ပေးသူနှင့် ယူသူ

ပေးသူနှင့် ယူသူ
---------------
ဒုတိယတန်းတွင် ဆူညံနေသည်။ ထိုအတန်း၏ ထုံးစံဖြစ်သည်။ မဆူညံလျှင် ဒုတိယတန်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုအတန်းသည် ဆရာမ ခင်လေး၏ အတန်းဖြစ်သောကြောင့်ပင်။

ခင်လေးက သူ့ကလေးတွေနှင့် အမြဲတန်း လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွသင်တတ်သည်။ သူ့စတိုင်နှင့်သူ သင်ခြင်းဖြစ်သည်။

ထိုစဉ် ဆရာမ ဒေါ်ယဉ်အေးက ရောက်လာသည်။ သူက စတုတ္ထတန်းနှင့် တတိယတန်းကို တွဲကိုင်ရသူဖြစ် သည်။

“မယဉ်အေး ဘာလဲကွ”

“ဆရာကြီး ကြည့်လုပ်ပါဦး ... ကျွန်မအတန်းမှာ စာမေးပွဲစစ်နေတာ ... ဟိုဘက်က ဆူညံနေတော့ ကလေးတွေက သူ့ဆီကိုပဲ အာရုံရောက်နေတာပေါ့”

“အေး ... အေး ... ငါပြောလိုက်ပါ့မယ်ကွယ်”

ကျွန်တော်က ရုံးခန်းထဲက ထွက်လိုက်ပြီး ခင်လေး၏ ဒုတိယတန်းရှေ့တွင် ရပ်လိုက်သည်။

“ခင်လေး လာဦး”

သူက ကလေးတွေကြားက ထွက်လိုက်ပြီး ကျွန်တော့်ဆီကိုလာသည်။

“ဘာလဲဆရာကြီး”

“လေးတန်းမှာ စာမေးပွဲ စစ်နေတယ်လေကွယ် ... ညည်းအတန်းက ဆူညံနေတာ နည်းနည်းလေး ဆင်ခြင် ပေးလိုက်ဦး”

“ဆရာကြီးရယ် ... ဘယ်လိုလုပ်ရမလဲ ... သမီးက ကလေးတွေကို အပြိုင် ငြင်းခိုင်းနေတာ”

“ဒီလိုလုပ်ပါကွယ် ... ရာသီဥတု ကောင်းနေတာပဲ ... ကျောင်းအောက်က ညောင်ပင်အောက်မှာ သွားသင်လို့ မဖြစ်နိုင်ဘူးလား”

“ဟာ ... ပိုကောင်းတာပေါ့ ဆရာကြီးရယ်”

“အေး ... သွားကြ ... ကလေးတွေကို ဝုန်းဒိုင်းကြဲပြီး ပြေးမဆင်းစေနဲ့ ... တိတ်တိတ်လေး ဆင်းသွားကြ”

“ဟုတ်ကဲ့”

ခင်လေးက ကလေးများနှင့်အတူ ညောင်ပင်အောက်ကို သွားကြသည်။ ညောင်ပင်ကား ကျွန်တော့် ရုံးခန်း အနီးတွင် ရှိနေသဖြင့် သူတို့ပြောတာတွေ အားလုံးကို ကြားနေရသည်။

“ကဲ ... လောကမှာ အကြီးဆုံးတွေကို ဘယ်သူ မြင်ဖူးသလဲ ပြောကြည့်”

“ဆင်ကြီး”

ကလေးတစ်ယောက်က ဖြေသည်

“ကဲ ဆင်ထက်ကြီးတာ ဘယ်သူ မြင်ဖူးသေးလဲ”

“ကျွန်းပင်ကြီး”

ကလေးတစ်ယောက်က အော်သည်

“တောင်ကြီး ... ဟိုးမှာ မြင်နေရတဲ့ ဆင်သေတောင်ကြီးက အကြီးကြီး”

“ဟုတ်ပြီ ... တောင်ကြီးထက် ကြီးတာ မြင်ဖူးသေးလား”

တစ်ယောက်က အော်သည်

“ပင်လယ်ကြီး”

“ပင်လယ်ကြီးကို နင်မြင်ဖူးလို့လား”

“မြင်ဖူးတယ် ... နွေတုန်းက ကျိုက်ခမီကိုသွားတော့ ပင်လယ်ကြီးကို တွေ့ခဲ့ရတယ်”

“ပင်လယ်ကြီးထက် ကြီးတာကို ဘယ်သူ မြင်ဖူးသလဲ”

“မိုးကောင်းကင်ကြီး”

“ဟုတ်တယ် ... ဟုတ်တယ် ... မိုးကောင်းကင်ကြီးက အကြီးကြီးပဲ”

ကလေးတွေ ငြင်းခုန်နေကြသည်။ 

ကလေးတစ်ယောက်က အော်သည်

“သား ဖေဖေ”

“ဝါး ဟား ... ဟား”

အားလုံးက ဝိုင်းရယ်ကြသည်။

“သားက သားဖေဖေကဘာဖြစ်လို့ အကြီးဆုံး လို့ ပြောနိုင်ရတာလဲကွယ်”

“ဆရာမ ... သားဖေဖေက ဆင်ကြီးကိုလည်း စီးနိုင်တယ်၊ ကျွန်းပင်ကြီးကိုလည်း ခုတ်နိုင်တယ်၊ ဆင်သေတောင် ပေါ်ကိုလည်း ရောက်ဖူးတယ်။ ပင်လယ်ထဲကိုလည်း သင်္ဘောကြီးနဲ့ သွားဖူးတယ်။ ကောင်းကင်ထဲမှာ လေယာဉ်ပျံကြီးလည်း စီးဖူးတယ်တဲ့”

ကလေးတွေကငြင်းကြ ပြန်သည်။ ခင်လေးက ပြောသည်

“ဟုတ်တယ် ... ဘယ်လောက်ပဲ ကြီးသည် ဖြစ်စေ လူသားက အနိုင်ယူတာများတယ်။ လူသားက အကြီးကျယ်ဆုံး ဆိုတာလည်း လက်ခံရမယ်”

ကျွန်တော်က ပြတင်းပေါက်မှ သူတို့ငြင်းခုန်နေသည်ကို သဘောကျသဖြင့် ရပ်ကြည့်နေမိသည်။ ညောင်ပင် အမြစ်လေးပေါ်တွင်ငုတ်တုတ်လေး ထိုင်နေသော သန်းစိုးက သူတို့ထဲကို ဝင်ပြီး မငြင်း။ ပါးစပ်အဟောင်းသား လေးနှင့် ကြည့်နေသည်။ ခင်လေးက မေးသည်

“သန်းစိုး ... သားကရော ... ဘာက အကြီးဆုံးလို့ ထင်သလဲကွယ်”

သန်းစိုးက ခေါင်းလေးငုံ့နေသည်။ သူက ခြေထောက်တစ်ဖက် မသန်သဖြင့် ချိုင်းထောက်လေးနှင့် ကျောင်းကို လာရသူဖြစ်သည်။ ခင်လေးက ရအောင် မေးသည်

“သား ပြောပါဦး ... သားက လောကမှာ ဘာက အကြီးဆုံးလို့ ထင်သလဲကွယ်”

သန်းစိုးက တိုးတိုးလေး ဖြေလိုက်သည်

“မျက်လုံး”

“ဆရာမတို့ မကြားရလို့ ထပ်ပြောပါဦးကွယ် ... ကျယ်ကျယ်လေး”

“မျက်လုံး”

“ဟား ... ဟား ... ဟား”

ကျောင်းသားတွေက ဝိုင်းရယ်ကြသည်

“ဟာ ... မျက်လုံးက သေးသေးလေးဟာကို”

ခင်လေးက

“အားလုံး တိတ်ကြဦး ... သားက ဘာဖြစ်လို့ မျက်လုံးကို အကြီးဆုံးလို့ ထင်သလဲကွယ်”

“ဆရာမ ... သူတို့ပြောနေတဲ့ ဆင်ကြီးကိုလည်း မျက်စိက မြင်တယ် ... ကျွန်းပင်ကြီးကိုလည်း မျက်စိက မြင်နိုင် တယ်။ တောင်ကြီး၊ ပင်လယ်ကြီး၊ ကောင်းကင်ကြီး အားလုံးကို သည်မျက်စိကမြင်နိုင် ကြည့်နိုင်တာပဲ မဟုတ်လား။ ဒါကြောင့် သားက မျက်လုံးက အကြီးဆုံးလို့ ထင်တာ”

“ဟေး ... သိပ်ကောင်းတဲ့ အဖြေပဲကွယ် ... လက်ခုပ်တီးလိုက်ကြပါကွယ်”

“ဖြောင်း ... ဖြောင်း ... ဖြောင်း”

မောင်သန်းစိုး မျက်နှာလေးက ဝင်းလက်သွားသည်။ 

“ဟုတ်ပြီ လောကမှာ သေးသေးလေးပေမယ့် အထင်သေးလို့မရဘူးနော်။ လူတစ်ကိုယ်လုံးမှာ မျက်လုံးက သေးသေးလေး။ ဒါပေမဲ့ သူ့ရဲ့ မြင်နိုင်စွမ်းက အံ့ဩစရာကောင်းတယ်ကွယ့်။ အားလုံးကို မြင်နိုင်တယ်။ လောကမှာ သေးတိုင်းလည်း အထင်သေးလို့ မရဘူး။ ကြီးတိုင်းလည်း အထင်ကြီးလို့ မရဘူး။ နေရာတိုင်းမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိတယ်ဆိုတာ မှတ်ထား။ မင်းတို့ကို သင်ဖူးတယ်လေ။ လက်ချောင်း ငါးချောင်းအကြောင်း ... ဘာတဲ့ ရွတ်ကြည့်စမ်း”

“ဒေါက်တို ... ရန်လို ... သူ့ထက်ကဲ ... ရွှေပြည်စိုး ... ညီပုလေး”

“လက်ချောင်းလေး ငါးချောင်းကလည်း သူ့နေရာနဲ့သူ တန်ဖိုးရှိတာ သင်ဖူးတယ်နော်။ သူကြီးတယ် ငါမြတ်တယ် ငြင်းနေလို့ ပြီးမလား”

“မပြီးပါဘူး”

ထိုစဉ် နေ့လယ်မုန်းစားဆင် ခေါင်းလောင်းထိုးသဖြင့်

“အားလုံး တိတ်တိတ်လေး ကျောင်းပေါ်ပြန်တက်ရအောင်”

သူတို့ကျောင်းပေါ် ပြန်တက်လာကြသည်။

ခင်လေးက ရုံးခန်းထဲဝင်လာသည်။ ပြီးနောက် ထမင်းဘူးလေးကို ဖွင့်ကာ ထမင်းစားရန်ပြင်သည်။

“ဆရာကြီး ထမင်းဘူး မပါဘူးလား”

“မနက်က ထမင်းကြော်တွေ စားထားလို့ ရင်ခံနေတယ်။ မဆာသေးဘူး”

“သမီးကတော့ ဆာနေပြီ”

“ခင်လေး”

“ရှင်”

“စောစောကသမီးတို့ သင်နေတာကို ဆရာ နားထောင်နေတာ။ မောင်သန်းစိုး ပြောတဲ့ လောကမှာ အကြီးဆုံး ဆိုတာ မျက်စိလို့ ပြောလိုက်တာ ကြိုက်သကွယ်”

“အေးနော် ဆရာကြီး သမီးက ထင်တောင်မထားဘူး။ တွေးတတ်လိုက်တာ။ သမီး တစ်ခါမှ အဲဒီလို မတွေးဖူးဘူး"

“အဲဒါပဲကွ ကလေးတွေကို Brain Storming လုပ်ပြီး သင်ရတဲ့အကျိုးတရားတွေ ... ဒါပေမဲ့ ခင်လေး တစ်ခု သိထားဖို့ လိုတယ်ကွယ်”

“ဟုတ်ကဲ့ပါဆရာကြီး” 

“ကလေးတွေနဲ့တော့ မြင့်ပါတယ် ... ဒါပေမဲ့ သမီး ဥပမာလေးပေးပြီး သင်နိုင်ရင် အကျိုးရှိမယ့်တစ်ခုပေါ့”

“ဘာများလဲဆရာကြီး”

“လောကမှာ မျက်စိထက် ကြီးတယ် ... စိတ်ပဲကွ ... မျက်စိက မြင်ကွင်းရှိတာလောက် မြင်နေချိန်မှာ စိတ်က ကမ္ဘာပတ်နေပြီ။ ဟိုး မမြင်နိုင်တဲ့ အာကာသထဲတောင်ရောက်နေပြီ။ လကမ္ဘာပေါ်လည်း ခြေချနေပြီ။ မျက်စိနဲ့မမြင်နိုင်တဲ့ အရာအားလုံးကို စိတ်က မြင်နိုင်တယ်၊ ရောက်နိုင်တယ်။ လောကမှာ အကြီးဆုံးဟာ စိတ်ပဲ။ ဒါလေးကို သမီးအနေနဲ့ ဥပမာလေးဆောင်ပြီး ကလေးတွေကို နားလည်နိုင်အောင် ရှင်းပြပါလား”

“ဟာ ဟုတ်တာတာပေါ့ ဆရာကြီးရယ် ... ဒီနေ့တော့သမီး အများကြီး ရလိုက်ပြီ”

“ပညာသင်တယ်ဆိုတာ ကိုယ်ကချည်း ပေးရတာ မဟုတ်ပါဘူးကွယ်။ ကိုယ်က သင်နေရင်းနဲ့ ပြန်ယူနိုင်ရင် အများကြီးပါ”

“အင်းနော်”

နောက်ဆိုလျှင် စိတ်အကြောင်း ခင်လေး မည်သို့သင်မည်ဆိုသည်ကို စောင့်ကြည့်ရပေဦးတော့မည်။ 

တင်ညွန့်

၃၀.၉.၂၀၂၂

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား