ခွေးကျင့် ခွေးကြံ

 ခွေးကျင့် ခွေးကြံ 

---------------------

''အကျင့်'' ဆိုသည်မှာ စွဲမြဲနေသောအလေ့၊ စာရိတ္တကို ဆိုလို၏။ အကျင့်မကောင်း၊ အကျင့်ယုတ်သူတို့ကို ခွေးကျင့် ခွေးကြံနှင့်လည်း ခိုင်းနှိုင်းတတ်ကြ သေးသည်။ 


ရာဇဝင်ထဲတွင် ''မင်းခွေးချေး'' ဆိုသူရှိ၏။ နရသီဟပတေ့မင်း (ဝါ) တရုတ်ပြေး မင်း၏ ဆိုးရွားသော ငယ်အမည်လည်းဖြစ်သည်။ မင်းဖြစ်မှ နရသီဟပတေ့ဘွဲ့ခံခြင်းဖြစ်သည်။ တရုတ်စစ်သည်တို့ လာတိုက်သည့်အခါတွင်လည်း ပုသိမ်ကို ထွက်ပြေးသဖြင့် တရုတ်ပြေးမင်းတွင်ပြန်သည်။ 


လူယုတ်တို့ကို ခွေးနှင့်နှိုင်းသော် ခွေးဘက်က နာရမည့် ကိစ္စများရှိပါသည်။ ခွေးထက်ယုတ်သောသူများ ဖြစ်နေသောကြောင့်တည်း။ 


သို့သော် ခွေးသည် ခွေးသာတည်း။ 


ခွေးသည် သခင်ရိုက်လျှင် ပြန်မကိုက်၊ ငုံ့ခံသည်။ ထွက်ပြေးလည်း သခင်ခေါ်လျှင် အမြီးလေးနှန့်ကာ ပြန်လာပြီး သခင့်ခြေကို လျှာဖြင့် လျက်တတ်သည်။ 


ဘုရားဟောဇာတ်တော်ထဲတွင် ခွေးကျင့်ခွေးကြံကို ဖော်ထုတ်ပြသော သာဓက ပေါင်းများစွာရှိပါသည်။ 


ဗာရာဏသီပြည် ဣသိပတနအရပ်တွင် ရသေ့၊ ရဟန်း၊ သူတော်ကောင်းများ သောက်သုံးသော ရေတွင်းတစ်တွင်းရှိသည်။ 


တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုရေတွင်းကို ရောက်လာပြီး ရေသောက်၏။ ထို့နောက် ထိုရေတွင်းထဲကို ကျင်ကြီး ကျင်ငယ်စွန့်ချကာ ဖျက်ဆီးသွားလေသည်။ 


ရဟန်းရှင်လူ ပြည်သူအများ သောက်သုံးသည့် ရေတွင်းကို လူမှန်လျှင် မဖျက်ဆီး။ ခွေးဖြစ်နေသောကြောင့်သာ ဖျက်ဆီးခြင်းဖြစ်၏။ 


ရသေ့တို့က တစ်နေ့တွင် ထိုမြေခွေးယုတ်ကို ဥပါယ်တံမျဉ်ဖြင့် ဖမ်းပြီး ရသေ့ ဆရာကြီးထံ ခေါ်ဆောင်ခဲ့လေသည်။ ရသေ့ကြီးက 


''ဟယ် မြေခွေး ... ရသေ့တို့ ပင်ပန်းစွာတူးဖော်ထားသော ရေတွင်းထဲကို ကျင်ကြီး၊ ကျင်ငယ်စွန့်ကာ အဘယ်ကြောင့် ဖျက်ဆီးရသနည်း'' ဟု မေး လေသည်။ 


မြေခွေးမည်သို့ ဖြေမည် ထင်သနည်း 


''အချင်းရသေ့ ... ငါတို့သည် ရေသောက်ပြီးလျှင် ရေတွင်းကို ကျင်ကြီး၊ ကျင်ငယ် စွန့်သွားခြင်းမှာ မြေခွေးတို့၏ သဘောအကျင့်အတိုင်းဖြစ်၏။ ယင်းမှာ ငါ၏ အဖ၊ အဘိုးတို့သဘောအကျင့်လည်း ဖြစ်၏။ အဖ၊ အဘိုးတို့မှလာသော ထိုသဘောကို စွန့်ခြင်းငှာမထိုက်'' ဟုပြန်လည် ပြောကြားခဲ့သည်။ 


ဘုရားဟောကား အလကားသဘောမဟုတ်၊ တရားသဘောနှင့် ဆင်ခြင်ကြည့်လျှင် ထင်လင်းစွာ သိမြင်နိုင်ပါသည်။ 


ခွေးကျင့် ခွေးကြံဆိုသည်မှာ မျိုးနှင့်ရိုးနှင့် ဆင်းသက်လာသည်ဖြစ်သောကြောင့် ဖျောက်နိုင်ရန် ခက်ခဲသည့် အကျင့်ဟု ဆိုလိုခြင်းဖြစ်သည်။ 


ဘုရားလောင်းရသေ့က ထုံးတမ်းစဉ်လာ မှန်သော်လည်း ကောင်းလျှင်လက်ခံ၊ မကောင်းလျှင် ပယ်ခွာသင့်ကြောင်း တရားပြသော်လည်း ခွေးကိုတရားပြ နားချ၍ မရနိုင်။ 


ရေတွင်းဆိုသည်မှာ ပြုပြင်ကောင်းသောအရာမဟုတ်။ ရေသောက်ပြီး ဖျက်ဆီးရသည်ဆိုသော အကျင့်ကို မဖျောက်နိုင်သူတို့ ဖြစ်နေသောကြောင့် ထိုမြေခွေးကို မောင်းထုတ်ရန်သာရှိလေသည်။ 


(ရည်ညွှန်းကိုးကား-ငါးရာ့ငါးဆယ် နိပါတ်တော်၊ ဥဒပါနဒူသကဇာတ်) 


တင်ညွန့် 


၁၉-၅-၂၀၂၁

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား