ဘရိတ်
ဘရိတ်
--------
ရူပဗေဒတန်းတစ်ခုတွင်ဖြစ်သည်။
ဆရာက တပည့်များကို မေးခွန်းတစ်ခု မေးလိုက်သည်
“တပည့်တို့ ... ကားမှာ ဘာဖြစ်လို့ ဘရိတ်ထည့်ထားတာလဲ ... သိကြလား”
ကျောင်းသားတစ်ယောက်က ထဖြေသည်
“ဆရာ ကားကို ရပ်နိုင်အောင်လို့ပါ”
နောက်တစ်ယောက်က
“ဆရာ ကားအရှိန်ကို လျှော့နိုင်အောင်လို့ပါ”
နောက်တစ်ယောက်က
“ကားမတိုက်အောင်လို့ပါဆရာ”
နောက်ကျောင်းသားတွေ တစ်ယောက်စီဖြေကြသော်လည်း အထက်တွင် ဖော်ပြခဲ့သော ကျောင်းသား သုံးယောက်၏ အဖြေများနှင့် ဆင်တူရိုးမှားများသာဖြစ်လေသည်။
ဆရာက ပြုံးပြီး
“တပည့်တို့ ... မင်းတို့အဖြေတွေအတွက် ကျေးဇူးတင်ပါတယ်ကွယ် ... ဒါပေမဲ့ ဆရာ့အမြင်နဲ့တော့ မတူဘူး ကွယ့်”
“ကျွန်တော်တို့ဖြေတာ မဟုတ်လို့လားဆရာ”
“တစ်မျိုးပြောင်းတွေးကြည့်ရအောင်ကွယ် ... ဘရိတ်ဆိုတာ ကားကို မတိုက်အောင် ... ရပ်နိုင်အောင် ... အရှိန်ကို လျှော့နိုင်အောင်ဆိုတဲ့အတွေးအပြင် နောက်တစ်မျိုး တွေးကြည့်ရအောင်ကွယ်”
“ကျွန်တော်တို့ မပြောတတ်တော့ဘူးဆရာ”
“ဆရာကတော့ ကားမှာ ဘရိတ်ထည့်ထားတာ ... ကားကိုပိုပြီး မြန်မြန် မောင်းနိုင်အောင်လို့ပဲလို့ ထင်သကွယ်”
ကျောင်းသား ကျောင်းသူများမှာ ဆရာ့ထံမှ ထူးဆန်းသည့် အမြင်တစ်မျိုးကို ကြားလိုက်ရသဖြင့် အံ့အား သင့်ကုန်ကြလေသည်။
ဆရာကဆက်ပြောသည်
“ဒီလိုတွေးကြည့်ရအောင်ကွယ် ... ဆရာတို့ ဘရိတ်မပါဘဲ ကားကို မောင်းရဲကြပါ့မလား။ ကားမှာ ဘရိတ်ပါလို့ ဆရာတို့ကားတွေကို မောင်းရင် မြန်မြန်မောင်းရဲတဲ့ သတ္တိရှိတာပေါ့။ လိုရာကို မြန်မြန်ရောက်ဖို့ဆိုတာ နှေးနှေးလေး မောင်းနေလို့ဖြစ် မလား။ ဘရိတ်ပါမှန်း သိနေလို့လည်း ဆရာတို့ မြန်မြန်မောင်းရဲတာ မဟုတ်လား”
ကျောင်းသားတွေက ကားတွင် ဘရိတ်ထည့်ထားရခြင်းမှာ ကားကို ရပ်နိုင်ရန် တစ်ခုတည်းသာ တွေးမိကြရာမှ ကားကို မြန်နိုင်သမျှ မြန်အောင် မောင်းနိုင်ရေးအတွက် ဘရိတ်ကိုထည့်ထားသည်ဆိုသည့် အတွေးတစ်ခုကို တွေးနေစဉ်မှာပင် ဆရာက
“တပည့်တို့ ... ဒီအတိုင်းပဲကွယ် ... ဆရာတို့ဘဝတွေမှာလည်း ဘရိတ်တွေရှိသကွယ့်”
တပည့်တွေက နားမလည်စွာဖြင့် ဆရာ့ကို ကြည့်နေကြသည်။ ဆရာကဆက်ပြောသည်
“မင်းတို့ဘဝတွေမှာ မိဘတွေ၊ ဆရာတွေ၊ သူငယ်ချင်းတွေ၊ ချစ်ရသူတွေဟာ တစ်ခါတစ်ရံ ဘရိတ်တွေ ဖြစ်နေတတ်တယ် ... အဲဒီဘရိတ်တွေဟာ ဆရာပြောချင်တဲ့ ဘဝကိုအမြန်ဆုံး မောင်းနှင်နိုင်အောင် လုပ်ပေးမယ့်အရာတွေ မဟုတ်ဘူး။ မင်းတို့ထင်ထားသလို မဟုတ်ဘူး။ မင်းတို့ဘဝတွေကို ရပ်သွားအောင် ... တန့်သွားအောင် လုပ်ပစ်မယ့်အရာတွေ ဖြစ်နေ တတ်တယ်”
ဆရာက ခေတ္တနားလိုက်ပြီးနောက် ဆက်ပြောသည်
“ကားဘာကြောင့်စီးသလဲ ... လိုရာကို မြန်မြန်ရောက်ချင်လို့ပဲ ... မပင်မပန်းနဲ့ ခရီးရောက်ချင်လို့ပဲ။ ရောက်ချင်ရင် မောင်းလေ ... မြန်မြန်မောင်းကြရမှာပေါ့။ အေး ... ကားကို မောင်းတာ ကိုယ့်ကျွမ်းကျင်မှုတွေနဲ့ အရှိန်ကို လျှော့သင့် လျှော့ ... ရပ်သင့်ရပ် ... ဆုတ်သင့်ဆုတ်ရမှာပဲ။ ဘရိတ်တွေချည်း နင်းထားလို့ ဖြစ်မလား”
“ဘဝမှာ ဘရိတ်ပါတယ်ဆိုတာ မင်းတို့ကို ရပ်ချည်းနေဖို့ မဟုတ်ဘူး ... နောက်ကိုပြန်ဆုတ်နေဖို့ချည်း မဟုတ်ဘူး ... ယုံကြည်မှုနဲ့ ရှေ့ဆက်ဖို့ပဲ ... မလိုအပ်ရင် မရပ်ဘူး ... မြန်နိုင်သမျှမြန်မြန်လေးမောင်း ... အမြန်ဆုံး ခရီးရောက်အောင်လုပ်ကြ ... ဘရိတ်ဆိုတာ လိုအပ်တဲ့အခါမှသာ သုံးဖို့စဉ်းစား”
“ဘရိတ်ရှိတာ မကောင်းဘူးလား ... ကောင်းပါတယ် ... ဒါပေမဲ့ မင်းတို့ကို အတင်းတန့်နေစေတဲ့ ... ရပ်နေစေတဲ့ ... စိုးရိမ်လို့ မလွှတ်နိုင်လောက်အောင် ချုပ်နှောင်ထားတဲ့ အရာ မဖြစ်သင့်ဘူး။ သွားစရာရှိတာ သွားရမယ်။ အမြန်ဆုံးရောက်အောင် သွားရမယ်။ ဘရိတ်တွေချည်း အုပ်မနေနဲ့။ ခရီးမရောက်ဘူး ဖြစ်လိမ့်မယ်။ ဘရိတ်ကြောင့် ကိုယ့်ဘဝကို အနှောင့်အယှက် မဖြစ်စေနဲ့”
ဆရာက ရူပဗေဒသင်ခန်းစာကို ဘဝနှင့်ယှဉ်ကာ စဉ်းစားတတ်အောင်ပြောပြသွားသည်။
ကိုယ့်ကိုယ်ကိုယ် မေးကြည့်ကြစေချင်သည်
ငါတို့ဟာ ဘရိတ်တွေလား
မြန်မြန်မောင်းခိုင်းမှာလား
ရပ်ခိုင်းထားမှာလား။
(Brakes in Car ကို မြန်မာမှုပြုပါသည်)
တင်ညွန့်
၇.၃.၂၀၂၂