ယုံကြည်မှုဆိုသည်မှာ

 ယုံကြည်မှုဆိုသည်မှာ 

------------------------

“ဆရာ တစ်ခုလောက်မေးချင်လို့”


“မေးလေကွာ”


ကျွန်တော့်အိမ်တွင် အလုပ်ပိတ်ရက် စာလာဖတ်နေသော မောင်ကျော်စွာက ကျွန်တော်ခေတ္တနားချိန်တွင် စကားစလာသည်။


“လူတစ်ယောက် ဘာလုပ်လုပ်၊ ဘာပြောပြော လက်မခံတဲ့ အနေအထားတစ်ခုကို ရောက်သွားတာ ဘာကြောင့်လဲ ဆရာ"


“ယုံကြည်မှုကြောင့်ပေါ့ကွ”


“ကောင်းလိုက်တာဆရာရယ် ... ကျွန်တော် လိုချင်တဲ့ အဓိကအချက်က အဲဒါပဲ။ အစဖော်မရလို့”


“ယုံကြည်မှု ပျက်သုဉ်းရင် အားလုံးပျက်သုဉ်းတယ်ဆိုတဲ့ စကားရှိပါတယ်ကွာ။ ယုံကြည်မှုမခံရတဲ့ လူတစ်ယေက်ဟာ ဘာလုပ်လုပ်၊ ဘာပြောပြော ဘယ်တော့မှ အကောင်းမြင်ခံရမှာ မဟုတ်ဘူးကွ။ ဘာဖြစ်လို့ မေးတာလဲ”


“ကျွန်တော် အတွေးပေါ်လာမိလို့ပါဆရာ။ ကိုယ့်ကိုယ့်ကိုယ် ငါ့အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးနေပါလား ဆိုပြီး အသိတရားတွေဝင်လာကြရင်ကောင်းမှာပဲနော်”


“ယုံကြည်မှုဆိုတဲ့ စကားလုံးလေးဟာ ဘာမှသာမဟုတ်တယ် လင်နဲ့မယားကြား၊ အလုပ်ရှင်နဲ့ အလုပ်သမား ကြား၊ အဖေနဲ့ သားကြား၊ အစ်ကိုနဲ့ ညီမကြား၊ ရောင်းသူနဲ့ ဝယ်သူကြား အလွန်အရေးကြီးတဲ့ ဆက်သွယ်မှု တစ်ခုပဲ။ အဲဒီ ချိတ်ဆက်လေး ပျောက်သွားရင် ဆက်ဆံရေးလည်း ပျက်တော့တာပဲ”


“ယုံကြည်မှုအတွက် အရေးကြီးတာ ဘာလဲဆရာ။ ယုံကြည်မှု ရရှိဖို့အတွက် ကျွန်တော်တို့ ဘာတွေ လိုအပ် သလဲဆရာ”


“ယုံကြည်မှု ရရှိဖို့အတွက် အဓိက ၆ ချက်လောက်ပဲ လိုပါတယ်ကွာ”


“သိပါရစေဆရာ”


“နံပါတ်တစ်က တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်”


ကိုယ်က ခေါင်းဆောင်နေရာ ရောက်နေရင် ကိုယ့်လက်အောက်ငယ်သားတွေအပေါ် စာနာမှုရှိရမယ်။ ငါချမှတ် လိုက်တဲ့ လမ်းစဉ်တစ်ခုဟာ ငါ့အတွက်ရော၊ ငါ့လက်အောက်ငယ်သားတွေအတွက်ရော ပျက်စီးဆုံးရှုံး နစ်နာစေမယ့် လမ်းစဉ်မျိုး မဖြစ်ရဘူး။ ရေတို၊ ရေရှည် အမြော်အမြင်နဲ့ ငါဒီလို လုပ်လိုက်ရင် ဒီလိုဖြစ်သွားနိုင် တယ်ဆိုတာမျိုးတွေကို တွေးဆနိုင်ရမယ်။ ကိုယ်သတ်မှတ်လိုက်တဲ့၊ ချမှတ်လိုက်တဲ့ လမ်းစဉ်တစ်ခုအပေါ်မှာ ကိုယ်တိုင်က တာဝန်ယူ တာဝန်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါလားဆိုတာ ကိုယ့်နောက်လိုက် တွေက ကောင်းကောင်း လက်ခံနိုင်ရမယ်။


“နံပါတ် နှစ်က နားထောင်တတ်တဲ့ အလေ့အကျင့်ရှိရမယ်”


လူကြီးဖြစ်လာပြီဆိုရင် နားထောင်တတ်တဲ့ အကျင့်တွေ နည်းကုန်တတ်တယ်။ ကိုယ်ကပဲ ပြောမယ်၊ ငါပြောသလိုလုပ်ဆိုတဲ့ အာဏာရှင်ဆန်ဆန် အတွေးတွေ ဝင်လာတတ်တယ်။ ငါတို့ကို သဘာဝတရားကြီးက ပေးထားတာကိုကြည့်လိုက်။ နားကို နှစ်ခုထည့်ပေးထားပြီးတော့၊ ပါးစပ်ကို တစ်ပေါက်တည်း ထားပေးတာ။ အဲဒီကတည်းက ရှင်းနေတာပဲ။ များများနားထောင်၊ နည်းနည်းပြောလို့ သတိပေးထားတာ။ ဒါကြောင့် အောက်ခြေမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို များများနားမထောင်တတ်တဲ့လူမျိုးကို ဘယ်သူကမှလည်း ယုံကြည်လေ့မရှိကြဘူး။


“နံပါတ်သုံးအချက်က ယုံကြည်ရဖို့ ရိုးသားဖြောင့်မှန်သူဖြစ်ဖို့လိုတယ်"


သူခိုးဘုရင်လုပ်ပြီး အုပ်ချုပ်မယ်ဆိုရင် ဘယ်ပြည်သူမှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ရှင်းရှင်းလေးပဲကွာ သူခိုးဖြစ်နေလို့။ ရိုးသားဖြောင့်မှန်မှုကို လူတိုင်းကြိုက်တယ်။ ရိုးသားသူဖြစ်ဖို့ဆိုတာ သူတစ်ပါးကို လှည့်စားပြီး နေရာယူလို့ မရဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ပဲ။ ပလ္လင်ပေါ်တက်ထိုင်တိုင်း ဘုရင်မဖြစ်ဘူး။ တရားသူကြီးနေရာ ခုံသမာဓိနေရာ တက်ထိုင်တိုင်း တရားတဲ့သူလို့ ဘယ်သူမှလက်မခံဘူး။ ကိုယ့်လုပ်ရပ်၊ ကိုယ့်ပညာ၊ ကိုယ့်သိက္ခာ၊ ကိုယ့်သမာဓိ၊ ကိုယ့်သီလကသာ ဒီလူဟာ ရိုးသားဖြောင့်မှန်သူလို့ ဖော်ပြနိုင်တဲ့အချက်ဆိုတာ ကောင်းကောင်း နားလည်ထားဖို့လိုမယ်”


“နံပါတ်လေး အချက်က ကတိတည်ရမယ်”


ကတိတည်သူ၊ ကတိပေးတဲ့အတိုင်းလုပ်သူ၊ ကတိဆိုတာကို ကိုယ့်ဂုဏ်သိက္ခာလို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ သူမျိုးကိုသာ ပြည်သူက ယုံကြည်ကြတယ်။ ကတိမတည်တဲ့လူမျိုးကို ဘယ်သူကမှ ယုံကြည်မှုနဲ့ မဆွေးနွေးချင် ဘူး။ ကတိတည်တဲ့ လူစားဆိုတာ ပြောရင်လည်း မျှမျှတတပြောတတ်တယ်။ လုပ်ရင်လည်း မျှမျှတတ လုပ်တတ်တယ်။ မျှမျှတတစိတ်ထားရှိသူဖြစ်တော့ ကတိမတည်စရာလည်း အကြောင်းမရှိဘူး။ မဖြစ်နိုင်တာ တွေကို ကတိပေးပြီး မလုပ်ပြနိုင်ရင်လည်း အယုံအကြည် ကင်းမဲ့တတ်တယ်။ ကိုယ့်နေရာ၊ ရာထူးရလာရေး အတွက် မုသားကတိပေးတာမျိုးတွေ ပြည်သူတွေက အယုံအကြည် မရှိဘူး။


“နံပါတ် ငါးအချက်က ကိုယ်မှန်တယ်ထင်ရင် ခိုင်မာစွာရပ်တည်နိုင်ရမယ်”


ဟိုဘက်ပြောင်းလိုက်၊ သည်ဘက်ပြောင်းလိုက်၊ သာတဲ့ဘက်ပြောင်းတတ်တဲ့ မခိုင်မမာ စိတ်ထားရှိသူတွေ ကိုလည်း ပြည်သူတွေက မယုံကြည်တတ်ဘူး။ အမြဲတန်း ဓမ္မဘက်ကပဲ ရပ်တည်ပြီးတော့ အဓမ္မဘက်ကို နည်းနည်းလေးမှ မတိမ်းတတ်သူမျိုးကို ပြည်သူက လေးစားယုံကြည်တယ်။ ကိုယ့်နေရာ ကိုယ့်ရာထူး ခိုင်မာရေးအတွက် ဘယ်သူတက်လာလာ၊ ငါ့လူတွေပါလို့ ခံယူတတ်သူမျိုးတွေကို ပြည်သူတွေက မယုံကြည်ကြ ဘူး။


“နံပါတ် ခြောက် အချက်က တောင်းပန်တတ်တဲ့ အလေ့အကျင့်ရှိရမယ်”


ကိုယ်မှားရင် မှားသွားတာကိုသိပြီး စောစောကတည်းက မှားပါတယ်လို့ တောင်းပန်လိုက်ရင် ပြဿနာက စောစောအေးသွားတာပေါ့။ Sorry ဆိုတဲ့စကားတစ်လုံးကို ဘယ်အချိန်မှာ သုံးသင့် သုံးထိုက်တယ်ဆိုတာ သိမြင် နိုင်တဲ့ ဉာဏ်အမြော်အမြင် ရှိဖို့လည်း လိုသေးတယ်။ လူကြီးလူကောင်းတွေကတော့ Sorry ဆိုတာနဲ့ Thanks ဆိုတဲ့ စကားနှစ်လုံးကို ရွှေလိုတန်ဖိုးထားပြီး သုံးသင့်တဲ့အချိန်မှာ သုံးလေ့ရှိကြတယ်။ Sorry နဲ့ Thanks ဆိုတဲ့ စကားနှစ်လုံးရဲ့ အတိုင်းအတာနဲ့ အနက်အဓိပ္ပာယ်ကို သင်ကြားပေခြင်း မခံရတဲ့ လူစားတွေဟာ တောင်းပန်ခြင်းဆိုတဲ့ အနုပညာမြောက်တဲ့ အလေ့အထကိုလည်း ဘယ်တော့မှ နားလည်ကြမှာ မဟုတ်ဘူး”


“ကိုင်း မောင်ကျော်စွာ အများကြီး မဟုတ်ပါဘူးကွာ။ အဲဒီ ခြောက်ချက်လောက်ကို စောင့်ထိန်းပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ယုံကြည်မှု တည်ဆောက်နိုင်ပါတယ်။ အဲဒီအချက်တွေနဲ့ တစ်ချက်မှ မကိုက်ရင်တော့ မယုံကြည်နဲ့ပေါ့ကွာ။ ဘာပြုံးတာလဲကွ” 


“အရင်ကတည်းကမှ မယုံတာ ဆရာ့ ခြောက်ချက်နဲ့ တိုက်လိုက်တော့ တစ်စက်မှကို ကြည်ညိုလို့မရတာ တွေးပြီး ပြုံးမိတာပါဆရာရယ်”


“ပြုံးတာလည်း ယုံယုံကြည်ကြည်နဲ့ ပြုံးကွ ... မပြုံးတတ်တော့ မဲ့သလိုမျိုး ဖြစ်တတ်တယ်”


တင်ညွန့်


၁၉.၁၂.၂၀၂၃

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား