စွက်ဖက်ခွင့်မရှိ”(စ/ဆုံး)

 “စွက်ဖက်ခွင့်မရှိ”(စ/ဆုံး)


——————–


မေမေ့ ဘာဟင်းနဲ့လည်း”


“သမီးပဲမနက်က ကျောင်းသွားခါနီး ပုဇွန်ထုတ်ဟင်းနဲ့စားချင်ပြောသွားတာမဟုတ်လား”


“ဟင် ဒါဆိုပုဇွန်ထုတ်ဟင်းပေါ့”


ဇူးဇူးစံအမေးကို မအေဖြစ်သူကအပြုံးမျက်နှာနဲ့ခေါင်းငြိမ့်ပြလိုက်သည်။


“ဝေးးးး ဒါမှ သမီးမေမေကွ ”


“သမီးဗိုက်ဆာနေပြီ စားတော့မယ်”


ဇူးဇူးစံကသူမဗိုက်ကလေးကို လက်ကလေးနဲ့ပုတ်ပြရင်း မိခင်ဖြစ်သူကိုချွဲနွဲ့စွာပြောလိုက်သည်။

ထို့နောက် ဇူးဇူးစံအမေက ထည့်လာတဲ့ထမင်းဘူးလှလှလေးကိုသမီးဖြစ်သူထံပေးရင်း ပြန်သွားလေသည်။


“အေမီ ဒီကိုလာစားလေဟာ”


“အေးအေး လာပြီ ”


“နင့်မေမေကရော ဘာဟင်းနဲ့ထည့်ပေးလိုက်လည်း”


“ငါ့မေမေက ကြက်အသည်းအမြစ်ဟင်းနဲ့ထည့်ပေးလိုက်တယ်”


“ဟဲ့ အေမီ ပုဇွန်ထုတ်ဟင်းစားဦးမလား ရော့..”


“ရော့.. နင်လည်းငါ့ဟင်းထည့်စားလေ”


ဇူးဇူးစံ၊အေမီတို့ဆိုတာ ရပ်ကွက်တစ်ခု၏အစိုးကျောင်းတစ်ခုမှာ တတ်ရောက်ပညာသင်ကြားနေကြတဲ့ ခလေးမလေးတွေဖြစ်သည်။မိဘဖြစ်သူများက ပြေလည်သည့်အလျောက် သူမလေးတို့မှာလည်း စားဖို့မပူရ ၊ဝတ်ဖို့မပူရ ကျောင်းသင်ခန်းစာတစ်ခုတည်းကိုသာ ခေါင်းထဲထည့်ထားဖို့အလုပ်ရှိလေသည်။


ဝတ်နိုင်စားနိုင်သလို ရုပ်ကလေးတွေကလည်းချော၊ကျောင်းစာမှာလည်း အမြဲတမ်းနံပါတ်တစ်စရင်းဝင်ကြသည်။သည့်အတွက် ဆရာ၊ ဆရာမများ၏အချစ်တော်လေးများလည်းဖြစ်သည်။


&&&&&&&&&&&&&&&&&&


“ဟေ့ ဒီမှာကြည့်စမ်း မိမိနိုင်ထည့်လာတဲ့ဟင်းကို ဟားးးဟားးးဟားးးဟားးး”


“ဟျောင့် ပြစမ်း ဘာဟင်း”


“ဟားးးးငရုပ်သီးမှုန့်တွေထည့်လာပြီး ထမင်းနဲ့စားတာဟုတ်လား”


မိမိနိုင်တစ်ယောက် ထမင်းချိုင့်လေးကိုင်ကာ ရှေ့ဆုံးတန်းက ဇူးဇူးစံတို့ကိုအားကျစွာကြည့်ရင်း ငေးမောနေမိရာ ဂျစ်တူးဆိုသည့်သူမတို့အတန်းထဲက လူတကာကိုအစနောက်ဆုံး၊မျက်နှာအပြောင်ဆုံးကောင်လေးရဲ့ အစအနောက်ကိုခံရလေသည်။

သူမစားရန်ရှေ့ချထားသော ငရုတ်သီးမှုန့်သုတ်ချိုင့်ခွက်ကလေးကို ဆတ်ခနဲ့ဆွဲယူရင်း ခပ်ကျယ်ကျယ်အော်ရင်းစနောက်လေသည်။


ဂျစ်တူးစနောက်သည်ကို နံဘေးတွင်ရှိသော ကျောင်းသားလေးတချို့ကပါကြည့်ရင်း သူမဟင်းကိုလှောင်ပြောင်လေသည်။ဒီတော့ အခန်းထဲမှာရှိတဲ့ကျောင်းသူကျောင်းသားအားလုံးရဲ့အကြည့်တွေက သူမဆီရောက်လာသည်။မိမိနိုင်တစ်ယောက်ရှက်စိတ်ကြောင့် ခေါင်းလေးငုံ့ကာငြိမ်နေမိသည်။တကယ်တော့ ဒီနေ့ သူမကျောင်းမတတ်ဖြစ်ခဲ့လျှင်အကောင်းသားဟုလည်း တွေးနေမိသည်။


သူမကလည်း အရင်နေ့တွေက သူမသူငယ်ချင်းတွေနှင့်အတူစားနေကျဖြစ်သည်။သို့သော် ယနေ့တော့ သူမ၏မိခင်ဖြစ်သူနေမကောင်းဖြစ်နေသဖြင့် ဟင်းမချက်နိုင်ပေ။ဒီတော့ သူတတ်သလောက် မှတ်သလောက်လေးနဲ့ အိမ်မှာရှိတာလေးကိုပဲ ထမင်းနှင့်တွဲဖက်စားသောက်၍ရရန် စီမံလာခဲ့ရသည်။

ဒါကြောင့် သူမသူငယ်ချင်းတွေနှင့်မစား တစ်ယောက်တည်း ထောင့်ကျကျသူမထိုင်ခုံလေးမှာပဲ တစ်ယောက်တည်းစားနေခြင်းဖြစ်သည်။


ဒီလိုစားသောက်နိုင်ရန်ကိုပင် နှစ်တန်းအရွယ်သူမတစ်ယောက် မနက်အစောထကာ ရှိသည့်ဆန်လေးကို သူမထမင်းချိုင့်အတွက် တစ်ဝက်ချက်လိုက်သည်။ကျန်သည့်တစ်ဝက်ကို သူမအမေအတွက် ဆန်ပြုတ်လေးပြုတ်ပေးခဲ့သေးသည်။

သူမမှာ ဟင်းမချက်တတ်သေးသော်လည်း ထမင်းတစ်အိုးကတော့ ကောင်းစွာချက်တတ်နေပြီဖြစ်သည်။


မိမိနိုင်ဆိုသောသူမမှာ ဖခင်ဟူ၍မရှိတော့ပြီ။သူမလူမှန်းသိတတ်စကတည်းက မတွေ့တဲ့ဖခင်အကြောင်းကို မိခင်ထံလည်း မမေးဖြစ်သလို၊မိခင်ဖြစ်သူကလည်း တခါမှပြောမပြခဲ့ပေ။ပြောပြဖို့ရန်ကလည်း သူမငယ်စဥ်ကတည်းက အခုချိန်ထိ သားအမိနှစ်ယောက်အေးအေးဆေးဆေးတွေ့ရသည့်အချိန်ဆို၍ အိပ်ချိန်သာရှိသည်။

မိခင်ဖြစ်သူမပြောပြပေမယ့် ဘေးအိမ်က အိမ်နီးချင်းအဒေါ်ကြီးပြောပြ၍ သူမအဖေက သူမမွေးစကပင် ဆုံးပါးသွားခဲ့ကြောင်းသိရသည်။


သို့ပေမယ့်သူမစိတ်ထဲ ဘယ်လိုမနေပေ။သူမဘဝမှာ သူမမိခင်ရှိလျှင် အရာအားလုံးပြည့်စုံနေပြီဟု မှတ်ယူထားသည်လေ။

မိခင်ဖြစ်သူက သူမငယ်စဥ်ကတည်းက စျေးဗန်းခေါင်းရွက်ကာ ရာသီပေါ်ဟင်းရွက်စုံကိုလှည့်လည်ရောင်းချဝမ်းစာရှာရသည့် ခေါင်းရွက်စျေးသည်ဖြစ်သည်။


ဟင်းရွက်စုံရောင်းရသည့်အမြတ်ငွေကလေးနှင့် ဘဝကိုသားအမိနှစ်ဦးတည်းရပ်တည်လာခဲ့ကြတာ ဒီနေ့ချိန်ထိပင်ဖြစ်သည်။တခါတလေ မိခင်ဖြစ်သူစျေးရောင်းရင်း အိမ်ပြန်နောက်ကျလျှင် သူမကထမင်းအိုးလေးကြိုတည်ပေးထားသည်။

သည်အခါမျိုးဆိုလျှင် မိခင်ဖြစ်သူကကြည်နူးမျက်ရည်လေးများဝဲကာ သိတတ်လွန်းတဲ့သူမကြည့်ကာ ပြုံးနေတတ်သည်။


&&&&&&&&&&&&&&&


“ကလောင် ကလောင် ကလောင်”


“.,…………….,…..,….”


“ဟဲ့ အတန်းထဲမှာလည်း ဆူညံနေတာပဲ၊ဘာတွေဖြစ်နေကြတာလည်း ”


နေ့လည်ခင်း ထမင်းစားကျောင်းပြန်တတ် ခေါင်းလောင်းထိုးပြီးသည်နှင့် အတန်းပိုင်ဆရာမလည်း အခန်းထဲဝင်ရောက်လာခဲ့သည်။


“ဆရာမ ဂျစ်တူးက မိမိနိုင်ဟင်းခွက်ကိုယူပြီး လိုက်စနေတယ်”


ဆရာမအတန်းထဲရောက်သည်နှင့် မိမိနိုင်ရဲ့အဖြစ်ကိုငေးကြည့်နေတဲ့ သူငယ်ချင်းတစ်ယောက်က ဂျစ်တူးကိုမကျေနပ်စွာတိုင်ကြားလေသည်။


“ဂျစ်တူးး လာဦး ၊မင်း ဘာကိစ္စသူများထမင်းစားနေတာကို အနှောက်အယှက်ပေးရတာလည်း”


“ဆရာမ မိမိနိုင်က ငြုပ်သီးမှုန့်တွေထည့်လာတာတွေ့လို့ သားကယူကြည့်မိတာ”


ဆရာမခေါ်တော့ ဂျစ်တူးက လက်ကလေးပိုက်ကာ ကြောက်ရွံ့ဟန်ဖြင့်ရောက်လာကာဖြေလေသည်။


“သူ့ဘာသာ ဘာဟင်းနဲ့ထည့်လာလာ သားနဲ့ဆိုင်သလား ဆရာမကိုပြော၊ နောက်တစ်ခါ အခုလိုမျိုး သူငယ်ချင်းစားစရာကို ဘယ်တော့မှထပ်မစနောက်မိစေနဲ့ကြားလား”


“ဟုတ်ကဲ့ ဆရာမ”


“ကဲ အားလုံးကို ဆရာမတစ်ခုမှာထားမယ်၊ ဒီအခန်းထဲမှာရှိနေတဲ့ သားတို့သမီးတို့ ကျောင်းသားကျောင်းသူတွေအကုန်လုံးက ပညာသင်မောင်နှမတွေဖြစ်ကြတယ် ၊အဲ့ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့လည်း ကိုယ့်ညီမလေးတွေလို ကိုယ့်အစ်မတွေလို သဘောထားရမယ်၊အလွန်အကျွံမစမနောက်ရဘူး ၊မိန်းခလေးတွေ အနေနဲ့ကလည်း ကိုယ့်မောင်လေးတွေ၊ကိုယ့်အစ်ကိုတွေလို သဘောထားရမယ်ကြားကြလား”


“ဟုတ်ကဲ့ပါ ဆရာမ”


“ကဲ ပြီးတော့ ဂျစ်တူးတို့စောစောက စနောက်လိုက်တဲ့ မိမိနိုင်ထည့်လာတဲ့ ငြုပ်သီးမှုန့်သုတ်ဆို ဆရာမအရမ်းကြိုက်တာ ၊အခု မိမိနိုင်လည်း သူကြိုက်လို့သူထည့်လာတာနေမှာပေါ့ ဒါက စစရာနောက်စရာဖြစ်သွားသလား၊ မင်းတို့လည်း မင်းတို့ကြိုက်တဲ့အစားအစာစားခွင့်ရှိသလို၊ ဆရာမလည်း ဆရာမကြိုက်တဲ့ အစားအစာစားခွင့်ရှိတယ်၊ အဲ့တော့ မိမိနိုင်လည်း သူကြိုက်တဲ့ဟင်းသူ စားခွင့်မရှိဘူးလား”


“စားခွင့်ရှိပါတယ် ဆရာမ”


ဆရာမက မိမိနိုင်ထမင်းချိုင့်ကိုတစ်ချက်ကြည့်ရင်း သူမတပည့်တွေကို ဆက်လက်ဆုံးမသည်။


“အေး သားတို့သမီးတို့ ဆရာမပြောတာအားလုံးနားလည်ကြတယ်နော် ၊ဂျစ်တူးတို့လည်း နောက်ဆို စတာနောက်တာမျိုးတွေ ဘယ်သူ့ ဘယ်သူ့ကိုမှအတတ်နိုင်ဆုံး မစ မနောက်ကြဖို့ဆရာမပြောချင်တယ်၊သမီး မိမိနိုင်လည်း စားလက်စထမင်းဆက်စားလိုက်နော်”


ဆရာမဂျစ်တူးတို့ကို ပြောဆိုဆုံးမပြီးချိန်မှာတော့ မိမိနိုင်စိတ်ထဲမှာ စောစောကလို ရှက်ရွံ့အားငယ်စိတ်တွေလည်းမရှိတော့၊ လန်းဆန်းတတ်ကြွလာကာ စားလက်စထမင်းလေးကို ငြုပ်သီးမှုန့်သုတ်ဟင်းနှင့်အားပါးတရခပ်စားလိုက်လေတော့သည်။


#သန္တာထွန်း(အတွေးစု)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား