မုန်းခိုင်းတိုင်း မုန်းမှာလား

 မုန်းခိုင်းတိုင်း မုန်းမှာလား

------------------------------

အီဂျစ်သမ္မတ အန်ဝါ ဆဒတ်ကို လုပ်ကြံသူအား တရားရုံးတွင် စစ်ဆေးစဉ်ကဖြစ်သည်။


တရားသူကြီးက


“မောင်မင်း အဘယ်ကြောင့် သမ္မတ ဆဒတ်ကို သတ်ရသနည်း” ဟု မေးလိုက်သည်။


လုပ်ကြံသူက


“သူက တိတ္ထိဖြစ်နေလို့ပါ” ဟု ဖြေဆိုခဲ့သည်။


တရားသူကြီးက ချက်ချင်းပင်


“မောင်မင်း တိတ္ထိဆိုတာဘာလဲ သိလား” ဟု မေးလိုက်သည်။


လူသတ်သမားက


“မသိပါ” ဟု ပြန်ဖြေလိုက်သည်။


အလားတူပင် အီဂျစ်စာရေးဆရာ နာဂု မာဖို့ဇ် ကိုလည်း လူသတ်သမားက ဓားဖြင့်ထိုးသတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ သည်။ တရားသူကြီးက


“မောင်မင်း နာဂုကို ဘာဖြစ်လို့ ဓားနဲ့ထိုးရသနည်း” ဟု မေးလေသည်။


အကြမ်းဖက်သူက


“ဂီဘာလာဝီမှ ကလေးများစာအုပ်ကို ရေးလို့ပါ။ အဲဒီစာအုပ်ဟာ ဘာသာရေးကို ဆန့်ကျင်တဲ့ စာအုပ်ဖြစ် ပါတယ်” ဟု ပြန်ဖြေသည်။


တရားသူကြီးက


“မောင်မင်း အဲဒီစာအုပ်ကို ဖတ်ဖူးသလား” ဟု မေးလေသည်။ ထိုတရားခံက


“မဖတ်ဘူးပါ” ဟုဖြေသည်။


အီဂျစ်နိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်သူ ဖာရက် ဖိုဒါသည်လည်း လူသတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ် ခြင်းကို ခံရသည်။


တရားသူကြီးက


“မောင်မင်း ဘာဖြစ်လို့ ဖာရက် ဖိုဒါကို သတ်ရသနည်း” ဟုမေးလေသည်။


လူသတ်သမားက


“အဲဒီစာရေးဆရာဟာ ဘာသာရေးကို မယုံကြည်လို့ပါ” ဟုဖြေသည်။


တရားသူကြီးက


“မောင်မင်း သူသည် ဘာသာရေးကို မယုံကြည်ကြောင်း မောင်မင်းမည်သို့ သိသနည်း” ဟုမေးလေသည်။


တရားခံက


“သူ့စာအုပ်တွေကို ဖတ်ကြည့်ရင် ရှင်းနေတာပဲ” ဟုဆိုသည်။


တရားသူကြီးက


“ဘယ်စာအုပ်မှာ သူဟာ ဘာသာရေးကို မယုံကြည်ဘူးဆိုတာ ဖော်ပြထားသလဲ” ဟု မေးပြန်သည်။


လူသတ်သမားက


“စာအုပ်နာမည်တွေ မသိပါဘူး။ ကျွန်တော်မျိုး သူ့စာအုပ်တွေကိုလည်း မဖတ်ဖူးပါဘူး” ဟုဖြေသည်။


တရားသူကြီးက


“မောင်မင်းဟာ သူ့စာအုပ်တွေကို မဖတ်ဘဲနဲ့ ဘာကြောင့် ဒီလိုစွပ်စွဲသတ်ဖြတ်ရသလဲ” ဟုအံ့ဩသဖြင့် မေးပြန်သည်။ လူသတ်သမားက


“ကျွန်တော်မျိုးမှ စာရေး စာဖတ် မတတ်တာ” ဟူ၍ ပြန်ဖြေလေသည်။


အထက်ပါအဖြစ်အပျက်များကို လေ့လာကြည့်ပါ။


အမုန်းတရားသည် မည်မျှ ကြောက်စရာကောင်းသည်ဆိုခြင်းကိုတွေ့ရမည်။ ပိုကြောက်စရာကောင်းသည်မှာ မျက်ကန်းအမုန်း (Blind Hatred) ဖြစ်သည်။


အမုန်းတရားဆိုသည်မှာ အသိဉာဏ်ကင်းမဲ့မှုမှတစ်ဆင့်သာ ပြန့်ပွားသည်။ (Hatred spreads through ignorance.)


အမုန်းတရားသည် အသိဉာဏ်မှတစ်ဆင့် မပြန့်ပွားနိုင်။ (Hatred never spreads through knowledge.)


အထက်ပါအဆိုလေးကို သတိထားသင့်ပါသည်။


ဘာကိုမုန်းရမှန်းမသိ မုန်းခိုင်းလို့မုန်းတာဆိုခြင်းက ပိုဆိုးပါသည်။ ယင်းကို အကြောင်းမဲ့ မုန်းတီးခြင်းဟု ဆိုနိုင်သည်။ လူတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုကို ဘာကြောင့်မှန်းမသိ ခိုင်မာသည့် အကြောင်းပြချက်မရှိ မုန်းတီးနေခြင်းမှာ အကြောင်းမဲ့ မုန်းတီးခြင်းဖြစ်သည်။


ဘာကြောင့်မုန်းရမည်မှန်းမသိ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသည့် သတင်းမှား၊ အယူအဆအစွဲ အလမ်းတွေကြောင့်လည်း မုန်းတတ်ကြသည်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားရန် သူတို့တွင် အသိပညာ မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် မှိုင်းမိပြီး မုန်းခြင်းလည်းဖြစ်သည်။


အကြောင်းမသိဘဲ အကြောင်းမဲ့သက်သက်မုန်းတီးခြင်းမှာ အလွန်ဆိုးသည်။ ထိုမုန်းတီးခြင်းမျိုးမှာ အသိဉာဏ် ကင်းမဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားဖြစ်သည်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အကြောင်းကို ဂဃနဏသိမြင်နိုင်အောင် ကြိုးစားကြည့်လိုက်လျှင် မုန်းချင်မှမုန်းပေလိမ့်မည်။ အမုန်းတရား ဖြစ်ပေါ်ရန် အခွင့်အရေးနည်းပါးသွားနိုင်သည်။


မျက်ကန်းမုန်းတီးမှုသည် မဆုံးရှုံးသင့်သူများ ဆုံးရှုံးနိုင်သလို အချင်းချင်း ပဋိပက္ခတွေကိုလည်း ဖြစ်ပေါ်စေ နိုင်သည်။


ထို့ကြောင့် မုန်းခိုင်းတိုင်း မမုန်းစေချင်။


အသိဉာဏ်ရှိရှိ ပညာရှိရှိဖြင့်


မုန်းသင့်မှ မုန်းကြစေချင်သည်။


(Ref: Real African Books)


တင်ညွန့်


၅.၉.၂၀၂၅

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား