စိန်မြရံခြယ်(စ/ဆုံး)
—————
အိဖြူတစ်ယောက်မင်္ဂလာဆောင်တော့မည်ဟူသောသတင်းကအုံးအုံးကြွက်ကြွက်ဖြစ်သွားရုံမက.ဟင်ကနဲ၊ဟာကနဲပါဖြစ်ကုန်သည်။ဒီလောက်ဆင်းရဲနုံချာပြီးတစ်နေ့လုပ်မှတစ်နေ့စားနေရသူကဒီလိုဖြစ်စရာအကြောင်းမရှိ၊နားကြားများလွဲနေရော့သလားဟုထင်မှတ်မိကြသည်။
ဟုတ်တော့လည်းဟုတ်သည်၊အိဖြူကပန်းရောင်းရင်းနဲ့အသက်မွေးနေရသူ။သူတစ်ယောက်ထဲမက၊ဆွံအနေရှာသောအမေအိုကိုပါလုပ်ကိုင်ကျွေးနေရသည်။
မနက်ဆိုမည်သူမျှမထသေးခင်ပန်းဒိုင်ကိုသွား၊ယူပြီးမှစျေးထဲတစ်နေရာလေးမှာထိုင်ပြီးရောင်းရသည်။တခါတရံပန်းတွေကမကုန်၍နေဝင်ဖြိုးဖျအချိန်အထိရောင်းရလေသည်။တစ်နေ့ကုန်ထိုင်ရ၍အညောင်းအညာတွေပင်မိသည့်အခါရှိ၏။သို့ပေမဲ့မနားနိုင်သေးချေ။
အိမ်ကိုရောက်ရောက်ချင်းအိပ်ယာထဲလဲနေသောအမေအိုပွေ့ထူကာရေမိုးချိုးပေးရသေး၏။
အမေ့စားဖို့ရန်အတွက်ပါစားစရာလေးစီစဥ်ပေးရသေးသည်။ပြီးမှမိမိလုပ်စရာရှိသည်များကိုလုပ်ရ၏။ပျာပျာသလဲလုပ်၍ချွေးပြိုက်ပြိုက်ကျခဲ့ရသည်။သို့ပေမဲ့တစ်ချက်ကလေးမှမသုတ်အား၊ဘဝသမားမို့လက်ကျန်အလုပ်ကိုရှင်းရတော့သည်။
ဤသို့ဘဝကိုကိုယ်တိုင်ဖြေရှင်းနေရသူမို့တစ်ပါးသူမိန်းကလေးတွေလိုမလိမ်းခြယ်အား၊သနပ်ခါးထူထူလေးလိမ်းကာသာတစ်နေတာကုန်ဆုံးရသည်။သို့ပေမဲ့အိဖြူမှာမိန်းမတို့အင်္ဂါရပ်တော့ရှိ၏။
ခန္ဓာကိုယ်သွယ်လျနေကာ၊ဆံပင်တွေကလည်းဒူးဆစ်သည့်တိုင်၊အသားကလေးကလဲဖြူဖွေးနေပြီး၊မျက်နှာကလေးမှာလည်းလဝန်းကလေးသို့တင့်တယ်ကာချစ်စရာအသွင်အပြင်တော့ရှိသည်။
ထို့ကြောင့်များလူချစ်လူခင်ပေါလေရော့သလားဟုအများကထင်မိ၏။ထိုအကြောင်းလဲပါလေမည်သာ။နောက်တစ်ခုကမျက်နှာပြုံးပြုံးရွင်ရွင်လေးနဲ့ရယ်ကာ၊မောကာပြောတတ်သောအကျင်ကလေးကလေးလည်းစွဲမက်စရာတစ်ခုလို့တော့ထင်သည်။
ဘာဘဲဖြစ်ဖြစ်အိဖြူကတော့ထာဝရလက်တွဲဖို့လူတစ်ယောက်ရှိနေပေပြီ။
ထိုသူကလည်းအိဖြူထံသို့ရက်ခြားဆိုသလိုပန်းတွေလာဝယ်၏။လာဝယ်ရင်းက.
‘အမ.ပန်းတစ်စည်းဘယ်လောက်လဲဟင်.’
မနက်စျေးဖွင့်ခါကာစပင်ရှိသေးသည်၊အသားဖြူဖြူ၊အရပ်မနိမ့်မမြင့်၊မျက်ခုံးထူထူကောင်လေးကလာဝယ်၏။
‘နှစ်ထောင့်ငါးရာပါကွယ်၊ဘယ်နှစည်းယူမလဲဟင်’
‘နှစ်စည်းဘဲပေးအမ၊အိမ်မှာကအဲ့လောက်ဆိုရတယ်’
‘အေးအေး.မင်းကြိုက်တာရွေးယူလိုက်နော်’
ထိုနေ့ကစပြီးဝယ်သည်။နောက်တော့မကြာမကြာလာဝယ်၏။ဝယ်တိုင်းလဲနှစ်စည်းထက်မပို၊ပုံမှန်အတိုင်းသာဝယ်သွားသည်။
ကြာလာတော့လဲနှစ်ဦးသားခင်မင်လာကြ၏။ကောင်လေးကပန်းလာဝယ်ရင်းစကားစမြည်တွေပြောလာသည်။
‘အမက.ဘယ်ကလာရောင်းတာလဲဟင်’
‘အမကတောရွာကပါကွယ်၊ဒီမြို့ကဆိုရင်တော့တစ်မိုင်ကျော်လောက်ဝေးမှာပေါ့’
‘အော်.ဒါဆိုအမကမနက်အစောကြီးဒီကိုလာရမှာပေါ့နော်’
‘အေးပေါ့ကွဲ့.လာရတာပေါ့၊အမတို့ကမရှိဆင်းရဲသားတွေလေကွယ်၊ဒီလိုမှလုပ်ကိုင်မစားရင်ငတ်ရုံဘဲရှိတာဘဲမောင်လေးရဲ့’
ကိုယ့်ထက်ငယ်မည်ဟုယူဆ၍သာမောင်လေးဟုခေါ်ရပေမဲ့စိတ်ထဲမှာတော့လိပ်ပြာမလုံချေ၊ခေါ်မိတိုင်းအသာကလေးအရိပ်အခြည်ကြည့်ရသေးသည်။
‘ဒီလိုပါဘဲအမရယ်၊လူတိုင်းအလုပ်လုပ်မှစားကြရတာပါ၊အမတစ်ယောက်ထဲမဟုတ်ပါဖူးနော်’
စကားတွေလဲပြောအကြည့်ချင်းလဲဆုံတဲ့အခါတွေရှိသည်။
အိဖြူကလည်းမသိမသာကြည့်မိသလို၊ကောင်လေးကလည်းအိဖြူမျက်နှာလေးကိုစိုက်ကြည့်သည့်အခါတွေရှိသည်။
အပင်ကိုတွယ်တက်ဖို့အားယူလာသည့်နွယ်ပင်လေးအလား၊မျက်စိကအိဖြူအနားမှသိတ်မခွာချင်။စူးစူးစိုက်စိုက်ပင်ကြည့်ကြည့်နေသည်။
ထိုသည်ကိုအိဖြူကလည်းရိပ်မိ၏။မိန်းကလေးဆိုတော့လဲရင်တွင်းကခုန်နှုန်းကိုထိန်းချုပ်ရသည်မဟုတ်လား။
သိတ်မကြာခင်ကောင်လေးကအိဖြူကိုချစ်ရေးဆိုလာတော့သည်။
‘မဖြစ်ပါဖူးကွယ်၊မင်းဘဝနဲ့မမက၊တောင်ကြီးတစ်ခုနဲ့ကုန်းကမူလေးတစ်ခုလိုကွာခြားလွန်းပါတယ်ကွယ်၊အခြားမိန်းကလေးတစ်ယောက်ယောက်ကိုဘဲရှာချစ်ပါနော်’
ထိုနေ့ကထင်တော့ထင်သည်၊ကောင်လေးကအရင်လိုဝယ်နေကျမဟုတ်ဘဲ၊ပန်းတွေကိုအများကြီးလာဝယ်သည်။ဘာလုပ်ဖို့လဲမေးတော့၊သူ့မွေးနေ့မှာဘုရားကိုလှူဖို့တဲ့လေ၊
ပြီးတော့မမနဲ့မွေးနေ့အတူတူတဲ့၊ဟာ.ငါမွေးနေ့ကိုနင်ဘယ်လိုလုပ်ပြီးသိတာလဲဆိုတော့၊အိုးမမကလဲစိတ်ဝင်စားရင်အကုန်စုံစမ်းလို့ရတာဘဲလို့ပြန်ဖြေတယ်၊ဒီကောင်လေးရိုးမှရိုးရဲ့လားပေါ့၊ထင်တဲ့အတိုင်းဘဲချစ်ရေးလာဆိုတာ’
‘အိုးမမကလဲဘာလို့မဖြစ်ရမှာလဲ၊မမအကြောင်းကိုလည်းမောင်လေးကအကုန်သိတယ်၊မောင်လေးရဲအကြောင်းကိုလဲမမကသိသင့်သလောက်သိနေလောက်ပါပြီဗျာ၊ချစ်တယ်၊မချစ်ဖူးသာပြန်အဖြေပေးလိုက်တော့’
မိမိဘဝကလည်းအချစ်ဆိုသည့်အရာကိုယခုမှနဖူးတွေ၊ဒူးတွေ့ကြုံဖူးသည်။ဘာပြန်ဖြေရမှန်းမသိ။ခန္ဓာကိုယ်တစ်ခုလုံးဘာဖြစ်လာမှန်းမသိ၊ထိုင်ရမလို၊ထရမလိုဖြစ်လာသည်။ကောင်းလေးကလည်းအတင်းဓမ္မမေးနေ၏။
‘ဖြေလေမမ.မောင်လေးကိုချစ်လား’
ငေးမှိုင်တွေဝေနေသူကိုခါးတို့လိုက်သမျိုးလန့်ဖြန့်ပြီးခေါင်းညိမ့်လိုက်မိသည်။
ပြီးတော့မှမိမိရှက်နေသည်။
‘ဟာ.ေပျာ်လိုက်တာမမရာ၊ဒါဘဲနော်မမ၊မကြာခင်မောင်လေးကလာတောင်းမှာသိလား’
ငယ်ရွယ်သူမို့တခဏတာစိတ်ကစား၍ပြောသွားခြင်းဟုထင်မိသည်။အခုတော့မိဘတွေကိုခေါ်လာပြီးစကားပင်လာရောက်ကြောင်းလမ်းသွား၏။
မကြာမြင့်မီမိမိကိုလာရောက်တောင်းကြတော့မည်။
ထိုသတင်းကိုကြားသိရသူအပေါင်းသိတ်ပြီးမယုံချင်ကြသေးချေ။
တစ်ယောက်တစ်ပေါက်တွေပင်ပြောဆိုနေသံကိုကြားနေရသေး၏။သို့ပေမဲ့အိဖြူဂရုမစိုက်ပေ။
အချိန်တန်တော့သိလိမ့်မည်ဟုသာမှတ်ယူထားလိုက်သည်။
အိဖြူတို့မင်္ဂလာပွဲကားခမ်းနားလှသည်။
ပန်းများခြယ်သထားသောမဏ္ဍာပ်ကြီးနှင့်၊အကျွေးအမွေးကလည်းအရသာရှိသောအရာများ။
အိဖြူဝတ်ဆင်ထားသည်မှာလဲဖိတ်ဖိတ်တောက်နေသည်၊ပိုးသားအစစ်အထည်များကိုသာရွေးချယ်ပြီး၊ဒီဇိုင်းနာတစ်ဦးထံမှာအပ်နှံပေးထားသည်။သူတို့သားကလည်းထိုနည်းတူပင်၊အထက်ကအဖြူရောင်ပိုးသားအထည်ကိုဝတ်ဆင်ထားပြီး၊အောက်ကပန်းနုရောင်လုံချည်ကိုဝတ်ဆင်ထားသည်။
မောင့်ကျက်သရေခေါင်းပေါင်းလေးနဲ့မို့ကျက်သရေရှိလှ၏။အိဖြူတစ်ကိုယ်လုံးမှာလဲစိန်ရွှေရတနာများနဲ့သီးနေသည်။
အိဖြူ၏မိခင်ကိုလည်းအဝတ်အစားကောင်းများဝတ်ဆင်ပေးပြီး၊ဆိုဖာထိုင်ခုံတစ်လုံးမှာထိုင်နေစေ၏။မြင်ရသူအပေါင်းပင်အံ့သြမဆုံးဖြစ်ကြသည်။
အစပိုင်းတော့းမျက်နှာမွဲ၏မင်္ဂလာဆောင်ဟုသတ်မှတ်ကာလူအများသိတ်မလာကြချေ၊နောက်ပိုင်းမှတစ်စ၊တစ်စကြားသိလာပြီးလူအများအပြားရောက်ရှိလာကြ၏။
တဖြည်းဖြည်းစည်ကားလာတော့သည်။
ဘဝအခြေအနေတစ်ခုကြောင့်ညှိုးနွမ်းခဲ့ရသောပန်းတစ်ပွင့်ကား၊ယခုတော့ပင်မြင့်ထက်အခိုင်လိုက်ပွင့်လန်းနေသလိုမျ်ုးကျက်သရေ၊မင်္ဂလာအပေါင်းနဲ့ပြည့်စုံလာရ၏။တချို့ကတော့ပြောကြသည်။အိဖြူတစ်ယောက်အပြုံးချိုချိုမျက်နှာထားကလေးနှင့်ပြောဆိုဆက်ဆံတတ်သောကြောင့်ဟူ၍။
တချို့ကျပြန်တော့လည်းထိုသို့မဟုတ်ချေ၊မိဘကိုလုပ်ကျွေးသောအကျိုးကျေးဇူးဟုပြောကြပြန်သည်။မည်သူကမှန်သည်မသိ၊
လက်တွေ့မှာတော့အိဖြူတစ်ယောက်၏ဘဝမြင့်မားသွားသည်မှာသေချာနေပြီ။..။
စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်..ပညာရေး
ကညွတ်ကွင်းမြို့