ခေတ်သစ် ငါးခုံးမများ

 ခေတ်သစ် ငါးခုံးမများ

-----------------------

“ဆရာ ... ဆရာမှာလိုက်တဲ့ သင်္ဘောမဲဇလီရွက်တွေ လာပို့တာ”


“အေး အများကြီးပါလား”


“ဆရာကဘယ်လောက်ခူးခဲ့လို့မှ မပြောတာ။ မကုန်တော့လည်း လွှင့်ပစ်လိုက်ပေါ့ဆရာ။ ဒါနဲ့ ဘာအတွက်လဲဆရာ”


“တစ်ခါ တစ်ခါ ဝမ်းတွေဘာတွေချုပ်ရင် တစ်ရွက်နှစ်ရွက်လောက် ဘလင်ဒါနဲ့ကြိတ်ပြီး သောက်ချလိုက် တာပဲကွ။ ဝမ်းကောင်းတယ်။ လွှင့်ပစ်စရာမလိုဘူးကွ။ သူ့အတိုင်းထားလိုက်။ ခြောက်သွားလည်း အာနိသင်က မပျက်ဘူး”


“ဆရာပြောမှပဲ သင်္ဘောမဲဇလီအစွမ်းကို သိတော့တယ်ဆရာ”


“မနက်ကတောင် ငါမင်းတို့လမ်းထိပ်ကို ရောက်သေးတယ်။ မင်းတို့အိမ်ကိုလာပြီး ဝင်ယူသွားမလို့ပဲ။ ဒါပေမဲ့ကွာ မင်းတို့ လမ်းထိပ်က ဘယ်လိုဖြစ်တာလဲ။ ဗွက်အိုင်ကြီးက အကြီးကြီးပဲ။ ငါလည်း ဗွက်အိုင်ထဲ မဖြတ်ချင်တာနဲ့ လှည့်ပြန်ခဲ့တာ”


“အဲဒီ ဗွက်အိုင်အကြောင်း ပြောရရင် ဒေါသထွက်လွန်းလို့ဆရာရေ”


“ဘာဖြစ်လို့လဲကွ”


“အဲဒီလမ်းထိပ်ကအိမ်ပေါ့။ သူ့အိမ်ကသုံးတဲ့ ရေဆိုးမှန်သမျှ လမ်းဘက်ကို ပိုက်ချပြီး ထုတ်ထားတယ် လေဆရာ။ ဒီတော့ သူ့အိမ်ထဲမှာတော့ ရေမရှိဘူးပေါ့။ လမ်းပေါ်မှာတော့ ရေတွေက အိုင်ပြီးတော့ ကားဖြတ်၊ ဆိုင်ကယ်ဖြတ်နဲ့ ကြာတော့ ဗွက်ပေါက်ကုန်တာ”


“မင်းတို့ကွယ် နေနိုင်လွန်းတယ်။ အဲဒီရေအိုင်ကို ဝိုင်းပြီးတော့ အုတ်လေး သဲလေး ဖို့လိုက်ရင် ပြီးရော။ ဘာလဲ အုတ်သဲဝယ်ဖို့ ပိုက်ဆံ ကောက်မရဘူးလား။ ငါပိုက်ဆံထည့်ပါ့မယ်ကွယ်။ တစ်သောင်းလှူမယ်။ မင်းကိုယ်တိုင် ဦးစီးပြီးတော့ ပြင်လိုက်စမ်းပါ”


“မလုပ်ဘူးဆရာ”


“ဟေ ဘာဖြစ်လို့လဲကွာ”


“ကျွန်တော်တို့လမ်းထဲမှာ နေရာအနှံ့လိုက်ကြည့်ဆရာ၊ ဘယ်နေရာမှ ရေမဝပ်ဘူး။ ရေဝပ်တဲ့ နေရာမှန်သမျှ ညီညီညွတ်ညွတ်နဲ့ လူငယ်တွေ ဝိုင်းပြီးတော့ ဖို့ကြတာပဲ”


“အေးလေကွယ် ... ခုလည်း အဲဒီလိုပဲ လုပ်လိုက်ကြပေါ့။ ငါတစ်သောင်း မတည်ပါ့မယ်”


“ဆရာ ... အားလုံးက လုပ်ချင်တယ် ... ဒါပေမဲ့ သောက်မြင်ကပ်လို့ကို မလုပ်ကြတာ”


“အိုကွယ် ... ဘယ်လိုဖြစ်ကြတာလဲ”


“လူတစ်ယောက် တာဝန်မဲ့မှု၊ တာဝန်မယူတတ်မှု၊ တာဝန် နားမလည်မှုကို တစ်လမ်းလုံးသိစေချင်လို့၊ အဲဒီလို ရေဆိုးထုတ်နေတဲ့ အိမ်ကလူတွေလည်း အရှက်ရစေချင်လို့ ဒီအတိုင်း ပစ်ထားပြီး ကြည့်နေကြတာဆရာ”


“မောင်ကျော်စွာ ဒါ မြန်မာပြည်ဆိုတာ မင်းသိပါတယ်ကွာ။ ကိုယ်လုပ်တာ မဟုတ်မှန်း၊ မမှန်မှန်း၊ အဆင်မပြေမှန်း၊ အားလုံးဒုက္ခရောက်နေမှန်း သိသိကြီးနဲ့လည်း ကိုယ့်ကောင်းစားရေးအတွက် ချနင်း၊ ဖိနင်းနိုင်မှ ကောင်းတယ်၊ မြတ်တယ်၊ မှန်တယ် ထင်နေကြတာလေ။ ဒီတော့ကွယ် ဘာမှ တွက်ကတ် မနေပါနဲ့ အသိတရားမဲ့လို့၊ ကိုယ်ချင်းစာတရားခေါင်းပါးလို့ လုပ်တဲ့သူက လုပ်နေပေမယ့် အများအကျိုးအတွက် မင်းတို့ လူငယ်တွေကပဲ အနစ်နာခံပြီး လုပ်လိုက်ကြပါ။ ဟုတ်ပြီလား”


“ဆရာ ကျွန်တော်တို့ အဲဒီလောက် လူမှုရေး စိတ်ဓာတ်မခေါင်းပါးပါဘူးဆရာ။ ဒါပေမဲ့ အဲဒီအိမ်က လူတွေကို အံ့ဩလွန်းလို့ပါ”


“ဟေ ... ဘာများအံ့ဩစရာ ရှိနေလို့လဲကွယ်”


“ကျောင်းဆရာမတဲ့ဆရာ။ လက်ရှိ ကျောင်းမှာ စာသွားသင်နေတဲ့ ကျောင်းဆရာမ။ အိမ်မှာလည်း ကလေးတွေကို ခေါ်ပြီး ကျူရှင်ပြနေတဲ့ဆရာမ ... ကဲ သိပြီလား။ ဘယ်လိုနည်းတွေနဲ့ ဆရာမဖြစ်လာပြီး၊ ဘယ်လိုစိတ်ဓာတ်တွေနဲ့ စာသင်မလဲဆိုတာ တွေးတောင် မတွေးဝံ့ဘူး။ ကလေးတွေကိုတောင် မလိမ္မာရင် ဆုံးမသွန်သင်ပြီး ဒါမျိုး မလုပ်သင့်ဘူးလို့ ပြောရမယ့်ဆရာမ ကိုယ်တိုင်ကစပြီး တရားပျက်နေတာတွေကို ခံပြင်းလွန်းတာကြောင့် ကျွန်တော်တို့ လူငယ်တွေက မလုပ်နဲ့ကွာ ပစ်ထားလိုက်။ သူနေ့တိုင်း အဲဒီ ဗွက်အိုင်ကြီးကို ကြည့်ပြီး စိတ်ဆင်းရဲပါစေဆိုပြီး ထားလိုက်တာ”


“မောင်ကျော်စွာ ... အဲဒီလို နားမလည်သူကို အပြုသဘောဆောင်တဲ့ လုပ်ဆောင်ပြခြင်းတွေနဲ့ ရှက်အောင် လုပ်ပြရမယ့်အစား မင်းတို့က အပျက်သဘောဆောင်တဲ့ တန်ပြန်နည်းနဲ့ တိုက်ခိုက်နေတော့ တစ်လမ်းလုံးက လူပေါင်းများစွာပဲ စိတ်ဆင်းရဲရတော့မှာပေါ့”


“ကျောင်းဆရာမလေ ... ကျောင်းမှာစာသင်နေတဲ့ ဆရာမလေ။ လူလို အသိလေးတော့ ရှိသင့်တာပေါ့”


“မောင်ကျော်စွာ ... သူက နားမလည်ချင်ယောင်ဆောင်ပြီး မျက်စိမှိတ်နေတာကို မင်းတို့က မျက်စိဖွင့်ပေးရမှာ။ အဲဒီလို မျက်စိဖွင့်ပေးတဲ့နေရာမှ ဗွက်အိုင်ကြီးအတိုင်း ထားပြတာထက်။ လမ်းကောင်းအောင် ပြုပြင်ပေး လိုက်ပြီး အဲဒီနေရာကို ဖြတ်သွားသူတိုင်းက လမ်းပြုပြင်တဲ့ ကလေးတွေ ကျန်းမာချမ်းသာကြပါစေဆိုတဲ့ မေတ္တာပို့မှုတွေကို မင်းတို့က ခံယူသင့်တာ။ မကောင်းဆိုးဝါးတွေတောင် မေတ္တာပို့ရင် တုန်လှုပ်ကြောက်ရွံ့ပြီး ပြေးကြတယ်လို့ ကြားဖူးတာပဲကွယ်။ မင်းတို့က မကောင်းတာလုပ်နေတယ်လို့ ထင်ထားသူကို သူ့လိုပဲ မကောင်းတဲ့ စိတ်ယုတ် စိတ်ပုပ်နဲ့ တန်ပြန်လို့ အမှားနှစ်ခုတိုက်ပြီး အမှန် ဖြစ်မလာပါဘူး။ အမှားတွေကို အမှန် တရားနဲ့ဖုံးပြီး၊ အဓမ္မကို ဓမ္မနဲ့ဖုံးလွှမ်းနိုင်အောင် ကြိုးစားပြီး တန်ပြန်နိုင်အောင် ကြိုးစားကြည့်ပါလား”


“ကျွန်တော် နားလည်ပါပြီဆရာ”


“မင်းတို့ထင်ထားတာက သူနေ့စဉ် သူ့အိမ်ကထွက်တဲ့ ရေဆိုးတွေကြောင့် လမ်းပျက်ပြီး ဗွက်ထနေတာကို ကြည့်လေ နောင်တရလေ ဖြစ်မယ်ထင်နေတာ။ မဟုတ်ဘူး မောင်ကျော်စွာ။ ကိုယ်ကျင့်တရားခေါင်းပါးတဲ့ သူတွေ၊ ပြည်သူ့နီတိကို မသိချင်ယောင်ဆောင်သူတွေဆိုတာ ဘယ်လိုမျိုးမဆို မျက်စိမှိတ်နေတတ်ကြတာ။ မင်းတို့ လမ်းလေးကို ကောင်းအောင် လုပ်လိုက်ပါ။ အဲဒီကောင်းနေတဲ့ လမ်းလေးကိုကြည့်ပြီးတော့ ငါ့ကြောင့် ... ငါ့ကြောင့် ဆိုတဲ့ နောင်တက ပိုပြီးတော့ သူခံစားရမှာ ပါကွယ်။ ဒီကြားထဲက စောစောကပြောသလို ကောင်းတာမြတ်နိုး ကျောင်းကျိုးဆောင်တာတွေကို မေတ္တာပို့ရင် မင်းတို့လူငယ်တွေကို ပို့မှာလေ။ မင်းတို့ လူငယ်တွေမေတ္တာရသလောက်၊ မကောင်းမှုလုပ်ထားတဲ့သူတွေမှာ မေတ္တာခမ်းခြောက်လေပဲ။ အဲဒီလို မေတ္တာတွေရဲ့ တန်ပြန်သက်ရောက်လာမှုကိုပဲ ပီတိဖြစ်ပြီး ဂုဏ်ယူကြပါ ကွယ်”


တင်ညွန့်


၂၂.၁၀.၂၀၂၃

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား