မပွင့်ခင်ကြွေ
#မပွင့်ခင်ကြွေ
""သွားကြ ဒီနေ့ သုံးသောင်းမရရင် အိမ်ပြန်လာဖို့မစဥ်းစားနဲ့""
အမေသိန်းရဲ့လေသံနှင့်မျက်နှာအမူအရာက ခက်ထန်လှသည်..ဂျစ်တူးမက ထိုနေရာမှ ခပ်သွက်သွက်ထွက်လာတော့ ဖိုးသားကသူမနောက်မှ အပြေးတစ်ပိုင်းလိုက်လာသည်..
""ဟဲ့ နင်ကငါ့နောက်ကမလိုက်နဲ့လေ တခြားနေရာသွား""
ဂျစ်တူးမက အသံစူးစူးလေးဖြင့်အော်လိုက်တော့ ဖိုးသားက မျက်နှာငယ်ကလေးဖြင့်...
""ဒီနေရာကအသစ်လေ သားမှမသွားတတ်တာ ပြီးတော့ သားလမ်းပျောက်သွားမှာကြောက်လို့""
""ကြောက်နေလို့မရဘူးလေ ခုနက အမေသိန်းပြောတာ ကြားတယ်မဟုတ်လား ဒီနေ့သုံးသောင်းမရရင် အရိုက်ခံရမှာ ထမင်းလည်းငတ်မှာနော် သွားသွား ဟိုဖက်ကို""
ဂျစ်တူးမက ဖိုးသားပုခုံးလေးကို ဇွတ်အတင်းတွန်းကာ တစ်ဖက်သို့လွှတ်လိုက်ပြီးနောက် သူမက မီးပွိုင့်မိ၍ ရပ်နေသောကားတစ်စီးထံသို့ ပြေးထွက်လာခဲ့သည်..
""သမီးခုထိ ဘာမှမစားရသေးလို့ပါဦးဦးရယ်""
ကားအကောင်းစားကြီးပေါ်မှ ရုပ်ရည်သန့်သန့်ဦးလေးကြီးထံမှ ငါးထောင်တန်တစ်ရွက်ထွက်လာသည်မို့ ဂျစ်တူးမ ပျော်လိုက်သည့်ဖြစ်ခြင်း..သူမကိုငေးစိုက်ကြည့်နေသော ဦးလေးကြီး၏ဘေးမှ ကျောင်းဝတ်စုံလေးနှင့်ကောင်မလေးကိုတော့ ဂျစ်တူးမ မမြင်ဟန်ဆောင်ကာ လှည့်ထွက်လာခဲ့မိသည်..
ကျောင်းဝတ်စုံလေးများနှင့် ကလေးတွေကိုမြင်တိုင်း ဝမ်းနည်းသိမ်ငယ်ခဲ့ရသောစိတ်တို့သည် ပိုက်ဆံရှာရမည် ဆိုသောအသိအောက်မှာ ပျောက်ကွယ်ခဲ့တာကြာလေပြီ..
အသက်ခုနှစ်နှစ်ဝန်းကျင် အသားဖြူဖြူနှင့် ရုပ်ရည်သန့်ပြန့်သော်လည်း အာဟာရချို့တဲ့ပုံပေါက်ကာ ပိန်လှီနေသောဂျစ်တူးမကို မြင်သူတိုင်းက မသနားပဲမနေနိုင်ပေ..
ထိုသို့ဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခဲ့ခြင်းမဟုတ်လား..ဂျစ်တူးမနှင့်ဖိုးသား အပါအဝင် အမေသိန်းမွေးထားသော ကလေးများစွာသည် အာဟာရပြည့်ဝအောင် မစားသောက်ရခြင်း နေပူမိုးရွာမရှောင် လမ်းတကာလှည့်ကာ သွားလာတောင်းရမ်းရခြင်းတို့ကြောင့် မူလရုပ်ပင်ပျောက်ကာ ပိန်လှီနွမ်းလျနေကြလေသည်..
သို့တိုင်အောင် လူတွေကဂျစ်တူးမတို့ကို တွေ့ဖန်များလာလျင်လည်း စေတနာမရှိတော့တာမို့ အခုလိုမျိုး နေရာပြောင်း၍တောင်းရမ်းရတာမျိုး မကြာခဏလုပ်ရတတ်သည်..အစပိုင်းတော့ မဝံ့မရဲနှင့် ယောင်လည်လည်ဖြစ်ရသော်လည်း ကြာလာတော့ အသားကျသွားခဲ့ပြီ...
""သားတော့ အရိုက်ခံရတော့မယ် ""
အိမ်ပြန်ချိန်ရောက်တော့ ဖိုးသားမျက်နှာက ငိုမဲ့မဲ့..
""သား ကားကြီးတွေကြောက်တယ်မမ အဲဒါကြောင့် ကားတွေကြားထဲမသွားရဲဘူး""
ဂျစ်တူးမက ဖိုးသားရဲ့ဆာနေသော ခြေထောက်လေးတစ်ဖက်ကိုငုံ့ကြည့်ရင်း သက်ပြင်းချလိုက်မိသည်..မနှစ်က ဖိုးသားတစ်ယောက် ကားတွေကြားထဲသွားလာတောင်းရမ်းရင်း ကားတိုက်ခံရကာ ညာဖက်ခြေသလုံးရိုး ကျိုးသွားခဲ့သည်..
ကားပိုင်ရှင်က ဆေးရုံပို့ပေးကာ ဆေးဖိုးဝါးခနှင့် နစ်နာကြေး အပြည့်အဝပေးခဲ့ပါသော်လည်း အမေသိန်းတို့လင်မယားက ဆေးကုသမှုအပြည့်အဝမပေးခဲ့ပဲ နစ်နာကြေးများကိုလည်း သူတိူ့ပဲမောင်ပိုင်စီးခဲ့သည်လေ..ဖိုးသား၏ခြေထောက်မှာလည်း မလှုပ်ရှားပဲနားနေရမည့်အစား ကျောက်ပတ်တီးအဖွေးသားဖြင့် သွားလာတောင်းရမ်းနေရခြင်းကြောင့် ခြေထောက်ပုံပျက်ကာ တစ်ဖက်မသန်စွမ်းသလို ဖြစ်သွားရလေသည်..
ဂျစ်တူးမက ဖိုးသားအင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံတွေကိုထုတ်ရေကြည့်ပြီး လိုသောငွေကို သူမပိုက်ဆံထဲမှစိုက်ထည့်လိုက်သည်..
""အဲဒါဆို မမအရိုက်ခံရမှာပေါ့""
ဖိုးသားစကားကို ဂျစ်တူးမကပြုံးပြလိုက်ရင်း...
""ဘာမှမဖြစ်ပါဘူးဖိုးသားရဲ့ ဒီလောက်ကအေးဆေးပါ""
သူမအရိုက်ခံရတာထက် သူမထက်ငယ်ပြီး ခြေထောက်လည်းမသန်ရှာသော ဖိုးသားအရိုက်ခံရတာက ပိုဆိုးလိမ့်မည်ဟု ဂျစ်တူးမတွေးမိသည်..
""ဖြန်း...ဖြန်း...ဖြန်း...
ခြေသလုံးသားပေါ်သို့ တုတ်တစ်ချက်ကျလာတိုင်း စူးခနဲစူးခနဲနာသွားရသော်လည်း ဂျစ်တူးမ မလှုပ်ရဲပဲ လက်ပိုက်ကာမတ်တပ်ရပ်နေရသည်..ငြိမ်ငြိမ်မရပ်ပဲ လှုပ်ရှားမိ ရုန်းကန်မိပါက အမေသိန်း၏ဒေါသက ပိုဆိုးသည်လေ...
""ကောင်မ ဒီလောက်ပိုက်ဆံလေးတောင် ရအောင်မတောငိးနိုင်ဘူးလား နင့်ထက်ငယ်တဲ့ကလေးတွေတောင် ရတဲ့ဟာကို သောက်သုံးကိုမကျဘူး ဒီည နင်တို့နှစ်ယောက် ထမင်းစားရလိမ့်မယ်မထင်နဲ့""
ထိုညက ဂျစ်တူးမလိုပဲ ငွေအပြည့်မရခဲ့သော မမချစ်စုနှင့်အတူ ဆာနေသောဗိုက်ကို ရေအပြည့်ဖြည့်ကာအိပ်ရာဝင်ရသည်..ဝါးခြမ်းဖြင့်အရိုက်ခံရသော ခြေသလုံးမှ တစစ်စစ်ကိုက်ခဲနေသဖြင့် နှစ်ယောက်သား တကျွတ်ကျွတ်ညည်းညူနေကြရသည်..
ဂျစ်တူးမတို့အဖွဲ့က အရွယ်စုံရှစ်ယောက်ရှိပြီး အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်မှာ စောင်အစုတ်တစ်ထည်ခင်းကာ ပူးကပ်အိပ်ကြရသည်..မမချစ်စုနှင့် မမဝိုင်းက အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်ရှိပြီဖြစ်ပြီး အဖွဲ့ထဲမှာအကြီးဆုံးဖြစ်သည်..အငယ်ဆုံးမှာ အသက်ငါးနှစ်ခန့်ရှိပြီဖြစ်သော ဖိုးသားဖြစ်သည်..သူတို့၏နာမည်များအားလုံးကို အမေသိန်းကပေးထားခြင်းဖြစ်ပြီး နာမည်အရင်းကိုတော့ ကိုယ်တိုင်ပင်မမှတ်မိတော့ပေ..
သူတို့အားလုံးက အမေသိန်း၏သားသမီးရင်းချာများ မဟုတ်ကြတာသိကြသော်လည်း ဘယ်ကနေဘယ်လို ဒီကိုရောက်လာမှန်းတော့ ဘယ်သူမှမမှတ်မိကြတော့..သူတို့သိသည်က အမေသိန်းတို့လင်မယားအတွက် သူတို့ကပိုက်ဆံရှာပေးရသည်..အမေသိန်းက သူတို့ကိုနေစရာပေးသည် ထမင်းကျွေးသည်..
ဂျစ်တူးမသည် သူမဘယ်သူ ဘယ်ကလာခဲ့သည်ဆိုတာ မမှတ်မိသော်လည်း ဤနေရာသည် သူမ၏နေရာမှန်မဟုတ်တာကိုတော့ စိတ်ထဲမှာသိနေသည်..တခါတလေ အိမ်မက်တွေမက်သည်..တိုက်ဆိုင်တာတစ်ခုခုကိုမြင်လျင် ဖျတ်ခနဲသတိရသွားတတ်သည်..သူမမှာ ငယ်ရွယ်သောမိဘနှစ်ပါးနှင့် ယခုလောက်မဆိုးသော လူမှုအဆင့်အတန်းတစ်ခုမှာ နေခဲ့ရသည်ကိုတော့ သတိရမိသည်..
သို့သော် မိဘတွေ၏အမည်ကို မမှတ်မိသလို သူမဘာကြောင့် အမေသိန်းဆီရောက်လာခဲ့ရသည်ကိုလည်း မမှတ်မိတော့ပေ...
*****
နောက်ရက်မှာတော့ ဂျစ်တူးမတို့ရဲ့အိမ်စုတ်ကလေးဆီသို့ နောက်တစ်ယောက်ထပ်တိုးလာခဲ့သည်..တစ်နှစ်ကျော်ဝန်းကျင်သာရှိသေးသော ကလေးလေးသည် စရောက်ကတည်းက တစ်နေကုန်ငိုနေကာ "မေမေ" ဟုသာတဂျီဂျီခေါ်နေတော့သည်..
အမေသိန်းသည် သန့်သန့်ပြန့်ပြန့်နှင့် ကောင်းကောင်းမွန်မွန်ဝတ်စားထားသော ထိုကလေးလေးကို ခေါင်းတုံးရိတ်သည်..ပါလာသောအဝတ်အစားတွေကိုချွတ်ယူကာ အဝတ်အစားအစုတ်အပြတ်များဝတ်ပေးသည်..ရုပ်ပင်မပေါ်တော့လောက်အောင် သနပ်ခါးတွေထူပိန်းနေအောင်လိမ်းပေးသည်..
ထို့နောက် အဖွဲ့ထဲမှအကြီးဆုံး မိဝိုင်းနှင့်အတူ လမ်းဘေးမှာထိုင်ကာတောင်းစေသည်..လူတွေကမေးလာလျင် ဘယ်လိုဖြေရမည်ဆိုတာလည်း သေချာသင်ပေးထားသည်..ကလေးငယ်လေးကိုချီပွေ့ထားသော ဆယ်ကျော်သက်မိန်းကလေးငယ်၏ သနားစဖွယ်ပုံရိပ်သည် လူတွေ၏အသည်းနှလုံးကို များစွာထိခိုက်စေဟန်တူပါသည်..ထိုကလေးငယ်လေးကို အကြောင်းပြုကာ အမေသိန်းတို့လင်မယား တွက်ချေအလွန်ကိုက်နေတော့သည်...
""မေမေ...မေမေ""
ညဖက်ရောက်လျင်တော့ ထိုကလေးလေး၏ တအီအီငိုသံကြောင့် တစ်အိမ်လုံးအိပ်ရေးပျက်ကြရသည်..အထူးသဖြင့် အတူအိပ်ကြရသော ကလေးအုပ်စုဖြစ်ပြီး အမေသိန်းတို့လင်မယားက ထရံကာထားသော အတွင်းခန်းမှာအိပ်ကြသည်မို့ တော်သေးသည်ပြောရမည်..
""မိသိန်း နင့်ဟာလေး အတော်နားညည်းတယ်ဟာ တစ်ခုခုလုပ်စမ်း""
အတွင်းခန်းမှ အမေသိန်းယောက်ျားဦးတိုးက ထအော်လိုက်မှ အမေသိန်းက အပြင်သို့ထွက်လာပြီး..
""ဟဲ့ ဒီမှာ နို့မှုန့်ထုတ်နဲ့ရေနွေး တစ်ယောက်ယောက်ဖျော်ပြီးနို့ဘူးထဲထည့်ပြီး အဲငနာလေးကိုပေးထားလိုက် တကတည်း အိပ်ရေးကိုပျက်တယ်""
ဂျစ်တူးမကအိပ်ရာထဲမှထကာ နို့မှုန့်လေးကိုဖျော်ပြီး နို့ဘူးလေးပေးထားလိုက်မှ အငမ်းမရစို့ရင်း အိပ်ပျော်သွားတော့သည်..ဂျစ်တူးမသည် ဘယ်ကရောက်လာမှန်းမသိသော ထိုကလေးလေးကို ကရုဏာသက်မိစွာဖြင့် သူမအနားထား၍သိပ်ကာ စောင်ခြုံပေး ခြင်ယပ်ပေးလုပ်နေမိလေသည်..
""မိဝိုင်း လာစမ်း ငါ့ကိုနင်းပေးစမ်း""
မနက်စောစော အမေသိန်းတစ်ယောက် စျေးဖက်ထွက်သွားပြီး ကလေးတွေချည်းအိမ်ထဲမှာကျန်ခဲ့တိုင်း အမေသိန်းယောကျ်ားဦးတိုးက မိဝိုင်းနှင့်ချစ်စုကို အလှည့်ကျလာနင်းခိုင်းလေ့ရှိသည်..ထိုသို့ခေါ်ခံရတိုင်း မျက်နှာလေးမသာမယာဖြင့် မသွားချင်ပဲသွားရရှာသော မိဝိုင်းနှင့်ချစ်စုကိုကြည့်ပြီး ဂျစ်တူးမ စိတ်မကောင်းဖြစ်ရသည်..
ဦးတိုးက ဘယ်လောက်တောင် နင်းခိုင်းနှိပ်ခိုင်းနေသည်မသိ..အခန်းထဲဝင်သွားလျင် တစ်နာရီခန့်ကြာပြီး ပြန်ထွက်လာတိုင်း ငိုထားသောမျက်နှာမို့မို့လေးများကိုကြည့်ကာ ဘာဖြစ်မှန်းမသိသော်လည်း ဂျစ်တူးမ အလွန်သနားမိသည်..တခါတလေဆိုလျင် ဦးတိုးအခန်းထဲမှပြန်ထွက်လာပြီး ဗိုက်အောင့်သည်ဟုဆိုကာ အိပ်ရာထဲခွေနေတတ်ကာ ဘာမှလည်းထမစားတော့ပေ..
ဂျစ်တူးမကမေးတိုင်းလည်း "ဘာမှမဖြစ်ပါဘူး" ဟုသာအမြဲပြန်ဖြေမြဲ..သို့တိုင်အောင် ပညာမသင်ရသော်လည်း ပါးနပ်လှသောဂျစ်တူးမစိတ်ထဲ ဦးတိုးက နင်းခိုင်းနှိပ်ခိုင်းယုံမကပဲ တစ်ခုခုတော့ရှိနေသည်ဟု ထင်နေမိလေသည်..
အမေသိန်းစျေးမှ ပြန်ရောက်လာလျင်တော့ ဘယ်လောက်နေမကောင်းဖြစ်နေပါစေ အိပ်ရာမှထကာ လုပ်ငန်းခွင်ဝင်ကြရတော့သည်..လုပ်ငန်းခွင်မဝင်ခင် အားဖြည့်စားသောက်ရသည့်မနက်စာကား ဆန်ကြမ်းထမင်းနှင့် အကြော်တစ်ခုစီသာ..
*****
""အမေသိန်း အမေသိန်း""
ဂျစ်တူးမက ထရံနားကပ်ကာ မဝံ့မရဲခေါ်လိုက်တော့ အမေသိန်းက ""ဘာတုန်း"" ဟုပြန်အော်သည်..
""ဟို ဖိုးသားရယ် ကိုယ်တွေပူခြစ်နေလို့ ""
""အဲဒါငါက ဘာလုပ်ရမှာလဲ သူ့ဟာသူ နေပူထဲကမျင်းကြောထပြီး ဖျားတာနေမှာပေါ့ စောင်ခြုံပေးထားလိုက် မနက်ကျ အဖျားကျသွားလိမ့်မယ်""
အမေသိန်းက အတွင်းခန်းထဲမှပင် ထွက်မလာပဲပြောသည်..ဂျစ်တူးမ သက်ပြင်းတစ်ချက်ချရင်း တဟင်းဟင်းညည်းနေသောဖိုးသားအနားမှာ ပြန်ထိုင်နေမိသည်..ကျန်သောကလေးများမှာ ညအမှောင်အောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ..ဂျစ်တူးမတစ်ယောက်သာ ဖိုးသားကိုစိတ်မချ၍ အိပ်မပျော်နိုင်ခဲ့...
နောက်တော့ ခြစ်ခြစ်တောက်ဖျားနေသောဖိုးသားကို ဘယ်လိုမှမကြည့်ရက်နိုင်သောဂျစ်တူးမ အမှောင်ထုထဲ ခြေဖွနင်းရင်း ဖိုးသားကိုတိုက်စရာဆေးတစ်ခုခုရှိလေမလားဟု ရှာရတော့သည်..အမေသိန်းမနိုးအောင် အသံတိတ်လှုပ်ရှားနေရင်းမှ ပလတ်စတစ်ခြင်းဟောင်းလေးထဲမှာ ဆေးဟုထင်ရသော ကော်ဘူးလေးကိုတွေ့လိုက်ရသည်..
သို့သော် စာမဖတ်တတ်သောဂျစ်တူးမ ဘာဆေးမှန်းမသိတာမို့ မမချစ်စုကိုနှိုးပြီးမေးရတော့သည်..ချစ်စုက ""ဖျားရင် ရေနွေးနဲ့တိုက်ရတယ်တဲ့"" အတည်ပြုပေးလိုက်မှ ဆေးဘူးထဲမှဆေးမှုန့်လေးတွေကို ဓာတ်ဘူးထဲမှရေနှေးဖွငျ့ဖြောျကာ ဖိုးသားကိုတိုက်ရတော့သည်..
ထိုညက ခေတ္တသာအဖျားကျပြီးနောက် နောက်ရက်တွေဆက်ဖျားပြန်သည်..သုံးလေးရက်ကြာသည်အထိ အဖျားမကျသလို ထမင်းလည်းစားမဝင်..ဖျား၍ပါးစပ်ပျက်နေသူအတွက် ချဥ်ပေါင်ဟင်းနှင့်ဖျော်ထားသော ဆန်ကြမ်းထမင်းက မည်သို့စားဝင်နိုင်ပါမည်နည်း..
အမေသိန်းက ဖိုးသားဖျားနေသည်ကို ဂရုမစိုက်သလို ဆေးဘာညာတိုက်ခြင်းလည်းမရှိပါ..ဖျားတာက အချိန်တန်ရင် သူ့ဟာသူပျောက်သွားလိမ့်မယ် ဟုသာပြောသည်..ဂျစ်တူးမ ခိုးတိုက်နေသော ဆေးမှုန့်ဘူးလေးမှာလည်း ကုန်သွားခဲ့ပြီ..
လေးငါးရက်အကြာမှာတော့ ဖိုးသားအဖျားကျသွားသည်..သို့သော် အဖျားကျပြီးမကြာခင်မှာပင် ဖိုးသားတစ်ယောက် အန်တာ ဝမ်းသွားတာတွေဖြစ်လာပြန်သည်.. အညိုရောင်တွေအန်ပြီး ဝမ်းအမည်းတွေသွားတာမို့ ဂျစ်တူးမ ကြည့်ပြီးထိတ်လန့်နေမိသည်..
""မမ သားကိုကယ်ပါဦး သားနေလို့မကောင်းဘူး""
လေသံသဲ့သဲ့လေးဖြင့် သနားစဖွယ်ပြောနေရှာသော ဖိုးသားအနားမှာနေပြီး ဂရုစိုက်စောင့်ကြည့်ပေးချင်သော်လည်း အမေသိန်းက အားလုံးကိုယ့်အလုပ်ကိုသွားလုပ်ကြ ဟုပြောသဖြင့် ဖိုးသားကိုအိမ်မှာ တစ်ယောက်တည်းထားခဲ့ရသည်..ညစ်ပတ်နံစော်နေသော ကြမ်းပြင်ပေါ်တွင် တစ်ယောက်တည်းခွေခွေလေးလှဲလျောင်းနေသော ဖိုးသားကိုမြင်ခဲ့ရသည်မှာ နောက်ဆုံးဖြစ်လိမ့်မည်ဟု ဂျစ်တူးမ မထင်ခဲ့မိပေ..
ညနေစောင်း၍အလုပ်သိမ်းပြီး ဂျစ်တူးမတို့အဖွဲ့ အိမ်ပြန်ရောက်သောအခါ စောင်စုတ်လေးအုပ်ထားသော ဖိုးသားရဲ့အေးစက်စက်ခန္ဓာကိုယ်လေးကိုသာ တွေ့ရလေသည်..
ဂျစ်တူးမသည် ဖိုးသားရဲ့အေးစက်နေသော လက်ကလေးကိုကိုင်ကာ မျက်ရည်တွေတလိမ့်လိမ့်စီးကျနေရင်း ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်စွာတွေးမိသည်က "အမေသိန်းက ငါနေမကောင်းဖြစ်ရင်လည်း ဒီလိုပဲသေအောင်ပစ်ထားမှာပဲ" ဟူသောအတွေးဖြစ်သည်..
ထိုအတွေးနှင့်အတူ ဂျစ်တူးမတစ်ခါမှ မတွေးခဲ့ဖူးသော ဤနေရာမှလွတ်မြောက်ဖို့ဆိုတာကိုပါ တွေးမိလာသည်..ယခင်က ဘာမှမသိ ဘာမှမတွေးပဲ အချိန်တန်စားစရာ အိပ်စရာရှိနေယုံနှင့် အပူအပင်ကင်းမဲ့စွာနေခဲ့သော ကလေးငယ်လေး၏အသိစိတ်ကို ထိုအကြောက်တရားက လှန့်နိုးမိလိုက်သလို...
******
"""မိဝိုင်း လာဦး""
အခန်းထဲမှ ဦးတိုး၏ခေါ်သံကြောင့် မိဝိုင်းခန္ဓာကိုယ်လေး ထိတ်လန့်စွာဆတ်ခနဲတုန်သွားသည်ကို ဂျစ်တူးမ မြင်လိုက်ရသည်..ပျက်ယွင်းတုန်လှုပ်နေသောမျက်နှာနှင့် အခန်းထဲဝင်သွားသော မိဝိုင်းကိုကြည့်ရင်း ဂျစ်တူးမစိတ်ထဲ သိချင်စိတ်များ ပြည့်နှက်လာရသည်..
...ဦးတိုးက အမေသိန်းမရှိချိန်တိုင်း သူတိူ့ကိုဘာလို့ခေါ်ရတာလဲ သူတို့ ဦးတိုးကို ဘာလို့အဲလောက်ကြောက်နေတာလဲ ဦးတိုးက သူတို့ကိုခေါ်ပြီး ဘာလုပ်တာလဲ...
အတွေးတို့နှင့်အတူ ခြေလှမ်းတို့ကပါ လိုက်ပါလျက် တံခါးရွက်မရှိသော တံခါးပေါက်အနီးသို့ ဂျစ်တူးမ ချဥ်းကပ်လာခဲ့သည်..
မြင်လိုက်ရသောမြင်ကွင်းကြောင့် ဂျစ်တူးမခေါင်းကို မိုးကြိုးပစ်ချလိုသလို ဒိန်းခနဲမြည်ဟည်းကာ နောက်ပြန်လန်ကျမတတ် ဖြစ်သွားသည်...နုနယ်လှသော 7 နှစ်အရွယ်ကလေးငယ်လေး၏ အသိစိတ်ထဲတွင် ထိုမြင်ကွင်းက ထိတ်လန့်တုန်လှုပ်ဖွယ်..
ရုတ်တရက်...
အရက်ခိုးတို့ဖြင့်နီရဲနေသော မျက်လုံးများက ဂျစ်တူးမရှိရာ လှည့်ကြည့်လာသဖြင့် ကြောက်လန့်တုန်လှုပ်စွာဖြင့် ထိုနေရာမှ ထွက်ပြေးလာခဲ့သည်..
""ဟိတ် ဘယ်သွားမှာလဲ လာခဲ့စမ်း""
ဦးတိုးက ပုဆိုးကိုတိုတိုပြင်ဝတ်ရင်း နောက်မှပြေးလိုက်လာသည်..ဂျစ်တူးမ ထိတ်လန့်စွာဖြင့် ပြေးသည့်အရှိန်ကိုမြှင့်လိုက်သည်..ပြေးရင်းမှ တသွင်သွင်စီးကျလာသောမျက်ရည်များကြောင့် အမြင်အာရုံများက ဝေဝါးနေလေရာ လက်ဖမိုးဖြင့် မကြာခဏသုတ်နေရသည်...
""လာခဲ့လို့ပြောနေတာ မကြားဘူးလား ကောင်မ နာချင်လို့လား""
ဦးတိုး၏အသံက ဂျစ်တူးမကိုပိုဝေးဝေးပြေးဖိူ့ တွန်းအားပေးနေသလို..စောစောကမြင်ခဲ့ရသောမြင်ကွင်းကို ပြန်မြင်ယောင်မိကာ ဂျစ်တူးမရင်ထဲ ရပ်တန့်ဖိူ့ ဘယ်လိုမှစိတ်ကူးမရှိပေ..
....ကျွီ.....
ပြေးနေရင်းမှ ကားဘရိတ်အုပ်သံအကျယ်ကြီးကို ဂျစ်တူးမ နီးကပ်စွာကြားလိုက်ရသည်..ကိုယ့်ကိုကိုယ် ဘာဖြစ်လို့ဖြစ်သွားမှန်းမသိခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြောက်တက်သွားသည်..
အောက်သို့ပြန်ကျလာသောအခါမှာတော့ ဦးခေါင်းဆီမှ ပြင်းထန်သောနာကျင်မှုနှင့်အတူ ခန္ဓာကိုယ်က လှုပ်ရှားလို့မရတော့..
""ဟာ သမီး အဲဒါကျွန်တော့သမီးလေးပါဗျာ လုပ်ကြပါဦး သမီးလေးဘာဖြစ်သွားပြီလဲမသိဘူး""
ဦးတိုးရဲ့တမင်လုပ်ယူထားသော စိုးရိမ်သံကိုကြားရသည်..တဖြည်းဖြည်းဝေဝါးလာသော အမြင်အာရုံထဲ သူမထံပြေးလာသော ဦးတိုး၏ခြေထောက်များကိုမြင်ရသည်...
..ဟင့်အင်း..မလာပါနဲ့ သမီးသူနဲ့ပြန်မလိုက်ချင်ဘူး
သမီးကိုအိမ်ပြန်မပို့ကြပါနဲ့...
သူမ တုန်လှုပ်စွာအသံတိတ်ငြင်းဆန်နေမိစဥ် အသိစိတ်အာရုံများ အမှောင်ကျ....
*****
""ကျွန်မတိူ့သမီးလေးကို အိမ်ပြန်ခေါ်သွားပါရစေ""
ဂျစ်တူးမ နားထဲမှာကြားလိုက်ရသော စကားသံကြောင့် ထိတ်လန့်သွားမိသည်..
ဒါ အမေသိန်းအသံလား...ဟင့်အင်း သမီးသူတို့နဲ့ပြန်မလိုက်ပါရစေနဲ့ ..သမီးအိမ်မပြန်ပါရစေနဲ့...
အကြောက်အကန်ငြင်းဆန်နေမိသော်လည်း တကယ်တမ်းတော့ သူမပါးစပ်မှ ဘာအသံမှထွက်မလာ..သို့သော် အမြင်အာရုံထဲပေါ်လာသော လူနှစ်ယောက်ကိုကြည့်ကာ အမေသိန်းတို့လင်မယား မဟုတ်သဖြင့် စိတ်သက်သာရာရသွားသည်..
အမျိုးသားက ငိုနေသောအမျိုးသမီး၏ပုခုံးကို ညင်သာစွာပွေ့ဖက်ထားရင်းမှ...
""ကျန်တဲ့ကလေးတွေရော အန္တရာယ်ကင်းရဲ့လားခင်ဗျာ""
ဟု ဆရာဝန်ကြီးကိုမေးလိုက်သည်..
""အသက်အန္တရာယ်မရှိပေမဲ့ အကုန်လုံးက အာဟာရချို့တဲ့နေကြတော့ ဆေးကုသမှုတော့ ခံယူရမယ်ဗျ အတော်ယုတ်မာတဲ့ လင်မယားဗျာ အဲကလေးခုနှစ်ယောက်လုံးက သူတိူ့ကလေးတွေမဟုတ်ဘူးတဲ့ ခင်ဗျားရဲ့သမီးလို အခိုးခံရတဲ့ကလေးတွေနဲ့ မိဘတွေကိုယ်တိုင်က မကျွေးနိုင်လို့ ပေးထားတဲ့ကလေးတွေ တဲ့""
ဆရာဝန်ကြီးစကားကြောင့် ဂျစ်တူးမ လှိုက်ခနဲဝမ်းသာသွားမိသည်..
ဒါဆို ကလေးတွေအားလုံး သူတိူ့လက်ကလွတ်ပြီပေါ့..သနားစရာ ဖိုးသားလေးကလွဲလို့ပေါ့...
အမျိုးသမီးက စောင်အဖြူဖြင့်တစ်ကိုယ်လုံးကိုလွှမ်းထားသော ကလေးလေးကိုကြည့်ရင်း မချိတင်ကဲဖြင့်...
""သမီးလေးရယ် သမီးကို မေမေတို့ သုံးနှစ်လုံးရှာနေခဲ့တာပါ သမီးလေးကို မေမေတို့ တစ်ရက်မှမမေ့ထားခဲ့ပါဘူးကွယ် အခုတော့ တွေ့ရချိန်က အရမ်းနောက်ကျခဲ့ပြီလား သမီးလေးရဲ့ အမေရင်တွေကွဲရပါပြီ""
အမျိုးသမီးက ရှိုက်ကြီးတငင်ငိုရင်း ရင်ဘတ်ကိုလက်ဖြင့်ဖိထားရှာသည်..အမျိုးသားမှာလည်း အံကိုတင်းတင်းကြိတ်ရင်း မျက်ရည်များစီးကျနေရှာလေသည်..
ဂျစ်တူးမသည် စောင်ဖြင့်အုပ်ထားသော ကလေးလေးကိုတစ်လှည့် အမျိုးသားနှင့်အမျိုးသမီးကိုတစ်လှည့် ဇဝေဇဝါဖြင့်ကြည့်နေမိသည်..ထိုစုံတွဲကို မြင်ဖူးနေသလို သိနေသလိုခံစားရသော်လည်း ဘယ်လိုသိခဲ့မှန်း စဥ်းစားလို့မရ..
စောင်အောက်က ကလေးလေးကရော ဘယ်သူလဲ..ဂျစ်တူးမ သူတို့ကိုငေးရင်းတွေးနေမိစဥ်...
ခပ်ဝေးဝေးတွင်ရပ်ကာ သူမကိုလှမ်းကြည့်နေသော ကလေးလေးကိုတွေ့လိုက်ရသဖြင့် သူမဝမ်းသာသွားမိသည်..
....ဖိုးသား...
ဂျစ်တူးမက ဝမ်းသာအားရခေါ်ရင်း ဖိုးသားထံသို့ပြေးလာခဲ့သည်...
အိုး...နေလို့ကောင်းလိုက်တာ...
သူမခန္ဓာကိုယ်က အရင်လိုညောင်းချိနုံးခွေမနေပဲ အလွန်ပေါ့ပါးနေသည်..ဗိုက်ဆာတာတွေ ပင်ပန်းတာတွေ ခေါင်းမူးတာတွေ ဘာဆိုဘာမှမရှိတော့...
...ဂျစ်တူးမ တကယ် လွတ်လပ်ခြင်းကိုခံစားလိုက်ရပြီ...
#မြတ်သောမေ
(ပြိုင်ပွဲက အပယ်ခံဝတ္ထုလေးပါ)