်နေတယ် … အစ်ကိုပြောရင်တော့ နားထောင်မှာပါ”
“အေးပါ … ငါ သူ့ဆီလာခဲ့မယ်။ သူ ခုဘယ်မှာလဲ”
“ဆန်စက်ထဲမှာ အစ်ကို”
ကျွန်တော် ဆန်စက်ထဲရောက်သည်အခါ ကိုထွန်းက ဝမ်းသာအားရ ပြေးဖက်သည်။
“နောက်ဆုံးတော့ ငါ့ညီမလေး သူဖြစ်ချင်တဲ့ ဆရာဝန်မကြီးလည်းဖြစ် … အိမ်ထောင်လည်းကျပြီကွ”
“ဒီတော့”
“ငါ စိတ်အေးပါပြီကွာ”
“မင်းက မင်းညီမအတွက်ပဲ ကြည့်တာလား … မင်းအတွက်ကော မင်းမကြည့်တော့ဘူးလား”
“ငါက တစ်ကိုယ်ရေ တစ်ယောက်တည်းသမား … ဘာမှကြည့်စရာမလိုပါဘူးကွာ”
“မင်း အိမ်ရောင်းမလို့ဆို”
“ဟုတ်တယ် … ငါ့ညီမလေးကို အိမ်လွှဲပေးတာ မယူဘူးကွ … ဒါကြောင့် ရောင်းပြီးတော့ သူ့ကို ပိုက်ဆံ ပေးလိုက်မယ်”
“ကိုထွန်း … မင်းဟာက ညီမအပေါ်ချစ်တာ လွန်လွန်းတယ်။ မင်း အိမ်ရောင်းလိုက်ရင် မင်း ဘယ်မှာနေ ဘယ်မှာ စားမလဲကွ”
“ငါ ဆန်စက်ထဲမှာပဲ နေလို့ရပါတယ်ကွာ”
“နောင်ရေးကိုကြည့်ကွ … မင်း အသက်ကြီးလာမယ် … နားစရာ ခိုစရာ တစ်နေရာရာတော့ရှိမှပေါ့။ မင်းညီမက အလုပ်နဲ့ အကိုင်နဲ့ ယောက်ျားနဲ့ … မင်းက ဘာမှ ရှိတာမဟုတ်ဘူး”
“ငါ့အတွက် ဘာမှ မလိုပါဘူးကွာ … ညီမလေးက မိသားစုနဲ့ဖြစ်နေပြီ … သူ့အတွက် ပိုလိုမှာပေါ့”
ကျွန်တော် တစ်နှစ်ခန့် သူနှင့်မတွေ့ဖြစ်တော့။ မြို့ကိုပြန်အရောက်တွင် သူရှိရာ ဆန်စက်ကို သွားတွေ့သည်။
“ကိုထွန်း ဘုန်းကြီး ဝတ်သွားပြီ”
“ဟာ … ဘယ်တုန်းကလဲ”
“ဆရာ ပြန်သွားပြီး မကြာဘူး အလုပ်ကထွက်ပြီး ဘုန်းကြီးဝတ်သွားတာ”
“ဘယ်ကျောင်းမှာလဲ”
ကျွန်တော် သူတို့ပြောသည် ဘုန်းကြီးကျောင်းကို လိုက်ခဲ့သည်။ ကိုထွန်းကို မတွေ့ခဲ့ရပါ။ ဤကျောင်းတွင် တစ်ဝါဆိုပြီး ထွက်သွားသည်ဟု သိရသည်။
ကျွန်တော်က ကိုထွန်းတို့ နေထိုင်ခဲ့သည့် အိမ်ကို ရောက်လာသည်။ အိမ်ရှင်တွေက အသစ်ဖြစ်နေသည်။ သူတို့ဆီတွင် စုံစမ်းတော့လည်း ကိုထွန်းက အိမ်ကိုရောင်းပြီး ညီမဖြစ်သူကို ပိုက်ဆံတွေ အားလုံးအပ်သွား ကြောင်း သိလိုက်ရသည်။
ကျွန်တော် ဤအကြောင်းကို ရေးရသည်မှာ မနေ့က ဘားလမ်းထဲတွင် ကိုထွန်းညီမလေးနှင့် တွေ့သောကြောင့် ဖြစ်သည်။ သူက ဝမ်းသာအားရ ကျွန်တော့်ကို လက်ဆွဲပြီး မျက်ရည်တွေကျနေသည်
“အစ်ကို့ကိုတွေ့တော့ အစ်ကိုကြီးကို သတိရလိုက်တာ” ဟု ငိုပြီးပြောသည်။
“အေး ငါလည်း နင်တို့ နေသွားတဲ့ အိမ်ကို ရောက်သေးတယ် … ရောင်းသွားပြီဆိုလို့”
“ဟုတ်တယ်အစ်ကို ညီမကို သူ့အပေါ်မှာ နှောင်ဖွဲ့နေမှာ ကြောက်လို့ဆိုပြီး ဘုန်းကြီး ဝတ်သွားတယ်။ ခုထိလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး။ သေလား ရှင်လားလည်း မသိရဘူး။ တစ်ခါမှလည်း မဆက်သွယ် တော့ဘူး အစ်ကိုရယ်”
“အေးကွယ် … ငါ့ သူငယ်ချင်း ကိုထွန်းလိုလူစား ရှားသကွယ် … သူ့လို ညီမတစ်ယောက်အပေါ်မှာ သံယောဇဉ် ထားတာမျိုးလည်း မကြုံဖူးဘူးကွယ်”
“အစ်ကို … အစ်ကိုကြီးကို တွေ့ရင် ညီမဆီ အကြောင်းကြားပါနော် … ဒီမှာ ညီမ လိပ်စာကတ် … အိမ်ကိုလည်း လာလည်ပါဦး”
“အေးပါကွယ်”
ကိုထွန်းညီမလေးက ကားအကောင်းစားကြီးပေါ်တက်သွားသည်။
သူတို့အဆင်ပြေနေပုံပေါ်သည်။
တင်ညွန့်
၉.၁.၂၀၁၉