ဖူးစာ(စ/ဆုံး)
——
ကျွန်တော် ရန်ကုန်သို့သွားရန် ရထားစောင့်နေသည်။
ရထားက ပုံမှန်အတိုင်းဆိုလျှင် ၅ နာရီလာရမည်။ ယခု ၅ နာရီခွဲတော့မည်။ ရထားက မလာသေး။ ထို့ကြောင့် ပလက်ဖောင်းတွင်ရှိသော ထိုင်ခုံတွင်ထိုင်ပြီး ဟိုငေး သည်ငေး လုပ်နေမိသည်။
“ဆရာ”
ကျွန်တော့်အနီးကိုလာရပ်ပြီး ခေါ်သံကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်မိသည်။
“ကျွန်မကို မှတ်မိလား”
“အို … ဘာဖြစ်လို့ မမှတ်မိရမှာလဲ … မရေမွှေး”
“ဟီး … ဟီး … ဆရာက မှတ်မိသားပဲ … ဆရာဘယ်လဲ”
“ရန်ကုန်သွားမလို့ ရထားစောင့်နေတာ။ ဆရာမရော”
“ကျွန်မက အိုးလေးစုဘက်ကိုသွားမလို့ … ဘူတာဝင်ကတည်းကကြည့်နေတာ ဆရာနဲ့ တူပါတယ်လို့။ ဆရာက ဝလာပြီး အသားတွေလည်း ဖြူလာတော့ အရင်ပုံကို မနည်းဖမ်းရတယ်။ မျက်မှန်တပ်ထားတာကြောင့် မလွဲနိုင် ပါဘူးဆိုပြီး လာနှုတ်ဆက်တာပါဆရာ”
“ထိုင်ဦးလေ … နေကောင်းတယ်နော် … ဒါနဲ့ ကလေးတွေ ဘယ်နှယောက်တောင် ရနေပြီလဲ”
“အို … ဆရာကလည်း … ကျွန်မ အိမ်ထောင်မကျသေးပါဘူး”
“ဟုတ်လား … ဆောရီးနော် … အလုပ်ကရော”
“ဆရာကလည်း ဒီအရွယ်ရောက်မှ အလုပ် လုပ်လို့ရဦးမှာလား … ပင်စင်ယူလိုက်ပြီဆရာရယ့်”
“ဪ … ဟုတ်သားပဲ … တို့အရွယ်တန်းတွေ အားလုံးပင်စင်စားတွေဖြစ်ကုန်ပြီပေါ့”
“ဆရာ့ စာတွေကိုတော့ မနက်တိုင်းဖတ်ပါတယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့”
“ဘာကို ရင်ထိတ်တာလဲ”
“ဆရာက ဟိုး အရင်က ဆရာနဲ့ ထိတွေ့ခဲ့တဲ့သူတွေအကြောင်း အားလုံး ပြန်ရေးနေတာ။ ဘယ်တော့ ငါ့အကြောင်းကို ရေးမလဲဆိုပြီးတော့ စိုးရိမ်နေတာ”
“အေး … နင်နဲ့မတွေ့ရင် အကောင်းသား။ ခုတွေ့လိုက်မှ စိုးမြင့်အကြောင်းကိုလည်း သတိရသွားပြန်ပြီ။ ငါ အခု မေးတော့မယ် … နင်နဲ့ စိုးမြင့်အကြောင်း။ နင်တို့ မယူကြဘူးလား”
“မယူဖြစ်ပါဘူးဆရာရယ်”
“ဘာဖြစ်လို့လဲ … ငါအလုပ်မထွက်ခင်အထိတော့ နင်တို့ အဆင်ပြေနေကြသားပဲ။ သီတင်းကျွတ်ရင် လက်ထပ်မယ်လို့တောင် စိုးမြင့်က ငါ့ကိုပြောသေးတာ။ အေး … ငါက သီတင်းမကျွတ်ခင် ရန်ကုန်ကိုပြောင်း သွားတော့ ဘာမှမသိရတော့ဘူး။ စိုးမြင့်တစ်ယောက်ရော ဘာတွေလုပ်နေသလဲ”
“သူ အိမ်ထောင်ကျသွားပြီ။ ကလေး သုံးယောက်နဲ့။ သူ့သမီး အကြီးဆုံးတောင် ကျောင်းဆရာမပြန်ဖြစ်နေပြီ”
“အရင် အိမ်မှာပဲလား”
“မဟုတ်တော့ဘူး … သူ့မိန်းမနေတဲ့ နန်းတော်ကုန်းဘက်ကို အိမ်ထောင်ကျကတည်းက ပြောင်းသွားတာ”
“အေးပါဟယ် … အိမ်ထောင်ရေးကိစ္စဆိုတာကလည်း အဆန်းသား။ ရည်ရွယ်ထားပြီး အပိုင်တွက်လို့ ရတာမှ မဟုတ်တာ။ ဖူးစာတဲ့ … ဖူးစာဆုံမှ ပေါင်းကြရတာမျိုးပဲနော်”
“ဖူးစာကဆုံပြီးသားပါဆရာ … ဒါပေမဲ့ အပျိုကြီးဖြစ်ချင်တဲ့ ဇာတာပါလို့ပဲလို့ သတ်မှတ်ရတော့မှာပဲ”
“ကြံကြီးစီရာဟယ် … အပျိုကြီး ဖြစ်ရတဲ့ဇာတာလို့။ ငါတော့ မယုံပါဘူး။ နင့်ကိုက နည်းနည်းလေး ဇီဇာကြောင်တာကြောင့်နေမှာပါ”
“ဟုတ်မှာပါလေ”
“ဒါနဲ့ ဘာဖြစ်လို့ နင်တို့ မယူကြတာလဲ ပြောစမ်းပါဦး”
“အိမ်ထောင်အဖြစ် ပေါင်းသင်းတယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် ညှိယူကြရတယ်ဆိုတာ ဆရာ လက်ခံသလား”
“လက်ခံတာပေါ့။ ယောကျ်ားတွေ အများကြီး … မိန်းမတွေ အများကြီးထဲမှာမှ ဒီယောက်ျားနဲ့ ဒီမိန်းမ တွေ့ဆုံပြီး ချစ်ကြ၊ ကြိုက်ကြ၊ လက်ထပ်ဖို့ ဆုံးဖြတ်ကြတယ်ဆိုတာ တော်ရုံ တိုက်ဆိုင်မှုမျိုးမှ မဟုတ်တာ။ ဖူးစာလို့ပဲ ဆိုဆို ပါဟယ် … တစ်မိသားနဲ့ တစ်မိသား ဆုံဖို့လည်း မလွယ်သလို ညားဖို့လည်း မလွယ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုမရှိရင်၊ နားလည်အောင် မလုပ်နိုင်ရင်၊ နားလည်ဖို့ ညှိမယူနိုင်ရင် ဘယ်ဖြစ်ပါ့မလဲ”
“ဆရာပြောသလိုပဲ ကျွန်မက ဇီဇာကြောင်တယ်ဆိုတာလည်း ဟုတ်မှာပါ”
“ကိုယ့်ကိုယ်ကိုယ် သိတာကောင်းတာပေါ့။ အပျိုကြီးဖြစ်ချင်လို့ကို ဇီဇာကြောင်တာလို့ပြောရင် ပိုမှန်မယ်”
“တစ်ဖက်သားနဲ့ တစ်ဖက်သား စိတ်သဘောချင်း တစ်ထပ်တည်းဖြစ်ဖို့ကတော့ သိပ်မလွယ်ပါဘူးဆရာရယ်”
“မှန်တာပေါ့”
“အိမ်ထောင်မပြုခင် တစ်ယောက်သဘော တစ်ယောက်နားလည်အောင် စစ်ဆေးနေတဲ့ အချိန်မှာပဲ ကျွန်မ သူ့ကိုပေါင်းဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတယ်”
“ငါက ဘက်လိုက်ပြောတာ မဟုတ်ဘူး။ စိုးမြင့်လောက် အေးဆေးတဲ့ ယောက်ျားမျိုးရှားတယ်။ မသောက်မစား၊ လောင်းကစားလည်းမလုပ်၊ ရိုးသားတဲ့သူကို နင်က မယူလိုက်တာကပဲ နင့်ကြောင့်လို့ ပြောရမယ်ထင်တယ်”
“ဆရာ ကျွန်မက အသန့်အပြန့်ကြိုက်တယ်ဆိုတာ သိတယ်နော်”
“သိတာပေါ့ … ဒါကြောင့်လည်း နင့်နာမည် ကြင်မွှေးကို တို့အားလုံးက ရေမွှေးလို့ ခေါ်ကြတာ။ နင် အခန်းထဲဝင်လာရင် ဟိုးအဝေးကတည်းကသိတယ်။ နင်လာနေပြီဆိုတာ။ ရေမွှေးနံ့က အရင်ဆုံးရတာ”
“ကျွန်မက ကြက်သွန်ဖြူကို အလွန်မုန်းတာဆရာ။ အနံ့လည်း မခံနိုင်သလို ငယ်ငယ်ကတည်းကလည်း အနံ့ဆိုးလို့ဆိုပြီး စားကိုမစားတာ”
“အဲဒါနဲ့ နင်တို့ မပေါင်းတာ ဘာဆိုင်သလဲကွယ်”
“ပြောမယ်လေ … သူနဲ့ကျွန်မ တစ်နေ့တော့ ရန်ကုန်ကိုလာလည်ကြတယ်ဆရာ။ ရွှေတိဂုံဘုရားလည်းဖူး ကြမယ်၊ လက်ထပ်ဖို့ကိစ္စလည်း တိုင်ပင်ကြမယ်ပေါ့။ အဲဒီမှာ သူ့ကိုစပြီးတော့ စိတ်ပျက်တော့တာပဲ”
“ပြောပါဦး”
“ကျွန်မတို့ ရန်ကုန်ရောက်တော့ ဘူတာကြီးမှာ အထမ်းနဲ့ အသုပ်စုံဆိုင်တွေ့တယ်။ သူက ကျွန်မကို စားမလားတဲ့။ ကျွန်မက လမ်းဘေးအစာတွေ သိပ်မစားတတ်ပေမယ့် သူ့အလိုလိုက်ပြီး အတူတူ ထိုင်စား မိတယ်ဆရာ။ အဲဒီမှာ ချပေးတဲ့ ကြက်သွန်ဖြူ တစ်ပန်းကန်အပြင် နောက်ထပ်ပါ ထပ်တောင်းပြီးတော့ စားနေ လိုက်တာများ အားရပါးရ။ အဲဒီကတည်းက ကျွန်မစိတ်ပျက်နေပြီ။ ကျွန်မမှာ ကြက်သွန်ဖြူ အလာဂျီရှိတယ် ဆရာ။ အဲဒီအနံ့ရရင် ဘယ်လိုမှ မနေနိုင်ဘူး။ ချွေးတွေပြန်လာပြီး ပျို့ချင်သလိုကို ဖြစ်လာတာ”
“ကြံကြံဖန်ဖန်ကွယ်”
“အသုပ်စားပြီးတော့ ဘုရားသွားတာပေါ့။ ဘတ်စ်ကားစီးတော့လည်း ကျွန်မအနားကပ်စီးတာ နံလိုက်တဲ့ ကြက်သွန်ဖြူနံ့။ ကျွန်မလေ မနည်းကို ထိန်းထားရတယ်။ အဲဒါနဲ့ ဘုရားရောက်ရောဆိုပါတော့။ သူက ကျွန်မ အနားကပ်ချင်၊ ကျွန်မကလည်း သူ့ကို အနားကပ်မှာ ကြောက်နေ။ ဒီလိုနဲ့ နေ့လယ်ကျတော့ ရန်ကုန်မြို့ထဲ ပြန်ရောက်ပြန်ရော။ ထမင်းစားကြတယ်ဆရာ။ ထမင်းစားတော့လည်း ထမင်းဆိုင်မှာ ကြက်သွန်ဖြူကို တောင်းပြီးတော့ ပယ်ပယ်နယ်နယ်ကို စားတော့တာ။ ကျွန်မက မစားဖို့ပြောသေးတယ်။ သူက ကြက်သွန်ဖြူကို ကြိုက်တဲ့အကြောင်း၊ ငယ်ငယ်လေးကတည်းက ကြက်သွန်ဖြူမပါရင် ထမင်းမစားကြောင်းတွေ ပြောတော့တာ”
“လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့လေ”
“ကျွန်မ အဲဒီကတည်းကတွေးတော့တာပဲ။ ငါနဲ့ ပေါင်းရမယ့်ယောက်ျား။ တစ်သက်လုံး ပေါင်းရမယ့် ယောကျ်ားက ကြက်သွန်ဖြူတွေစားပြီး ငါ့အနားလာအိပ်ရင်ဆိုတာ”
“ဟား … ဟား … ဟား … မကြင်မွှေးရယ် ဖြစ်ရလေ … အဲဒီလောက်အထိ တွေးလိုက်တာပဲလား”
“တွေးရမယ်လေဆရာ … တစ်နေ့လုံး ရှောင်နေလို့ ရပေမယ့် ညမိုးချုပ်လို့ တစ်အိပ်ရာထဲ အတူတူအိပ်ရင် ဆိုတဲ့အထိ ကျွန်မကတွေးတော့တာပဲ။ ဒါနဲ့ သူ့ကို ပဲခူးပြန်ဖို့ ဘူတာရောက်တော့ ပြောပါတယ်။ ကျွန်မ ကြက်သွန်ဖြူအနံ့ကို မုန်းတဲ့အကြောင်း။ သူက ရယ်ရယ်မောမောပဲ။ နောက်တော့ ကျင့်သားရသွားမှာပါတဲ့။ ကျွန်မက အဲဒါကို မကြိုက်တာ။ ကျွန်မက ကြက်သွန်ဖြူကိုဖြတ်မလား ကျွန်မကို ဖြတ်မလားဆိုပြီးတော့ သူ့ကို အကျပ်မကိုင်ပါဘူးဆရာ။ ကျွန်မ … မကြိုက်တဲ့အတွက် သူ့ဘက်က မစားတော့ဘူးလို့ ပြောမလားဆိုပြီး မျှော်လင့် မိတာပေါ့”
“ဒါကတော့ နင်ဘက်က တစ်ဖက်သတ်မဆန်ဘူးလားဟယ်”
“အိမ်ထောင်ရေးဆိုတာ နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် လုပ်ရမှာလေဆရာ”
“ဟုတ်ပါတယ်လေ … ထားပါတော့”
“ကျွန်မတို့ ပဲခူးကို ပြန်လာကြတယ်ဆရာ။ တွဲပေါ်မှာ သူက ပြတင်းပေါက်ဘက်မှာထိုင်၊ ကျွန်မက အတွင်းမှာ ထိုင်ကြတယ်။ အဲဒီမှာ သူ့ဇာတိကို ပြတော့တာပဲ”
“ဘာများလဲကွယ်”
“အီးပေါက်တာဆရာ။ ပထမတော့ မသိမသာလွှတ်တယ်ထင်ပါတယ်။ ကျွန်မကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ အများသားဆိုတော့ တစ်ယောက်ယောက်ပေါ့။ အဲ … နောက်တော့ ကိုယ်တော်ချောက သိသိသာသာကို အသံထုတ်ပြီး လွှတ်တော့တာ။ ပြီးမှ သူမဟုတ်သလို။ နောက်ရှိသေးတယ်။ တစ်လမ်းလုံး အေ့ … အေ့ … ဆိုပြီး လေချဉ်တက်လာတာ။ လေချဉ်တက်လိုက်တိုင်း ကြက်သွန်ဖြူနံ့က ထောင်းခနဲ။ ကြက်သွန်ဖြူတွေစားထားလို့ လွှတ်လိုက်တဲ့ အောက်လေကလည်း ထောင်းခနဲ။ ကျွန်မ တစ်လမ်းလုံးကို စိတ်ပျက်လိုက်ရတာလေ”
ကျွန်တော့်မှာ မကြင်မွှေးစကားကို နားထောင်ပြီး ရယ်လိုက်ရသည်မှာ မျက်ရည်များပင် ထွက်တော့သည်။
“အဲဒါနဲ့ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်တယ်ဆရာ။ ဒီယောက်ျားကိုတော့ ပေါင်းလို့မဖြစ်ပါဘူးပေါ့”
ထိုစဉ် ရထားဆိုက်လာသည်။ ကျွန်တော်က မကြင်မွှေးကို
“ကိုင်း စကားပြောလို့ကောင်းတယ်။ ရထားပေါ်တက်တော့မယ်။ နင်နဲ့တွေ့ရတာ ဝမ်းသာတယ်ဟယ်”
“ဆရာ”
“ဘာလဲကွယ့်”
“ဒီအကြောင်းတွေ ရေးဦးမှာလား”
“ရေးမှာပေါ့ မကြင်မွှေး အပျိုကြီးဖြစ်ရခြင်းအကြောင်းဆိုပြီးတော့။ ဘာလဲ မရေးရဘူးလား”
“ရေးပါဆရာ ဘာမှမဖြစ်ပါဘူး။ ဆရာရေးရင် သူလည်း ကျွန်မက ဘာဖြစ်လို့ သူ့ကိုရှောင်သွားရတယ်ဆိုတာ သိမှာပေါ့”
“လက်စသတ်တော့ နင် စိုးမြင့်ကို ခုထိ သတိရနေတာပဲ”
“ကျွန်မဘဝမှာ သူက ပထမဆုံးနဲ့ နောက်ဆုံးရည်းစားပါဆရာ”
“ဪ”
တင်ညွန့်
၁၉.၁.၂၀၂၅