‎လင်ပျောက်မ(စ/ဆုံး)

 ‎လင်ပျောက်မ(စ/ဆုံး)


‎—————-

‎မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။

‎ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက

‎“အမေ”

‎“ဘာလဲသား”

‎“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”

‎“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”

‎“အမေ … ရေခဲချောင်း စားချင်တယ်”

‎“သား မပူဆာနဲ့ကွယ် … အမေ မင်းအဖေကိုရှာနေတာ … သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်”

‎မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင်

‎“ဒီမှာရှင် … ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား”

‎“လှမောင်လား … ပြန်လာလိမ့်မယ် … ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်”

‎သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။ ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ

‎“အကြော်စုံ” ဟုအော်သွားသည်။

‎“အမေ အကြော်စားချင်တယ်”

‎“သားရယ် ခဏ ခဏမပြောနဲ့ကွာ … မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်”

‎“အဖေကလည်း ကြာလိုက်တာ မလာဘူး”

‎သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထွက်ခဲ့သည်။ ငါးတန်းတွင်လည်း သူ့မိန်းမက သူ့ယောကျ်ားကို လိုက်မေးသည်။

‎“ခုဏလေးတင် ဒီနားမှာတွေ့သေးတယ်”

‎“ဘယ် … ဒီအကောင် ပိုက်ဆံရရင် ထုံးစံအတိုင်းနေမှာပေါ့”

‎ထုံးစံအတိုင်းဆိုသည်ကို သူကကောင်းစွာသိနေသည်။ ထို့ကြောင့်

‎“အစ်မ အရက်ဆိုင်က ဘယ်နားမှာလဲ”

‎“ဟို ဈေးအိမ်သာရှေ့ လမ်းတည့်တည့်ဆင်းသွား”

‎သူတို့သားအမိ အရက်ဆိုင်ကို လိုက်ခဲ့ကြပြန်သည်။

‎“သားအပြင်မှာနေခဲ့ အမေ အထဲဝင်ရှာလိုက်ဦးမယ်”

‎မိခင်က ဆိုင်ထဲဝင်ပြီး လျှောက်မေးသည်။

‎“လှမောင် … ဒီမနက် မလာသေးဘူး”

‎သူတို့သားအမိ ဈေးထဲကို ပြန်လာကြပြန်သည်။ ကလေးကို လက်ကဆွဲ၊ လင်ကိုလည်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ကလေးက လက်လွတ်သွားသည်။

‎“ကိုလှမောင် … ကိုလှမောင်”

‎သူက ကလေးကိုမေ့ပြီး လူအုပ်ကြားထဲပြေးလိုက်သွားသည်။ ကိုလှမောင်ကို တွေ့၍ထင်သည်။ ကလေးကို မေ့သွားသည်။

‎“အမေ … အမေ … အမေ”

‎ကလေးက အမေဟု အော်ကာငိုသည်။

‎လူတွေက ဝိုင်းလာသည်။

‎“သားအမေ ဘယ်သွားလို့လဲ”

‎“အမေ အဖေ့ကိုလိုက်ရှာနေတယ် ဟီး … ဟီး”

‎“မငိုနဲ့တိတ်တိတ် … ဒီမှာ သကြားလုံးစား”

‎“စားဘူး”

‎“အမေ … အမေ … အမေရေ”

‎“ကလေးသနားစရာကွယ် … သူ့အမေ သူ့ကို စွန့်ပစ်သွားတာလား”

‎“သားလေးရော့ ရော့ … ဒီမှာ ပေါင်မုန့်လေးစား”

‎“စားဘူး … အမေရေ … အမေ”

‎ကလေးက သူ့အမေကို တမ်းတပြီး အော်ငိုနေသည်။

‎“ကလေးကို ပစ်ပြေးသွားတာနေမယ် … တော်တော် ယုတ်မာတဲ့ကလေးအမေ”

‎“အမေ … အမေ … ဟီး … ဟီး”

‎“သား ဒီမှာ ပြောင်းဖူးစား … ရော့ …”

‎“စားဘူး … သွား … အမေရေ … အမေ”

‎ကလေးတစ်ယောက်တွက် သူ့အမေကလွဲပြီး ဘာမျှအရေးမကြီး။ ဗိုက်ဆာတာလည်းမေ့နေပုံရသည်။ သူက မိခင်ကို အော်ခေါ်ပြီး လိုက်ရှာသည်။ ကလေးကို လူတွေက ဈေးခေါင်းရုံးကိုခေါ်သွားပြီး သွားအပ်ထားလိုက် သည်။ ကလေးမိခင်က လူအုပ်ကြားကိုရောက်လာပြီး

‎“ဒီမှာရှင် … ဒီမှာ ကျွန်မ သားလေး ပျောက်သွားလို့ပါ … ဒီနားမှာ ပျောက်သွားတာ။ အပေါ်အင်္ကျီ အနီလေးနဲ့ … တွေ့မိကြသလားရှင် … သားရေ … သားရေ”

‎“အဲဒီကလေးလေးလား … ဈေးခေါင်းရုံးမှာ သွားအပ်ထားတယ်”

‎မိခင်ဖြစ်သူက ဈေးခေါင်းရုံးကို ပြေးသည်။

‎“ကျွန်မ သားလေး … ကျွန်မသားလေး”

‎“ဒါ ခင်ဗျား သားလား”

‎“ဟုတ်ကဲ့ပါရှင်”

‎“ကလေးက ငိုနေတော့တာပဲ … ဘာကျွေးလို့မှလည်း မစားဘူး”

‎“ကျွန်မလည်း လူကြားထဲမှာ လက်လွှတ်လိုက်မိတာရှင့် … ငါ့သားလေး စိတ်ဆင်းရဲသွားရပြီ”

‎“အမေကလည်း ဘယ်သွားနေတာလဲ … သားကြောက်လိုက်တာ”

‎“မကြောက်နဲ့တော့ အမေလာပြီပဲ … ကျေးဇူးပါရှင် ကျွန်မသားလေးကို ပြန်ခေါ်သွားတော့မယ်”

‎“ခေါ်သွား”

‎သူတို့ သားအမိ ဈေးခေါင်းရုံးက ထွက်ခဲ့သည်။

‎“အမေ … အဖေ့ကိုတွေ့ခဲ့လား”

‎“မတွေ့ဘူး”

‎“သားဗိုက်ဆာလိုက်တာ”

‎“အမေလည်း ဆာတာပဲကွယ်”

‎ထိုစဉ် လူတစ်ယောက်က

‎“ဟဲ့ … နင် လှမောင်မိန်းမ မဟုတ်လား”

‎“ဟုတ်ကဲ့”

‎“နင့်လင် တံတားအောက်မှာ ဖဲရိုက်နေတယ်”

‎သူတို့သားအမိ တံတားအောက်ကို ပြေးကြသည်။ တံတားအောက်တွင် သူရှာနေသော လင်ကိုတွေ့သည်။

‎“ကိုလှမောင်”

‎“ဘာလဲ”

‎“ကျွန်မတို့သားအမိ ဆာနေပြီ”

‎“သွားသေလိုက် … ဒီမှာ ဖဲရှုံးနေရတဲ့အထဲ”

‎“အဖေ သားဗိုက်ဆာတယ်”

‎“ဟာ … ဒီသောက်ကမြင်းမသားအမိ လာဘ်တိတ်တယ် … ထွက်သွားကြစမ်း”

‎မိခင်က သားလက်ကိုဆွဲကာ

‎“လာ သားလေး သွားကြမယ်”

‎သူတို့ ဈေးထဲပြန်ဝင်ခဲ့ကြသည်။

‎“အမေ သားဗိုက်ဆာတယ်”

‎“လာသား”

‎သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။

‎“အစ်ကိုကြီး အစ်မကြီးတို့ရယ် … သားလေးဗိုက်ဆာလို့ တစ်ပြားတစ်ချပ်လောက် စွန့်ကြဲခဲ့ကြပါရှင်”

‎တင်ညွန့်

‎၁၆.၁.၂၀၂၅