ဝရံတာကမိန်းမ (စ/ဆုံး)

 ဝရံတာကမိန်းမ (စ/ဆုံး)


—————-


အိပ်ရာပေါ်လှဲကာ ဖုန်းကို ဘယ်ဘက်လက်နှင့် ကိုင်၍ ရုပ်ရှင် ကြည့်နေရင်းက ကျွန်မ ညောင်းညာလာသည် ။ ညာဘက်နှင့် ပြောင်းကိုင်ပြီး ခဏအကြာမှာ ဖုန်းကို လက်နှင့်မကိုင်ရဘဲ ရုပ်ရှင်ကြည့်ချင်စိတ် ဖြစ်ပေါ်မိသည် ။ တစ်ဆက်တည်းမှာပဲ တစ်စုံတစ်ယောက်က ကိုင်ပေးရင်ကောင်းမယ် ဟု ကျွန်မ ထပ်တွေးလိုက်မိသည် ။ ပထမဆုံး သတိရမိတာက သူ … ။ ကျွန်မ ခေါင်းယမ်းပစ်လိုက်ပြီး ထထိုင်လိုက်သည်။ အာရုံလွှဲဖို့ အာလူးကြော်ထုပ်ကို ဖွင့်ဖောက်ကာ ဖုန်းကို ခေါင်းအုံးမှာ ထောင်လိုက်သည်။ အာလူးကြော်ထဲက ပါလာသော ပဲပုပ်ကြော်တွေ ၊ ဘယာကြော်တွေကို ဖယ်စားရတာ ကျွန်မ စိတ်ပျ က်လှသည် ။ ရုတ်တရတ် ထိုသို့ စိတ်ပျ က်သည့် ခံစားချက်ဟာ ကျွန်မကို တစ်ခုသတိပေးလိုက်၏ ။ ကျွန်မ အတွက် ထိုခံစားချက်ဟာ စိမ်းသက်လှပါသည် ။ အရင်ကဆို မုန့်ထုပ်ထဲက ကျွန်မ မကြိုက်တာတွေ သူ့ကို ကျွေးနေကျ၊ တကူးတကဖယ်ထားစရာ မလို ။ သူကလည်း ကျွန်မ မကြိုက်တာတွေကို ပဲ စားပေးနေကျ ။ ခု သူမရှိတော့ ကျွန်မ ဒါတွေကို ဖယ်စားနေရတော့တာပေါ့ ။ ကျွန်မဒုတိယအကြိမ် သူ့ကို လွမ်းသွားမိသည် ။


” ဒီမှာ မင်း ကို ငါ ပြောမယ် ၊ အတူနေတယ် ဆိုတာ ၊ ယောက်ျားလေးရဲ့ ဆန္ဒပြည့်ဝဖို့က အဓိက ၊ ငါ မင်းဆီက ဒီလို အပြုအမူကို လိုချင်တယ် ၊ မင်း လုပ်ပေးရမှာပဲ ”


ကျွန်မ နဲ့ ခုလက်ရှိ အတူနေ‌ေနသည့် ရည်းစား၏ မျက်နှာကို ကျွန်မငေးကြောင်စွာ ကြည့်နေမိသည် ။ ကျွန်မ သူ့ဆီကနေတော့ ဒီလိုအမိန့်ဆန်သည့် စကားမျိုးတစ်ခါမှ မကြားခဲ့ရဖူးပါ။


” အချစ် ဒီလိုနေတာ အဆင်မပြေဘူးလား ၊ ဒါဆို ကို ဒီလို မလုပ်တော့ဘူး ၊ အချစ် အဆင်ပြေဖို့ အဓိက ”


သူကတော့ ကျွန်မကို ဒီလိုပဲ နူးညံ့သိမ်မွေ့စွာပြောခဲ့သည် ။ ကျွန်မက သူနေချင်သလို ပုံစံအတိုင်း လိုက်နေမပေးနိုင်လို့ သူ့ကို အားနာရင်တောင် သူက ကျွန်မကို ‌နှစ်သိမ့်ပေးသည် ။


” အချစ် ၊ ကို အဆင်ပြေတယ် ၊ အချစ် လိုက်လျောသလောက်ပဲ ကို ယူမယ် ၊ အချစ် အဆင်မပြေတဲ့အရာတွေ မလုပ်ချင်တဲ့အရာတွေကို၊ ကို ဘယ်တော့မှအတင်းအကျပ် မလုပ်ခိုင်းဘူး ”


လက်ရှိ ကျွန်မရည်းစားကို တစ်ချက် ရိုက်မိလျှင် ကျွန်မ တစ်ချက်ပြန်အရိုက်ခံခဲ့ရသည် ။ သူ့ကိုတော့ ကျွန်မ အကြိမ်ကြိမ် ရိုက်ဖူးပေမဲ့ ။ နာကျင်အောင် အကြိမ်ကြိမ် ကိုက်ဖူးပေမဲ့ ကျွန်မပြန်ရခဲ့တာ ထွေးပွေ့မှုတွေ ။


ခုကျွန်မ စိတ်ကောက်လျှင် ကျွန်မဘာသာ စိတ်ဆိုးပြေလိုက်ရသည်က များသည် ။ ရည်းစားဆီက အချော့ခံရဖို့ နာရီပေါင်း ရက်ပေါင်းများစွာ စိတ်ဆိုးကြည့်ပေမဲ့ ကျွန်မ လက်လျှော့ပေးခဲ့ရသည်။ အချိန်တွေသာကုန်ပေမဲ့ ကျွန်မအချော့မခံခဲ့ရ ။


သူ့ကိုလည်း ကျွန်မ စိတ်ဆိုးဖူးသည်။ နာရီပေါင်း၊ရက်ပေါင်းများစွာ ကျွန်မစိတ်ဆိုးလျှင် ၊နာရီပေါင်းရက်ပေါင်းများစွာမှာ သူကျွန်မစိတ်ဆိုးပြေစေဖို့ ကြိုးစားသည်။ ကျွန်မ မျက်နှာမကောင်းလျှင် သူပါ မျက်နှာညှိုးသည် ။ ကျွန်မအဆင်ပြေရဲ့လား တတွတ်တွတ်မေးတတ်သည် ။


သူဘယ်လောက်ပဲ ကျွန်မကို ချစ်တယ်ပြောပြော “အစမလို့ပါ ” ဆိုသည့်စကားနှင့် ကျွန်မ သူ့ကို ထိုးနှက်ခဲ့မိသည် ။


” မင်း ငါပြောနေတာ ကြားလား ၊ မင်း ငါ့စကားကို အာရုံစိုက်ဦး ”


ကျွန်မပခုံးကို ဆောင့်တွန်းခံလိုက်ရသည် ။ အသိစိတ်က ပစ္စုပ္ပာန်ကို ပြန်ရောက်လာသည် ။ ကျွန်မ မော့ကြည့်လိုက်တော့ စိတ်တိုနေသည့် ရည်းစား၏ မျက်နှာကို မြင်လိုက်ရသည် ။ ကျွန်မ ကြောက်သွားမိသည် ။ ကျွန်မ သူ့ဆီကတော့ ဒီလိုမျက်နှာမျိုး မမြင်ခဲ့ဖူးပါ ။ တစ်ခါမှ ၊ လုံးဝ … ။


မျက်ရည်ဟာ ပါးပြင်ပေါ် တလိမ့်ချင်းလိမ့်ကျလာသည် ။ ကျွန်မငိုတော့ ပွေ့ဖက်ရမယ့်အစား စိတ်ပျ က်သော အသံကို ကျွန်မကြားလိုက်ရသည် ။ ကျွန်မပို၍ ဝမ်းနည်းသွားသည်။

ကျွန်မ လက်ဖဝါးနှစ်ဘက်နှင့် မျက်နှာကို အုပ်ကာ တအားရှိုက်ငိုမိတော့သည်။


ကျွန်မရှေ့က ထွက်သွားသော ခြေသံနှင့် တံခါးဆောင့်ပိတ်သံကို ကြားလိုက်ရသည် ။ ကျွန်မ ကိုယ်တွေတဆတ်ဆတ်တုန်နေသည် ။ ပြတင်းပေါက်က ဝင်လာသော လရောင်ကို ငေးကြည့်ကာ ကျွန်မစူးစူးနင့်နင့် အော်လိုက်သည် ။


” ကိုရေ ၊ ငါ့ကို လာနမ်းပါဦး ”


ကျွန်မငိုလျှင် နမ်းရှိုက်ပြီး ချော့တတ်သည့် သူ့ကို နင့်နင့်သည်းသည်း တမ်းတမိသည် ။ မှားမှားမှန်မှန် အရင် ချော့တတ်သည့် သူ့ကို ကျွန်မ လွမ်းသည် ။ ကျွန်မ အမြဲလေသံမာပြီး ပြောလျှင်တောင် ချိုချိုသာသာ ပြန်ပြောတတ်သည့် သူ့ကို ကျွန်မ တောင်းတမိသည်။


ရင်ထဲကို တစိမ့်စိမ့်စီးဝင်လာသည့်အရာဟာ ဘာပါလိမ့် ။ နောင်တတွေများလား ။ သူ့ကို နမ်းဖို့ အကြိမ်ကြိမ် တောင်းဆိုနေသည့် အသံတွေကို ကျွန်မ လျစ်လျူရှုခဲ့မိသည်။ ရင်ခွင်ထဲ လာပါဦး ဆိုတာကို ကျွန်မငြင်းခဲ့မိသည်။ ကျွန်မ သူ့ထက် ကျွန်မ၏ အလုပ်ကို ဦးစားပေးခဲ့မိသည်။ ကျွန်မထက်လစာနည်းသည့် သူ့ကို နှိမ်ခဲ့မိသည်။ ကျွန်မက ပိုရှာ‌ရတဲ့သူ ဆိုပြီး ကျွန်မ၏ စိတ်အလိုမကျမှုများစွာကို သူ့အပေါ်ပုံချခဲ့သည်။


” ကို ကြိုးစားပါ့မယ် ၊ ကိုက မိဘနောက်ခံမကောင်းတော့ အချစ်လို ပညာမတတ်ဘူး အလုပ်ကောင်းမရဘူး ၊ ကို နိုင်ငံခြား သွားမှာပါ ကိုကြိုးစားမှာပါ ၊ကို့ကို ယုံပါ ” ဆိုပြီး ခခယယပြောခဲ့သည့် သူ့ကို ရင်ကျိုးရအောင် “မယုံဘူး” ဆိုပြီး ပစ်ပစ်ခါခါကို ပြောခဲ့မိသည် ။


ကျွန်မ မှားလိုက်တာ ။ ပိုက်ဆံတွေ အများကြီးမပေးနိုင်‌ေပမဲ့ သူချစ်နိုင်သလောက် ၊ သူချစ်နိုင်သမျှ ချစ်ပေးနေသူကို ကျွန်မ ချိုးချိုးနှိမ်နှိမ် လုပ်ရက်လိုက်တာ ။


” ကို နိုင်ငံခြားမှာ ခွေးလိုနွားလို အလုပ်လုပ်မှာ ၊ ပြီးရင် အချစ်ကို ကို လက်ထပ်မယ် ၊ ကို မသွားခင် စေ့စပ်ခဲ့ချင်တယ် ”


အားတတ်သရောပြောနေသည့်သူ့ကို စိတ်ဓာတ်ဟိုးအောက်ဆုံးထိရောက်အောင် ကျွန်မငြင်းခဲ့သည်။


” နင် ဘယ်အချိန်မှပြန်လာမယ်မှန်းမသိဘဲ ငါက စောင့်နေရမှာလား ”


သူအဲ့စကားကို နာကျည်းတာဖြစ်နိုင်သလား ။ ဒါမှမဟုတ် …


” နင် ဟိုမှာ အသစ်ရရင်ရော ” ဆိုသည့် သူ့ကိုယ်ကျင့်သိက္ခာကို ထိခိုက်သည့် စကားကို နာကျည်းတာ ဖြစ်မလား ။ သူဟာ တခြားဘယ်စကားလုံးနှင့် ဘယ်လောက်ပဲနာကျည်းအောင်ပြောပြော စိတ်ဆိုးဖူးတာမဟုတ် ။ သူ့ကိုယ့်ကျင့်သိက္ခာကို ထိခိုက်မှသာ စိတ်ဆိုးဖူးသူ ။ သူမကြိုက်မှန်းသိသိလျက် ။ သူမကြိုက်သည့်စကား များများစားစား မရှိမှန်းသိပါလျက် ။ သူမကြိုက်သည့် ဒီစကားတစ်ခွန်းကိုမှ ကျွန်မရွေးပြောခဲ့သည် ။


” နင် သွားရင် ငါက နောက်ဘဲ ထားမှာ ” လို့ ကျွန်မ သူ မသွားခင် နောက်ဆံတင်းရအောင် ပြောခဲ့မိသေးသည်။ တကယ်တော့ ကျွန်မဟာ စိတ်ထဲမပါ ပါလျက်နှင့်လည်း လျှောက်ပြောတတ်လေ့ရှိသည်။ ဒါကျွန်မ သောက်ကျင့်ဆိုးကြီးပေါ့ ။


ကျွန်မ Gold တစ်လိပ်ကို ဘူးထဲက ထုတ်ပြီး မီးညှိလိုက်သည် ။ ဝရံတာတံခါးကို တွန်းဖွင့်ပြီး လေစိမ်းတွေနှင့် မျက်နှာချင်းဆိုင်လိုက်၏ ။ ဆေးလိပ်ကို တစ်ရှိုက်ဖွာပြီး အငွေ့တွေကို ရှေ့တည့်တည့်ဆီပဲ မှုတ်ထုတ်လိုက်သည့်အခါ အငွေ့တွေကြားမှာ ဝိုးတဝါးသူ့မျက်နှာကိုမြင်ရသည် ။


” လာပါ လာစမ်းပါ ၊ နင်မကြိုက်တဲ့ ဆေး‌လိပ်တွေ သောက်နေပြန်ပြီလားဆိုပြီး ငါ့ မျက်ခွက်ကို တစ်ချက်လောက်ထိုးပေးစမ်းပါ ”


ကျွန်မ အော်ဟစ်ပစ်လိုက်သည် ။ ဟင့်အင်း သူဘယ်တော့မှ ကျွန်မကို နာကျင်အောင်လုပ်မှာမဟုတ်တာ ကျွန်မသိသည်။ ကျွန်မ ငိုယိုရင်း က စိတ်ပျက်စွာ အရုပ်ကြိုးပြတ် လဲကျသွားသည် ။ အမှောင်ထဲမှာ သူ့ကိုယ်ငွေ့ကို တနွေးနွေး ခံစားမိ၏ ။


“နင်ငါ့ပုံစံကို လာကြည့်တာလား …

နင် ငါဒီလိုဖြစ်နေတဲ့ ပုံစံကို မြင်ချင်တာ မဟုတ်လား ”


ကျွန်မပွေ့ဖက်ခံလိုက်ရသလို ‌နွေးသွားသည် ။ ကျွန်မမျက်ရည်တွေဟာ အဆက်မပြတ် …


“ငါတောင်းပန်ပါတယ် …

ပြန်လာပေးပါလား ”


ကျွန်မ သူ့ကို ပထမဆုံးအကြိမ် တောင်းပန်မိသည် ။ ကျွန်မ သူအသက်ရှိစဉ်က ဘာကြောင့်များ ဒီတစ်ခွန်းလေးကို မပြောနိုင်ရတာပါလိမ့် … ။


ပြီးပါပြီ ။

#JoJo