လောဘ ရမ္မက်”(စ/ဆုံး)

 “လောဘ ရမ္မက်”(စ/ဆုံး)

——————


“ကိုမျိုးကို…ရှင်ဒီနေ့ ပိုက်ဆံနှစ်သောင်းမရရင်အိမ်ပြန်မလာနဲ့”

“မင်း ကလည်းကွာ..ဒီလိုရာသီမှာ တစ်သောင်းရဖို့တောင် အသည်းအသန် ရှာနေရတာ”

“ရှင်ဘာမှဆင်ခြေမပေးနဲ့။ အိမ်ကထွက်သွားပြီ လက်ဖက်ရည်ဆိုင်ထိုင်၊ လမ်းထိပ်ဂိတ်မှာ လေကန်နေတော့ ဘယ်လိုလုပ်ပြီးပိုက်ဆံရမှာတုံး”

“အေးပါကွာ…အေးပါ ”

ကျွန်တော်လည်း အတိုက်အခံမ‌ပြောချင်၍ ဆိုင်ကယ်ယူကာ အိမ်မှထွက်လာခဲ့သည်။ မိန်းမပြောတာလည်းမှန်ပါသည်။ တစ်ထောင်၊ နှစ်ထောင်လမ်းခရီးဆိုလျှင် ကျွန်တော် စိတ်မဝင်စား‌ခဲ့ပေ ။ အချီကြီးရမည့်လမ်းကိုမှစိတ်ဝင်စား၏။ ပုံမှန်ပေးနေကျ နှစ်သောင်းခွဲ၊ နှစ်သောင်းမပေးနိုင်သောကြောင့် မိန်းမကပူညံပူညံ ပြော‌နေခြင်း ဖြစ်ပါသည်။ ကလေးနှစ်ယောက်၏ ကျောင်းစရိတ်နှင့် စားဖို့အတွက် မိန်းမပြောတာ မှန်သင့်သလောက် မှန်နေပါသည်။

ယခုရက်ပိုင်းတွင် မိုး ဆက်တိုက်ရွာနေ‌သောကြောင့်ဆိုင်ကယ်တက္ကစီဆွဲလို့မကောင်းခဲ့ပါ။

ကျွန်တော်လည်း အိမ်ကထွက်လာပြီး လမ်းထိပ်ဂိတ်မှာ မထိုင်ဘဲ ရပ်ကွက်အပြင်ဘက်သို့ ထွက်လာပါသည်။ (၇) လမ်းထိပ်အရောက်တွင် အသက် နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိ လူငယ်လေးက ဆိုင်ကယ်ကိုတားသောကြောင့် ရပ်ပြီ ဈေးစကား ပြောသည်။

“သွားမှာကတော့ အသွားအပြန်ပါ။ ဒါပေမဲ့ ကြာချင်လည်း ကြာမယ် အစ်ကို”

“ဘယ်လောက်ကြာမှာလဲ ညီ။ စောင့်ရမယ့်အချိန်ကိုတော့ ကြည့်ပေးပေါ့ ညီ။ အသွားအပြန်ဈေးက ငါးထောင်ပါ”

“ဒါဆိုလည်း သွားကြတာပေါ့ဗျာ”

ကျွန်တော်လည်း ဈေးဦးပေါက်ပြီဖြစ်သည့်အတွက် ဝမ်းသာစွာဖြင့် ဆိုင်ကယ်ကို မောင်းလာခဲ့သည်။ မရမ်းကုန်သို့ရောက်သောအခါ အိမ်တစ်အိမ်ရှေ့တွင် ဆိုင်ကယ်ရပ်ခိုင်းပြီ အိမ်ပေါ်သို့တက်သွား၏။ ခဏကြာသော် အိမ်ပေါ်မှဆင်းလာပြီး

“ဈေးကြီးကို ဆက်သွားမယ် အစ်ကို”

ကျွန်တော်လည်း သူပြောသည့်အတိုင်း လိုက်ပို့ပါသည်။

“အစ်ကို စားချင်တာမှာစားထားပါ။ ကျွန်တော်ရှင်းပါ့မယ်။ ဒီဆိုင်ကပဲ ခဏစောင့်ပါ အစ်ကို”

“အေးပါ…မင်းကိစ္စ ပြတ်အောင်လုပ်ပါ…”

လက်ဖက်ရည်ဆိုင်တွင်ပင် ကျွန်တော်အချိန်ဖြုန်းခဲ့သည်။ နာရီဝက်ကျော်ကျော် ကြာလာသောအခါ ကျွန်တော့်စိတ်တွင် တစ်မျိုးခံစားမိ၏။ ဆိုင်ကယ်တက္ကစီခမပေးဘဲ လစ်သွားပြီလား။ ဒါ‌ပေမဲ့ သူရုပ်ရည်နှင့် လုပ်စားမည့်သူ မဟုတ်နိုင်ပါ။ လူပုံမှာ ရုပ်ရည်သန့်ပြီး အဝတ်အစားများကလည်း အကောင်းစားကိုဝတ်ထားသော ကြောင့် မဖြစ်နိုင်ပါဘူးဟု အကောင်းဘက်မှ စဉ်းစားမိ၏။

ကျွန်တော် အတွေးလွန်နေချိန်မှာပင်

“နည်းနည်းကြာသွားတယ် အစ်ကို။ ဒီမှာဘယ်လောက်ကျလဲ ရှင်းမယ်ဟေ့”

လက်ဖက်ရည်ဆိုင်မှထွက်လာကာ ရပ်ကွက်သို့ ပြန်ပို့ခဲ့သည်။

“(၇) လမ်းထိပ်မှာပဲ ရပ်ပေးပါ အစ်ကို။ နည်းတယ် များတယ်လို့ သဘောမထားပါနဲ့ တက္ကစီခ ၁၅၀၀၀ ယူလိုက်ပါ အစ်ကို”

မထင်မှတ်သော ခရီးသည်လူငယ်လေး၏စကားကြောင့် ကျွန်တော့်ရင်ထဲ အလွန်ဝမ်းသာသွားသည်။ သည်လိုဖောက်သည်မျိုး အမြဲတမ်းရလျှင် ကောင်းမှာဟု တွေးမိပါသည်။

နောက်နေ့များတွင်လည်း ခရီးသည်လူငယ်လေးသည် (၇) လမ်းအပေါ်ပိုင်းမှဆင်းလာသည်ကိုတွေ့ရသောအခါ သည်လမ်းထဲကို ပြောင်းလာသော လူသစ်လေးဖြစ်လိမ့်မည်ဟုတွေးမိ၏။

“ဟာ…အစ်ကိုကြီးနဲ့ဆုံပြန်ပြီး။ ကျွန်တော့်ကိုလိုက်ပို့ပါဦး”

“တက်လေ ညီလေး…မင်းသွားချင်တဲ့နေရာအကို လိုက်ပို့ပေးမယ်”

သည်လိုနှင့် သုံးရက်လောက် နေ့စဉ်တွေ့သောအခါတွင် ကျွန်တော်နှင့် ခရီးသည်လူငယ်လေးမှာရင်းနှီးသွားခဲ့၏။ တစ်ခါတစ်ရံ ကျွန်တော့်အား ထမင်းကျွေးပါသည်။ တက္ကစီခကိုလည်း ထိုက်ထိုက်တန်တန်ပေး၍ ကျွန်တော်လည်း လောဘတက်ခဲ့မိ၏။ သည်လိုနှင့် ငါးရက်မြောက်သောနေ့တွင်

“ဒီနေ့တော့ ဖားအောက်ရွာကိုသွားမယ်။ ပြီးရင် အဝေးပြေးမှာ ပစ္စည်းသွားရွေးမယ်”

“ရတယ် ညီလေး”

ဖားအောက်ရွာသို့ ရောက်သောအခါ အိမ်ကြီးတစ်အိမ်ရှေ့တွင် ရပ်ခိုင်းပြီ အိမ်ရှင်ဖြစ်ဟန်တူသော မွန်အမျိုးသမီးကြီးနှင့် စကားရပ်ပြောနေသည်။ မွန်စကားပြောနေသောကြောင့် ကျွန်တော်လည်း နားမလည်၍ ဘာတွေပြောမှန်း မသိခဲ့။

“လက်ဖက်ရည်ဆိုင်ကပဲ သွားစောင့်ရအောင် အစ်ကို”

“အေးလေ။ သွားကြတာပေါ့။ ငါလည်း မနက်က ဘာမှ မစားခဲ့ရသေးဘူး”

လက်ဖက်ရည်ဆိုင်တွင် နာရီဝက်မျှ ထိုင်စောင့်ပြီးနောက် ထိုအိမ်သို့ လူငယ်လေး ဝင်သွားကာ စကားပြောပြီး ပြန်ထွက်လာသည်။

လက်ဖက်ရည်ဆိုင်နှင့် ထိုအိမ်ကြီးက မျက်စောင်းထိုးဖြစ်နေသောကြောင့် ကျွန်တော် အလွယ်တကူ မြင်တွေ့နေရ၏။

“အစ်ကို…ဆိုင်ကယ်ခဏပေးပါ၊ ကျွန်တော့်သူငယ်ချင်းကို သွားခေါ်မလို့”

“အေး…ဒီမှာသော့”

လူငယ်လေးလည်း ဆိုင်ကယ်ကို စက်နိူးကာ ထွက်သွားပါသည်။ သူဆိုင်ကယ်စီးပြီး ထွက်သွားမှ ကျွန်တော် စိုးရိမ်စိတ်ဝင်သွားမိပါသည်။ ဒါပေမဲ့ သူ လုပ်မည် မဟုတ်ဟု တွေးမိပါသည်။

အချိန်တော်တော်ကြာသည့် အချိန်ထိ လူငယ်လေး ပြန်မလာသောကြောင့် စိုးရိမ်စိတ်များ ဖြစ်လာပါသည်။ မွန်းလွဲအချိန်ရောက်သောအခါ ကျွန်တော် နေလို့မရတော့၍ လူငယ်လေးဝင်သွားသောအိမ်သို့ အရဲစွန့်ကာ သွားမေးပါတော့သည်။

“မနက်က ကျွန်တော့်ဆိုင်ကယ်နဲ့ လာတဲ့ညီလေးက အစ်မကြီးရဲ့သားနဲ့ သူငယ်ချင်းလား”

“မဟုတ်ဘူး မောင်လေး။ သူက နေမကောင်းဘူးဆိုလို့ ဆေးခန်းဘယ်မှာရှိလဲလို့ လာမေးတာပါ”

“ဟင်…”

အိမ်ရှင်အဒေါ်ကြီးရဲ့ အဖြေကိုကြားရသော အခါ ကျွန်တော်၏‌ဦးခေါင်းမှာ ချာချာလည်မူးနောက်သွားပါတော့သည်။ လူငယ်လေးသည် ကျွန်တော့်ဆိုင်ကယ်ကို လိမ်လည်သွားမှန် သိလိုက်ရပါတော့သည်။ ဆိုင်ကယ်တက္ကစီခကို ရက်ရက်ရောရောပေးပြီး ကျွန်တော့်ကိုအယုံသွင်းခဲ့သည်။

ကျွန်တော့်၏လောဘကြောင့် ဆယ်သိန်းနီးပါးတန်သော မော်တော်ဆိုင်ကယ်လေး ပါသွားခဲ့သည်။ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ် မမြင်မိသောအဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိလိုက်ပါသည်။

ရပ်ကွက်ထဲ အပြေးအလွှားပြန်ပြီး (၇) လမ်းတွင်စုံစမ်းသော်လည်း လမ်းထဲတွင် နေထိုင်သူမဟုတ်ဘဲ တခြားရပ်ကွက်မှ လူဖြစ်ကြောင်းသိလိုက်ရသည်။

ကျွန်တော့်၏စိတ်မှာ သတိအမြဲထားနေသော်လည်း ကျွန်တော်၏အလိုရမ္မက်ကြီးမှုက ကျွန်တော့်ကို ဒုက္ခပေးလိုက်ခြင်းပင် ဖြစ်ပါသည်။

အလိုရမ္မက်ကြီးခြင်းသည် မကောင်းပါလားဟု သံဝေဂရသော်လည်း ဆုံးရှုံးသွားသော ဆိုင်ကယ်ကို ပြန်ဝယ်နိုင်ရန် နှစ်ပေါင်းများစွာ အစွမ်းကုန်ကြိုးစား စုဆောင်းရတော့မည်ဟု စဉ်းစားတွေးတောကာ လေးလံသောခြေလှမ်းများဖြင့် အိမ်သို့ပြန်လာ‌ခဲ့ရပါတော့သည်။


တက္ကသိုလ်ကိုကိုမျိုးလှိုင်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား