အရှက်တရား၏ အခြားတစ်ဖက်(စ/ဆုံး)
အရှက်တရား၏ အခြားတစ်ဖက်(စ/ဆုံး)
——————————-
သမီးဖြစ်သူက လူကြားသူကြားထဲမှာ ကျွန်မနဲ့အတူ တွဲသွားတွဲလာလုပ်ရတာ ရှက်စရာကောင်းတယ်လို့ သူ့သူငယ်ချင်းတစ်ယောက်ကို ပြောနေတာကို ကျွန်မ မတော်တဆ ကြားလိုက်ရတယ်။
ကျွန်မ အော်ဟစ်ဆူပူမပစ်ခဲ့ပါဘူး။
ဘာဖြစ်လို့လဲလို့လည်း လိုက်မမေးခဲ့ဘူး။
သူ့ဘက်က အကြောင်းပြချက်ပေးဖို့လည်း ကျွန်မ မသိချင်တော့ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့ဘဝထဲကို တိတ်တဆိတ် ဝင်ရောက်လာခဲ့သလိုပါပဲ၊ အခုလည်း ဟင်းချက်စရာအိတ်တွေ၊ ကိုယ်တိုင်ဖုတ်ထားတဲ့ မုန့်တွေနဲ့ ရှိသမျှ မေတ္တာတရားအားလုံးကို ချခဲ့ပြီး
သူ့ဘဝထဲကနေ ငြင်ငြင်သာသာလေးပဲ ပြန်ထွက်လာခဲ့လိုက်တယ်။
ကျွန်မ အသက် ၆၄ နှစ် ရှိပြီ။
ကျွန်မတစ်သက်လုံး အထည်ပြင်ချုပ်ပေးတဲ့ ဆိုင်သေးသေးလေးတစ်ခုမှာ အပ်ချုပ်သည်အဖြစ်နဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့တာ။
အခုဆို ကျွန်မလက်ချောင်းတွေက မနုညံ့တော့ဘူး။ လက်သည်းတွေက တိုတိုလေးတွေ ဖြစ်နေပြီ။ တစ်နေကုန် အလုပ်လုပ်ပြီးတိုင်း ခါးတွေကလည်း နာလိုက်တာ။ ဝတ်ထားတဲ့ အင်္ကျီတွေကလည်း ရိုးရိုးစင်းစင်းပါပဲ။ ဒါက ကျွန်မကိုယ်ကျွန်မ အလှမပြင်ချင်တော့လို့မဟုတ်ပါဘူး။ ကလေးတစ်ယောက်ကို မိခင်တစ်ယောက်တည်း အားနဲ့ ရုန်းကန်ပျိုးထောင်ရတဲ့အခါ ကိုယ့်အတွက် အင်္ကျီအသစ်တစ်ထည်ထက် သမီးရဲ့ ဖိနပ်၊ ဆောင်းတွင်းစီး အနွေးထည်၊ ကျောင်းသုံးစာအုပ်၊ ဆေးဝါး ဒါမှမဟုတ် ကျောင်းပြင်ပလှုပ်ရှားမှုတွေကပဲ အမြဲတမ်း ဦးစားပေး ဖြစ်နေခဲ့လို့ပါ။
အယ်လီနာ့ကို ကျွန်မတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာ။
သူ့အဖေက သမီးလေး လေးနှစ်သမီး အရွယ်မှာတင် ကျွန်မတို့ကို ထားခဲ့တယ်။
ရန်ပွဲကြီးပွဲငယ်တွေ၊ ပန်းကန်ခွက်ယောက်တွေ ရိုက်ခွဲတာတွေ၊ ရင်နင့်စရာ မြင်ကွင်းတွေ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ သူက သူ့အဝတ်အစားတွေကို အိတ်ထဲထည့်၊အတူနေရတာ ပင်ပန်းနေပြီလို့ ပြောပြီး ကျွန်မတို့ဘဝထဲကနေ သာမန်ကာလျှံကာပဲ ထွက်သွားခဲ့တာ။
ကျွန်မ သူ့ဆီကနေ ဘာအကူအညီမှ မတောင်းခဲ့ဘူး။
တောင်းခဲ့ရင် ကောင်းမလားလို့တော့ တွေးမိသား။
ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အတူတူမနေချင်လို့ ထွက်သွားတဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ လက်ဖြန့်တောင်းနေရတာထက်စာရင် အံကြိတ်ပြီး ကိုယ့်အားကိုယ်ကိုး ဖြတ်သန်းလိုက်ရတာက ပိုပြီး စိတ်သက်သာရာရစေခဲ့တယ်။
ကျွန်မ အလုပ်တွေကို အချိန်ပိုဆင်းပြီး လုပ်ခဲ့ရတယ်။
တခြားအမျိုးသမီးတွေ ပွဲတက်ဝတ်မယ့် ဂါဝန်အလှတွေကို ချုပ်ပေးခဲ့ရတယ်။
တခြားအမျိုးသားတွေရဲ့ ဘောင်းဘီအနားသတ်တွေကို လိုက်မပေးခဲ့ရတယ်။
ဒီအပတ်အတွက် ဆန်နဲ့ဆီ ဖူဖူလုံလုံ ဝယ်နိုင်ပါ့မလားလို့ တစ်ခါမှ ပူပန်စရာမလိုတဲ့ လူကုံထံတွေရဲ့ အပေါ်အင်္ကျီတွေကို ပြင်ပေးခဲ့ရတယ်။
ပြီးတော့ ကျွန်မကိုယ်တိုင်ကတော့ အနွေးထည်အဟောင်းကြီးတစ်ထည်တည်းကိုပဲ နှစ်နဲ့ချီပြီး ထပ်တလဲလဲ ဝတ်ခဲ့ရတာ။
ဒါပေမဲ့ အယ်လီနာ့ကိုတော့ အမြဲတမ်း သန့်သန့်ပြန့်ပြန့်၊ ဝဝလင်လင်နဲ့ အလိုလေသေးမရှိအောင် ထားခဲ့ပါတယ်။ သူ့မှာ လှပတဲ့ ကလစ်လေးတွေ၊ အဆင့်အတန်းမီတဲ့ ကျောင်းလွယ်အိတ်နဲ့ လိုအပ်တာမှန်သမျှ အကုန်ရှိခဲ့တယ်။
တခြားကလေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ ပင်လယ်ကမ်းခြေ သွားကြချိန်မှာတော့ ကျွန်မတို့ သားအမိက နယ်က အဒေါ်ဖြစ်သူရဲ့ အိမ်လေးဆီပဲ သွားခဲ့ကြတယ်။
သူ အဲဒီနေရာလေးကို သဘောကျတယ်လို့ ကျွန်မ ထင်ခဲ့တာ။
ဒါမှမဟုတ်လည်း သူက ငြိမ်ငြိမ်လေးပဲ နေတတ်လို့ ဖြစ်မှာပါ။
သူမဟာ လှလှပပ၊ ထက်ထက်မြက်မြက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တယ်။
ရာထူးအဆင့်အတန်းကောင်းတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျတော့ လူကုံထံရပ်ကွက်ထဲ ပြောင်းသွားပြီး ကော်ဖီဖျော်စက်တစ်လုံးရဲ့ တန်ဖိုးကတင် ကျွန်မရဲ့ တစ်လစာ ဝင်ငွေလောက်ရှိမယ့် လူတန်းစားတွေနဲ့ အပေါင်းအသင်း စလုပ်လာခဲ့တယ်။
ကျွန်မ သမီးအတွက် တကယ်ပဲ ဝမ်းသာခဲ့ပါတယ်။
တကယ်ကို ရင်ထဲကလာတဲ့ ဝမ်းသာမှုပါ။
“ငါ ပင်ပန်းခဲ့ရကျိုး နပ်ပါပြီလေ။ ငါ့သမီးလေးကတော့ ငါ့ထက်စာရင် ပိုပြီး သက်သောင့်သက်သာရှိတဲ့ ဘဝကို ပိုင်ဆိုင်ရတော့မယ်” လို့ ကျွန်မ တွေးခဲ့မိတယ်။
ကျွန်မ သမီးရဲ့ လူမှုပတ်ဝန်းကျင်ထဲကို အတင်းအဓမ္မ တိုးမဝင်ခဲ့ပါဘူး။
တစ်ပတ်မှ တစ်ကြိမ်လောက်ပဲ ဖုန်းဆက်တယ်၊ အဲဒီထက်လည်း ပိုမဆက်ဘူး။
သူတို့ဘက်က ဖိတ်မှပဲ အိမ်ကို သွားလည်တယ်။
သွားတိုင်းလည်း လက်ဗလာနဲ့ ဘယ်တော့မှမသွားဘူး၊ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်တစ်ခုခု၊ ယို၊ ကိတ်မုန့် ဒါမှမဟုတ် သနပ်ချဉ်ဘူးလေးတွေ အမြဲတမ်း ယူသွားပေးတတ်တယ်။
သမီးရဲ့အမျိုးသား အန်ဒရူးကတော့ ယဉ်ကျေးပေမဲ့ အေးစက်လွန်းသူပါ။
လမ်းကြုံလို့ အိမ်ရှေ့ဝရန်တာမှာ ဆယ်မိနစ်လောက် အောင့်အည်းသည်းခံပြီး စကားပြောပေးနေရတဲ့ သူစိမ်းတစ်ယောက်လိုပဲ ကျွန်မကို ဆက်ဆံတတ်တယ်။
ဒါက သူ့ရဲ့ မူလဗီဇ စရိုက်မို့လို့နေမှာပါလေလို့ပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ခဲ့တယ်။
ဒီလိုနဲ့ တစ်ရက်တော့ အယ်လီနာက ဖုန်းဆက်ပြီး စနေနေ့ကျရင် အိမ်ကို လာခဲ့ပါဦးလို့ ပြောလာတယ်။
သူတို့ အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ထားလို့ ကျွန်မနဲ့ မိတ်ဆက်ပေးချင်တယ်တဲ့။
အဲဒီတုန်းက ကျွန်မ ဘယ်လောက်တောင် ပျော်သွားခဲ့လဲဆိုတာ အခုပြန်တွေးရင် ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိတယ်။
ကျွန်မ အင်္ကျီအသစ်တစ်ထည် သွားဝယ်လိုက်တယ်။ကြယ်သီးလေးတွေ အစီအရီပါတဲ့ စိမ်းရင့်ရောင် အင်္ကျီလေး။
ကျွန်မ ဝင်ငွေနဲ့ဆိုရင် အဲဒီအင်္ကျီက တော်တော်လေး စျေးကြီးပါတယ်။
အိမ်နီးနားချင်းဆီ သွားပြီး ဆံပင်ကိုလည်း သေသေသပ်သပ်လေး ပြင်ပေးဖို့ အကူအညီတောင်းခဲ့သေးတယ်။
အိမ်ရောက်တော့ မှန်ရှေ့မှာ အကြာကြီးရပ်ပြီး “အင်း… ကြည့်ရတာ သပ်သပ်ရပ်ရပ် ရှိသားပဲ။ မဂ္ဂဇင်းထဲက အမျိုးသမီးတွေလို ခေတ်မဆန်းပေမဲ့ အိန္ဒြေရရနဲ့ ဂုဏ်သရေရှိတဲ့ မိခင်တစ်ယောက် ပုံစံတော့ ပေါက်ပါတယ်” လို့ တွေးနေမိခဲ့တယ်။
ဝိုင်းကူလုပ်ပေးချင်တာမို့ ချိန်းထားတဲ့အချိန်ထက် နည်းနည်းစောပြီး သွားခဲ့တယ်။
အိမ်တံခါးက မစေ့ထားဘူး။
ကျွန်မ အိမ်ထဲကို ခြေသံဖွဖွလေးနဲ့ ဝင်သွားရင်း အယ်လီနာ့ရဲ့ အသံကို ကြားလိုက်ရတယ်။
သူ ဖုန်းပြောနေတာ။
“အင်း၊ ငါ့အမေလည်း လာမှာ… ဟာ ညည်းကလည်း၊ ငါက ဘယ်လိုလုပ်ရမှာလဲ။ မဖိတ်ဘဲ နေရမလား၊ သူက ငါ့အမေပဲဥစ္စာ။ ဒါပေမဲ့ ညည်းသူငယ်ချင်းတွေရှေ့မှာ သူရှိနေရင် ငါ တစ်မျိုးကြီးပဲ။ သူက အရမ်းရိုးလွန်းတော့ လယ်ဗယ်ချင်းက မတူဘူးလေ၊ သိတယ်မလား။ တစ်ခါတလေကျရင် ငါ အရမ်းရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ်”
ကျွန်မ လက်ထဲမှာ မုန့်အိတ်လေးကို ကိုင်ထားလျက်သားအတိုင်း အေးခဲသွားခဲ့တယ်။
ကိုယ့်ရဲ့ ဖိနပ်အသစ်ကလေးကို ငုံ့ကြည့်မိတယ်။
ကိုယ်ဝတ်ထားတဲ့ အင်္ကျီလက်စကကို ကြည့်မိတယ်။
ပြီးတော့ ကျွန်မရဲ့ လက်ချောင်းတွေ… တစ်သက်လုံး အပ်တစ်ချောင်း၊ မီးပူတစ်လက်၊ အိုးခွက်ပန်းကန်တွေနဲ့ သမီးလေးရဲ့ လက်ကလေးကို ဆုပ်ကိုင်ရင်း အချိန်ကုန်ခဲ့ရတဲ့ လက်ချောင်းတွေကို ကြည့်နေမိတယ်။
ရှက်ဖို့ကောင်းတယ် တဲ့။
ကျွန်မ အခန်းထဲကို ဝင်မသွားခဲ့ပါဘူး။
“အယ်လီနာ… ညည်း ငါ့အပေါ် ဘယ်လိုတောင် ရက်စက်ရတာလဲ” လို့လည်း သွားမမေးခဲ့ဘူး။
သူ့ရဲ့ ပျော်စရာ ညနေခင်းလေးကို ဖျက်ဆီးမပစ်ခဲ့ပါဘူး။
တံခါးဝက စားပွဲခုံလေးနားမှာ မုန့်အိတ်ကလေးကို တိတ်တဆိတ် ချထားခဲ့ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။
ကျွန်မ ရောက်လာခဲ့မှန်း သူ မသိလိုက်ဘူး။
ဒါမှမဟုတ် နောက်မှ သိသွားတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မ မသိတော့ပါဘူး။
သုံးရက်တိုင်တိုင် ကျွန်မ ဖုန်းမကိုင်ခဲ့ဘူး။
နောက်တော့မှ နေမကောင်းလို့ မလာနိုင်ခဲ့တာပါလို့ စာတိုလေးတစ်စောင် ပို့လိုက်တယ်။
သူ့ဘက်က တိုတိုတုတ်တုတ်ပဲ ပြန်စာရောက်လာတယ်။
“ဟုတ်ကဲ့ မေမေ။ သက်သာအောင် နေဦးနော်”
ဟုတ်ကဲ့ မေမေ တဲ့။
သမီးကို အမှန်အတိုင်း ပြောပြသင့်သလားလို့ ကျွန်မ အကြာကြီး စဉ်းစားနေခဲ့မိသေးတယ်။
ဒါပေမဲ့ ပြောပြလိုက်လို့ကော ဘာထူးသွားမှာမို့လို့လဲ။
သူ့ရင်ထဲက စကားတွေကို ပြောပြီးသွားပြီပဲ။
ဘယ်သူကမှ သူ့အနားလာပြီး ဒီစကားတွေ ပြောဖို့ သွေးထိုးပေးခဲ့တာ မဟုတ်ဘူး။
ဒါတွေက သူ့ရင်ထဲမှာ အစကတည်းက ရှိနေခဲ့တဲ့ အတွေးတွေပဲ။
ဒါကြောင့် ကျွန်မ ပြဿနာ မရှာခဲ့ပါဘူး။
သူ ဖုန်းခေါ်တိုင်း အမြဲတမ်း အသင့်ရှိနေပေးတတ်တဲ့ အကျင့်ကိုပဲ ဖြတ်လိုက်တယ်။
ကိုယ်တိုင် အရင် ဖုန်းမဆက်တော့ဘူး။
မုန့်တွေလည်း သွားမဖုတ်ပေးတော့ဘူး။
ကလေးတွေ ထိန်းပေးဖို့ လိုမလားလို့လည်း လိုက်မမေးတော့ဘူး။
အယ်လီနာ ဖုန်းဆက်လာရင်တော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ထူးတယ်၊ ဒါပေမဲ့ စကားကို လိုရင်းပဲ ပြောတယ်။
“အိမ်ကို လာလည်ဦး” ဆိုတဲ့ စကားမျိုး မပြောတော့ဘူး။
“မေမေ သမီးကို လွမ်းတယ်” ဆိုတာမျိုးလည်း မရှိတော့ဘူး။
“မေမေ စောင့်နေမယ်နော်” ဆိုတာမျိုးလည်း မပြောတော့ဘူး။
ကျွန်မ စောင်ချုပ်အတတ်ပညာ သင်တန်းတစ်ခုမှာ နာမည်သွင်းလိုက်တယ်။
ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်မ တကယ့်ကို လုပ်ချင်ခဲ့တဲ့ အရာပါ။
အဲဒီနေရာမှာတော့ ကျွန်မရဲ့ သမက်က ဘာအလုပ်လုပ်လဲ၊ သမီးက ဘယ်လိုရပ်ကွက်မှာ နေလဲဆိုတာတွေကို လိုက်မမေးတဲ့ အမျိုးသမီးတွေနဲ့ ဆုံခဲ့ရတယ်။
သူတို့က ကျွန်မရဲ့ အထည်ဒီဇိုင်းအကြောင်းပဲ စိတ်ဝင်စားကြတယ်။
ကျွန်မ ဘယ်လို လက်ဖက်ရည်မျိုး ကြိုက်တတ်လဲဆိုတာ မေးကြတယ်။
ကျွန်မ ဘာကြောင့် အရောင်ရွေးတာ စပ်တာ ဒီလောက် တော်နေရတာလဲဆိုပြီး အားကျကြတယ်။
သောကြာနေ့တွေဆိုရင် ကျွန်မတို့ ကော်ဖီအတူတူ ထွက်သောက်ကြတယ်။
နောက်တော့ သူတို့ထဲက တစ်ယောက်က မြို့ပြင်က သူ့အိမ်လေးမှာ ပိတ်ရက်သွားနှားဖို့ ကျွန်မကို ဖိတ်တယ်။
ကျွန်မ လိုက်သွားခဲ့တယ်။
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တခြားသူတစ်ယောက်ယောက်က အကူအညီလိုလို့ သွားပေးရတာမျိုး မဟုတ်ဘဲ၊ ကိုယ်တိုင် တကယ်ကို သွားချင်လို့ သွားခဲ့တာပါ။
အယ်လီနာကတော့ ဒါကို ချက်ချင်း သတိမထားမိပါဘူး။
နှစ်လလောက် ကြာတော့မှ သူက မေးလာတယ်။
“မေမေ… သမီးကို စိတ်ဆိုးနေတာလား”
ကျွန်မက…
“မဟုတ်ပါဘူး” လို့ပဲ ပြန်ပြောလိုက်တယ်။
သူ ခဏလောက် တိတ်သွားပြီးမှ…
“မေမေ ပြောင်းလဲသွားတယ်”
“ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တာပဲလေ”
သူ့စကားတွေကို ကျွန်မ အကုန်ကြားခဲ့ရတယ်ဆိုတာ သူ အခုထိ မသိသေးပါဘူး။
တစ်နေ့နေ့ကျရင်တော့ သိချင်လည်း သိသွားမှာပေါ့။
ဒါမှမဟုတ် ဘယ်တော့မှ သိမှာမဟုတ်တော့ဘူး။
သူပြောခဲ့တဲ့ စကားတွေက သူ့ရဲ့ အပိုင်ပဲဥစ္စာ။
ကျွန်မကတော့ အဲဒီစကားတွေကို အင်္ကျီအဟောင်းကြီးတစ်ထည်လို ကိုယ့်ပုခုံးပေါ်မှာ ထပ်ပြီး ထမ်းပိုးမထားချင်တော့ဘူး။
ဆန်းတော့ဆန်းသား၊ အခုဆို သိပ်ပြီး မနာကျင်တော့ဘူး။
ပထမဆုံး ကြားရတုန်းကတော့ ရင်ဘတ်ထဲမှာ စုတ်ပြတ်သတ်သွားမတတ် နာကျင်ခဲ့ရတာပေါ့။
ကိုယ့်ရဲ့ တစ်ဘဝလုံးကို ခြေသုတ်ပုဆိုးလို နင်းချေခံလိုက်ရသလို ခံစားခဲ့ရတာ။
ဒါပေမဲ့ နောက်တော့မှ ကျွန်မ တစ်ခု သဘောပေါက်သွားတယ်။
တစ်ယောက်ယောက်က ကိုယ့်ရဲ့ လုပ်ငန်းခွင်က ရုန်းကန်လှုပ်ရှားခဲ့တဲ့ လက်တွေကို ကြည့်ပြီး ရှက်နေတယ်ဆိုရင်၊ အဲဒီအရှက်တရားဟာ ကိုယ်ထမ်းပိုးထားရမယ့် အရာမဟုတ်ဘူးဆိုတာပါပဲ။
တခြားသူရဲ့ ထောင်လွှားမှုနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကျွန်မကိုယ်ကျွန်မ ပုံသွင်းနေစရာ မလိုပါဘူး။
အဲဒီထောင်လွှားစော်ကားမှုက ကိုယ်တိုင်မွေးထားတဲ့ သမီးအရင်းရဲ့ ရင်ထဲမှာ ရှိနေရင်တောင်မှပေါ့။
သမီးအရင်းရဲ့ ရင်ထဲမှာ ရှိနေရင် ပိုလို့တောင် မလိုအပ်သေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ ညညတွေမှာ ငိုယိုနေတုန်းက ကျွန်မ သူ့အပေါ် တစ်ခါမှ မငြိုငြင်ခဲ့ဖူးဘူး။
ကိုယ့်အတွက် အနွေးထည်အသစ်ဝယ်ဖို့ ပိုက်ဆံမရှိရင်တောင် သမီးအတွက်တော့ ရှိသမျှထဲက အကောင်းဆုံးကို ဝယ်ပေးခဲ့ချိန်မှာလည်း ကျွန်မ မရှက်ခဲ့ဘူး။
သမီးဖြစ်သူက လူတောထဲမှာ ခေါင်းမော့ရင်ကော့ပြီး ရပ်တည်နိုင်ဖို့အတွက် ခါးတွေနာတဲ့အထိ အလုပ်လုပ်ခဲ့ရတာကိုလည်း ကျွန်မ ဘယ်တုန်းကမှ မရှက်ခဲ့ပါဘူး။
ဒါကြောင့် ဒီနေ့မှာတော့ ကျွန်မကိုယ်ကျွန်မလည်း မရှက်တတ်တော့အောင် နောက်ဆုံးမှာ သင်ယူ တတ်မြောက်သွားခဲ့ပါပြီ။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်