အဖေလိမ်တယ်

 အဖေလိမ်တယ်(စ/ဆုံး)

————————


ကလေးတုန်းကတော့ ထိုဖြစ်ရပ်အပေါ်

အဖေတို့ လုပ်ရက်တယ်လို့ပဲ နာကျင်စွာနဲ့

နားလည်ထားခဲ့တာ။ယခု အသက်ကြီးလာမှ

ပြန်တွေးမိတော့ ဒါ လုပ်ရက်တာမဟုတ်ဘူး၊

အဖေ လိမ်ခဲ့တာလို့ ပြောင်းလဲ သဘောပေါက်

ရပါတယ်။


ရွာနဲ့ အထက်တန်းကျောင်းက ၄ မိုင်းခန့်ဝေးပါတယ်။

ရွာမှာက မူလတန်း( ၄ တန်း )အထိပဲ ရှိတာ။

၄ တန်းအောင်လို့ ၅ တန်းတက်မယ်ဆိုရင်

အထက်တန်းကျောင်းကို သွားတက်ရတာ။

အဲဒီကျောင်းက ရွာနဲ့ ၄ မိုင်ခန့်ဝေးတယ်။


ပိုက်ဆံတတ်နိုင်သူတွေကတော့ ကျောင်းသားကို

စက်ဘီးဝယ်ပေးတယ်။ ကျနော်တို့အိမ်ကတော့

ပိုက်ဆံမတတ်နိုင်။ ကျောင်းကို ခြေကျင်ပဲ

လျှောက်သွားရတယ်။ ခြေကျင်လျှောက်သူတွေ

အများကြီးပါ။ သူတို့လည်း ကျနော်လို ဆင်းရဲသားရဲ့

သားသမီးတွေပေါ့။


ကျောင်းက တစ်နေကုန်နေရတာပါ။

မနက် ၈နာရီ ကျောင်းသွားချိန်ကနေ ညနေ

၄နာရီမှ အိမ်ပြန်။ ခင်ဗျားတို့ သနားသွားမလား။

အံ့သြသွားမလား မသိဘူး။ တစ်နေကုန်နေရပေမဲ့

ကျနော့်မှာ ထမင်းဗူးမပါဘူး။ ပိုက်ဆံတစ်ကျပ်

ပဲ ပါတယ်။အဲဒါနဲ့ ကြံမွှေး၊သကြားလုံး၊ဇီးပေါင်းထုပ်

တစ်ခုခုဝယ်စား။ ပြီးရင်ရေအဝသောက်။

ဒါနဲ့တစ်နေကုန်နေ။ ညနေအိမ်ပြန်ရောက်မှ

ထမင်းစားတော့။ အဲဒီလို ဗျ။ ဒါက ကျနော်

တစ်ယောက်ထဲတော့ မဟုတ်ဘူး။ကျနော်တို့ရွာသား

တော်တော်များများ အဲဒီအတိုင်းပဲ။ မနက်စာ

အဆာပြေ အိမ်ကနေ ထမင်းခြမ်း စားသွား။

ကျောင်းမှာတစ်နေကုန် နေ၊ ညနေအိမ်ပြန်ရောက်မှ

ထမင်းစားတော့။ ပြောရရင် နေ့ထမင်းမစားပဲ

ကျောင်းတက်ခဲ့ရတာမျိုးပါ။


ထမင်းဗူးမယူနိုင်တာက အကြောင်းပြချက်များ

တယ်။ ဆန်အမြဲမရှိနိုင်တာရယ်၊ အမိအဖကလည်း

တောင်သူယာလုပ် နဲ့ အားချိန်မရတော့ တကူးတက

ထမင်းချက် ဗူးလုပ်မပေးနိုင်တာရယ်၊ အခြား

မွေးထားတဲ့ ကလေးဘုစုခရုတွေရဲ့ ဗာဟိရတွေ

လည်း များနေတာရယ်ကြောင့် ကျနော်တို့ကို ထမင်း

ဗူး ထည့်မပေးနိုင်တာပါ။ ကျနော်တို့လို့ ဆိုရခြင်းက

ကျနော့်ရွာက ကျောင်းသားသူငယ်ချင်း

အများစုရဲ့ မိသားစုတွေကလည်း ကျနော့်မိသားစုနဲ့

တူညီတဲ့ပြသနာ ရှိနေတာကြောင့် ကျနော်တို့လို့

ဆိုလိုက်ရတာပါ။ သူတို့လည်း ကျနော့်လို တူညီ

တဲ့ ချို့တဲ့မှုတွေနဲ့။


မုန့်ဖိုးတစ်ကျပ်ကရော အမြဲပါသလားဆိုတော့

မဖြေချင်တော့ပါဘူး။ ဒရမ်မာသိပ်ဆန်သွားလိမ့်

မယ်။


ကျောင်းသွားလမ်း တစ်လျှောက် ယာခင်းတွေ

ရှိတယ်။အဲဒီမှာ ဇီးသီး၊ ကြံ ၊ဖရဲ စတဲ့ အသီးအနှံ

တွေ တွေ့ရတယ်။ ခိုးချင်လို့ သက်သက်မဟုတ်ပါ

ဘူး။ အမှန်တကယ်ကို သိပ်ဆာလောင်နေတော့

ဒါတွေလည်း ဝင်ခိုးစားတာပဲ။ ယာခင်းရှင် အသံ

ကြားရရင် ဖနောင့်နဲ့တင်ပါး တသားထဲ ဆိုတာလို

ပြေးကြရတာပဲ။ မပြေးလို့လည်း မရဘူး။

တောကလူတွေဆိုတာ ကျောင်းသားရောဘာရော

နားလည်တာမဟုတ်ဘူး။ သူ့ပစ္စည်းခိုးတာမိရင်

ထုနက်၊ရိုက်ပုတ်လွှတ်တတ်တာမျိုး။


နောက် မာလကာ၊ သရက်၊ ဇီချိုသီး စတဲ့အသီးအနှံ

တွေရှိတဲ့ အစိုးရစက်ရုံ လိုင်းခန်း အိမ်ယာလေးတွေ

က ကျောင်းနားမှာ ရှိသေးတယ်။ အိမ်ကလေးတွေက

စနစ်တကျ၊ သစ်ပင်ပန်းမာန်နဲ့။ အဲဒီမှာ သူတို့ခြံထဲက

မာလကာပင်က လမ်းဘက်ထွက်ပြီး သီးနေရင်

ထိုအသီးကို သူတို့မသိအောင် ကျနော်တို့ခူးစားတာပဲ။

ဇီးသီးလည်း အတူပေါ့။ တစ်ခါတရံ လူပြောင်းသွား

လို့ လူမရှိတဲ့ခြံတွေ တွေ့ရတယ်။ အဲဒါမျိုးဆို

ခြံထဲခိုးဝင်ပြီး ခူးစားတာမျိုးပေါ့။


ကာလက ၉၀ ခုကျော်စ ကာလတွေပါ။

ကျနော်တို့နယ်ဘက်တော့ သိပ်ဆင်းရဲပါတယ်။

ကျောင်းနေတယ်ဆိုပေမဲ့ စာအုပ်ဖိုး၊ ဘော့ပင်ဖိုး

ကျောင်းကတောင်းတဲ့ အဖိုးအခတစ်ခုခု ဖိုး

ကြုံလာရင် ကျနော့်မှာ ငိုရတာပဲ။ မဝယ်နိုင်ဘူး၊

မပေးနိုင်ဘူး။ အိမ်ကတော့ နောက်ရက်ပေးပါ့မယ်

လို့ ဆရာမကို ပြောပါလို့ ဆိုတယ်။ကျနော်က

မပြောရဲဘူး။ ပြောရမှာရှက်တယ်။ ကြောက်တယ်။

တကယ်လည်း ဘာအဖိုးအခနေနေ ကျနော်က

နောက်ဆုံးမှ ပေးနိုင်တာပါ။


စင်စစ်တော့ ကျောင်းနေတာ လွယ်ကူဖို့မပြောနဲ့အုံး

အိမ်တောင် ထမင်းနပ်မမှန်ဘူး။ အဲဒီပုံစံနဲ့

ကျောင်းတက်ကြရတာမျိုးပါ။


တစ်ရက်တော့ ညနေကျောင်းဆင်း၊ ကျောင်းကနေ

ထမင်းသိပ်ဆာပြီး ပြန်လာပါတယ်။ စိတ်ကူးထဲ

ထမင်းတွေမြင်ယောင်ပြီး အိမ်ရောက်ရင် ဘယ်လို

စားလိုက်မယ်ဆိုတဲ့ စိတ်နဲ့ ပေါ့။


အိမ်ရောက်တော့ ကျနော်သိလိုက်ပြီ။

အိမ်အဝင်ဝမှာကတည်းက အဖေ့မျက်နှာ မြင်လိုက်

ရတာကိုဗျ။ မျက်နှာမကောင်းဘူး။

ကျနော်သိလိုက်ပြီ။ ဟင်းမကောင်းလို့လား၊

မဖြစ်နိုင်ဘူး၊ ဟင်းမကောင်းတာနဲ့ ဒီလောက် မျက်နှာ

မညှိုးနိုင်ဘူး။ထမင်းမရှိတာ နေမှာပါ။


အများကြီး မတွေးနိုင်ပါဘူး။

ကျနော့်ခန္ဓာကိုယ်က မီးဖိုချောင်ထဲ ဘယ်လိုရောက်

သွားမှန်းပင် မသိလိုက်။

လွယ်အိပ်ကို မချမိဘူးထင်ပါတယ်။ ထမင်းအိုးက

ဗလာပဲ။ ဘာမှ မရှိဘူး။ ဟာဗျာ၊

ငိုလို့လည်း မရ၊ ဆာက ဆာ၊ အိုးက ဗလာ၊

ကျနော့်အတွေ့အကြုံအရ ဘယ်အိမ်မှလည်း

တစ်ဆုပ်တစ်ခဲ သွားတောင်းလို့မရ။


ပြောစရာစကား ပျောက်ဆုံးပါတယ်။


အဖေက ကျနော်စိတ် ပြေ၊ဖြေ လို့ရစေရန်

တစ်ခုခုပြောပါတယ်။ အဖေတို့စားလိုက်လို့

သားအတွက် မကျန်တော့ဘူး။ ညကျမှ

ပေါင်းစားပါသားရယ် ဆိုပြီး ချော့ပါတယ်။


ဒေါသလည်း ထွက်မရဘူး။

မရဘူးဆိုတာ အိမ်အခြေအနေ ၊ကာလအခြေအနေ

အရ ထမင်းမပေါဘူးဆိုတာ ကျနော်သိနေလို့ပဲ။


ဒါပေမဲ့ နဲနဲတော့ နာကျင်သလို ဖြစ်မိတယ်။

အဖေတို့ လုပ်ရက်တယ်။ နဲနဲလေး ဖြစ်ဖြစ်တောင်

မချန်ဘူး။ ကျောင်းမှာ ဘာမှမစားရဘူးဗျ။

တစ်နေကုန်နေရတာဗျ။ လေးမိုင်ခရီးကို

လမ်းလျှောက် ပြန်လာရသေးတယ် စသဖြင့်

နာကျင်ရင်နင့် မိတာပေါ့။ ဦးစားပေးခံချင်တဲ့

စိတ် အလျင်းမရှိပါဘူး။ သို့တိုင် နဲနဲ ဖြစ်ဖြစ်

ချန်စေချင်တာမျိုးပါ။


သို့ဖြင့် အဖေ့တို့ လုပ်ရက်တယ်ဆိုတဲ့ နာကျင်မှုက

ကျနော့်အသက် ၃၇ လောက်ထိ စွဲထင်နေတာ။


တစ်ခါတော့ ထိုအဖြစ်အပေါ် အမြင်တစ်မျိုးပြောင်း

သွားတယ်။ဖျက်ခနဲ ပေါ်သွားတာမျိုးပါ။

ဘဝအတွေ့အကြုံတွေနဲ့ ချိပ်ဆက် သိမြင်လိုက်

ရတာမျိုးပါ။


အမြင်ပြောင်းသွားတာက အဖေတို့ စားလိုက်လို့

ထမင်းမကျန်တာ မဟုတ်ဘူး။ ထိုနေ့က အဖေတို့

အမေတို့ တစ်မိသားစုလုံးလည်း ထမင်းမစားရဘူး

ဆိုတဲ့ အဖြေပဲ။


ကျနော်ဒါကို ဘာလို့ မမြင်ခဲ့မိပါလိမ့်။

ဘာလို့ မတွေးခဲ့ မိပါလိမ့်။

အမှန်ပါပဲ။ အဖေတို့စားလိုက်လို့ မကျန်တာမဟုတ်

ဘူး။ဒီအဖြေနဲ့ အဖေ့ဖြစ်တည်မှုပုံစံ ကိုက်ညီမနေဘူး။

ထို့နေ့ တစ်နေ့လုံး ထမင်းကို မချက်နိုင်ခဲ့တာ။

ထိုနေ့က အဖြစ်ကို အဖေ့ပြန်မေးပြီး ခိုင်မာမှု

ယူဖို့ပင် မလိုပါဘူး။ သေချာတဲ့ ကျနော့်ဘဝ

အမြင်ပါ။ ထိုနေ့က ထမင်းမချက်နိုင်ခဲ့ပါ။


ထမင်းမချက်နိုင်ကြောင်း ကျနော့်ကို ပြောပြရင်

ကျနော် စိတ်ခြောက်ခြားသွားနိုင်တယ်။ ထိုအရာထက်

စာရင် အဖေတို့ စားလိုက်လို့ ကုန်သွားတာဆိုတဲ့ အဖြေက

ကျနော့်လို ငယ်ရွယ်နုနယ်တဲ့ ကလေးအတွက်

စိတ်သက်သာစေပါတယ်။ တနည်းဖြင့်

မိသားစုဟာ အားကိုးရာထောက်တည်ရာလို့

ကိုးစားထားတဲ့ ကလေးအရွယ်အတွက်

ထမင်းမချက်နိုင်ဘူး၊ အဖေတို့ တစ်အိမ်လုံး

ငတ်နေတယ်ဆိုတဲ့ အဖြေက အကြီးစားရှော့ပါ။


ဆိုတော့ ကလေးတုန်းက ထိုအဖြစ်ကို

အဖေတို့ လုပ်ရက်တယ်လို့ပဲ နာကျင်နေခဲ့တာ။

အခုသဘောပေါက်လိုက်တာက အဖေလိမ်တယ်

ဆိုတာပဲ။


✍️Oo Thaw✍️

Credit#

ပြန်လည်မျှဝေသည်။

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား