ကံဆိုး ကံကောင်း
ကံဆိုး ကံကောင်း
-----------------
တောင်ပေါ်လမ်းလေးအတိုင်း ဘတ်စ်ကားတစ်စီး တအိအိနှင့်တက်လာသည်။ ကားထွက်လာကတည်းက အဘွားအိုတစ်ဦးသည် တဝေါ့ဝေါ့နှင့် အန်နေသည်။ ကားမူးတတ်ပုံရသည်။ ကားပေါ်မှ လူတွေကလည်း အဘွားအိုကို ကျွတ်ကျွတ်အိတ်တွေပေး ရှူဆေးတွေပေးကြသည်။
တောင်ပေါ်စခန်းတစ်ခုသို့အရောက်တွင် ကားစပယ်ယာက
“စားသောက်ဆိုင်မှာ ခေတ္တနားမယ်။ အပေါ့အပါး သွားလို့ရပါတယ်” ဟုပြောလိုက်သည်
ကားရပ်ပေးလိုက်သည်။ အဘွားအိုနှင့်အတူ အားလုံးဆင်းကာ နားကြသည်။ စားကြသောက်ကြသည်။ အဘွားအိုမှာ ထမင်းဆိုင်တွင် ထိုင်နားရင်း မှေးနေသည်။
ကားပေါ်တွင် လူစုံပြီ။ စပယ်ယာက အဘွားအိုကို လာပြန်ခေါ်သည်။ သို့သော် အဘွားအိုက မျက်စိလေးမှိတ်ကာ မှိန်းနေသည်။
“အဘွား ကားထွက်တော့မယ် ... နေကောင်းသွားပြီလား”
“အဘွားကို ၁၅ မိနစ်လောက် စောင့်ပေးပါဦးလားကွယ်”
“ခရီးသည်တွေက ပြောကြလိမ့်မယ်အဘွား”
“အေးပါကွယ် ... အဘွားကို မစောင့်ပါနဲ့တော့ ... အားနာစရာကောင်းလိုက်တာ။သွားလိုက်ကြတော့နော်။ အဘွား နောက်ကားနဲ့မှပဲ လိုက်ခဲ့တော့မယ်” ဟု ပြောလိုက်သည်။
စပယ်ယာကလည်း လှည့်ပြန်ကာ ကားပေါ်တက်သည်။ ကားထွက်သွားသည်။
ထိုကားသည် ထမင်းဆိုင်စခန်းနှင့် မဝေးလှသော တောင်ကွေ့တွင် တောင်ပေါ်မှ မြေတွေပြိုကျပြီး ကားပါ ချောက်ထဲကျသွားသည်။ ခရီးသည်တွေ အဖြစ်ကား မတွေးဝံ့အောင်ပင်။
ထမင်းဆိုင်ရှင်က ပြောသည်
“အဘွား ကံကောင်းတယ် သိလား ... အဘွားစီးလာတဲ့ကားကလေ ဟိုကွေ့မှာ တောင်ပြိုပြီး ချောက်ထဲကျသွား တယ် ... အဘွားနေခဲ့တာ သိပ်ကံကောင်းတာပဲ”
အဘွားက ရင်ဘတ်လေးကိုဖိကာ
“ဘယ့်နှယ်ပြောလိုက်တာလဲကွယ် ... တကယ်လို့ အဘွားအဲဒီ ကားပေါ် ပါသွားရင် အဲဒီလို ကံဆိုးမိုးမှောင်ကျ ချင်မှကျမှာပေါ့” ဟုပြောလိုက်သည်။
လူတွေက ကံဆိုးခြင်း ကံကောင်းခြင်းကို အနေအထားတစ်ဖက်ကသာ ကြည့်ပြီး ဆုံးဖြတ်ကြသည်ကများသည်။
အကယ်၍ ထိုကားသည် အဘွားအိုကို သက်သာသည်အထိ ဆက်စောင့်နေလျှင် ၁၅ မိနစ်ခန့် ကားထွက်နောက် ကျသည်နှင့် အခြေအနေတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
(Ref: Good Luck or Bad Luck)
တင်ညွန့်
၅.၉.၂၀၂၂