သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်သူ
သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်သူ(စ/ဆုံး)
————————————–
ကျွန်တော်မနေ့က လမ်းလျှောက်အပြန်တွင် ဦးသောင်းမြင့်ကို လမ်းထိပ်၌ တွေ့လိုက်ရသည်။
သူမကျန်းမာသည်မှာ ကြာပါပြီ။ ယနေ့ လမ်းထိပ်တွင်တွေ့လိုက်ရချိန်တွင် အတော်လေး ပိန်သွားပြီး အိုစာကျသွားသည်ဟု ဆိုနိုင်သည်။
“ကိုသောင်းမြင့် နေကောင်းရဲ့လား”
အမှန်တော့ နေမကောင်းသူကို နေကောင်းရဲ့လား မေးရခြင်းမှာ အတော်လေးကြောင်တောင်တောင် နိုင်သော လောကဝတ်ဖြစ်ပါလိမ့်မည်။ နေသာထိုင်သာရှိရဲ့လားဟု မေးလျှင်လည်း မကောင်းတတ်သဖြင့် နေကောင်းရဲ့ လားဟုသာ မေးလိုက်ရခြင်းဖြစ်သည်။
သူက သူ့အိမ်ရှေ့ ခုံလေးတွင် ထိုင်နေခြင်းဖြစ်သည်။
“ဆရာ အိမ်မှာ ရေနွေးကြမ်းလေးများ ဝင်သောက်သွားပါဦးလား” ဟု သူက ဖိတ်ခေါ်သည်။
အဘယ်မှာလျှင် ငြင်းနိုင်ပါအံ့နည်း။ ကျွန်တော်က သူ့အိမ်ထဲကို ဝင်လိုက်သည်။ သူက ခါးလေးကိုင်းကိုင်းနှင့် နောက်ကလိုက်လာပြီး
“ထိုင်ပါဆရာ” ဟု ဆိုလိုက်သည်။
ကျွန်တော်က သူ့အိမ်ရှေ့ ကွပ်ပျစ်တွင်ထိုင်လိုက်သည်။
“သမီးရေ … ရေနွေးကြမ်းအိုးလေးနဲ့ ကောက်ညှင်းဆီထမင်းလေး ယူခဲ့ပါကွယ်” ဟု အော်လိုက်သည်။
သမီးဖြစ်သူက ရေနွေးဗန်းနှင့် ဆီထမင်းများ ယူလာသည်။
“ကဲ ဆရာ … စားလည်းစား၊ စကားလေးဘာလေးလည်း ပြောရတာပေါ့။ ကျွန်တော် မမာတာကြာတော့ စကားတွေလည်း ပြောချင်တယ်ဆရာ။ ဆရာ့ကို အိမ်ထဲကပဲ ကြည့်နေတာ။ ဒီမနက်တော့ မိုးမရွာတာနဲ့ အိမ်ပြင်က ထွက်စောင့်နေတာ”
“အကြောင်းကိစ္စများ ရှိလို့လားဗျာ”
“မရှိပါဘူး။ ဆရာနဲ့ စကားမပြောရတာ ကြာလို့ပါ။ ဆရာကတော့ ကျန်းမာတယ်နော်။ မိုးရွာရွာ၊ နေပူပူ လမ်းထွက်လျှောက်နိုင်လောက်အောင် ကုသိုလ်ကောင်းလိုက်တာဗျာ။ အားကျပါတယ်”
“အေးဗျာ သေမျိုးတွေ သေမှာကြောက်တော့ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ပြီး အမျိုးမျိုး ကာကွယ်နေကြရတော့ တာပဲ။ ကျွန်တော်က လမ်းမလျှောက်နိုင်ရင် ငါလဲသွားလိမ့်မယ်လို့ ထင်ပြီး ကြံဖန်လမ်းလျှောက်နေရတာ”
“ကျွန်တော်ကတော့ ဆရာနဲ့ ဆန့်ကျင်ဘက်ပဲ။ လမ်းလျှောက်လိုက်တာနဲ့ ခြေထောက်တွေ ကိုက်ခဲလာ တော့တာ”
“အေးဗျာ ခန္ဓာအိမ်ကြီးကို ကြံဖန်ပြီး ကျားကန်ကြရတော့မှာပေါ့။ မသေမီ ကြိုတင်ပြီး ပြင်ဆင်ကြတာပေါ့”
“မသေမီ ဘာတွေ ပြင်ဆင်သင့်လဲဆရာ”
“အမှန်ပြောရရင် ကျွန်တော်လည်း ဘာမှ မပြင်ရသေးဘူးဗျ။ တစ်ခုတော့ရှိတယ် သေရင်ကျန်ခဲ့အောင်တော့ လုပ်နေတာတွေရှိတယ်”
“ဘာတွေများလဲဆရာ”
“စာရေးတာပေါ့ဗျာ။ ကိုယ်သေရင် ကျန်ခဲ့နိုင်တာဆိုလို့ ဒါပဲရှိနိုင်မှာလေ”
“ဆရာကမှ စာရေးနိုင်ပါသေးတယ်ဗျာ။ ကျွန်တော်က ဘာမှကို မလုပ်နိုင်ဘဲ သေမှာကို ထိုင်စောင့် နေရသလိုကို ဖြစ်နေတော့တာ”
“ခင်ဗျား သေမှာကို ဘယ်လိုစောင့်သလဲ”
“ဒီအတိုင်းပဲ စားလိုက်၊ တရားထိုင်လိုက်၊ အိပ်လိုက်ပေါ့ဆရာ”
“ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ မသေမီပြင်ဆင်နည်းကို သိလား”
“မသိပါဘူးဆရာရယ်။ ဆရာနဲ့တွေ့ရင် တစ်ခုခုသိရတော့မှာပါ”
“ယောမင်းကြီး ဦးဘိုးလှိုင်ကိုတော့ သိတယ်မဟုတ်လား”
“သိပါတယ်ဆရာ။ ဆရာတစ်ခါပြောဖူးတာ မှတ်ထားပါတယ်”
“ဦးဘိုးလှိုင်ရဲ့ သေဖို့ ပြင်ဆင်ပုံလေး ဗဟုသုတပေါ့”
ဦးဘိုးလှိုင်သည် မိမိအခြေအနေကို မိမိသိသည်။ မိမိသေနိုင်သည်ကို သိသဖြင့် ဘဝကူးကောင်းရန် ပြင်ဆင်ပုံမှာ အတုယူလောက်ပေသည်။
သူ့ထံတွင် အလွန်ခင်မင်ရသော သူငယ်ချင်း မောင်တူဆိုသူ ရှိလေသည်။ ကျောင်းနေဖက် သူငယ်ချင်း မောင်တူသည် စစ်ကိုင်းတွင် နေထိုင်သည်။ ဦးဘိုးလှိုင်က မောင်တူကို မင်းနေပြည်တော်ကို လှမ်းခေါ်လိုက် လေသည်။ မောင်တူ ရောက်လာလျှင်
“မောင်တူရေ … မင်းနဲ့ ငါဟာ ငယ်သူငယ်ချင်း၊ များစွာ ချစ်ကျွမ်းဝင်သူများ ဖြစ်ကြတယ်။ ငါ့ကို မင်းကြီးလို့ စိတ်ကစွဲပြီး ရိုသေခြင်း၊ ဘုရားထူးခြင်း မပြုနှင့်။ ကျောင်းမှာ နေတုန်းကလို ဘိုးလှိုင်လို့ပဲခေါ်။ မင်းကိုလည်း မောင်တူလို့ပဲခေါ်မယ် သူငယ်ချင်း။ ကျောင်းသားစိတ်မျိုးနဲ့ စကားပြောပြီး ငါ့အနားမှာ တစ်လလောက် နေပါကွာ။ မင်း သားမယား စားသုံးဖို့ ငွေဒင်္ဂါး နှစ်ရာကျပ်ကို လူကြုံနဲ့ ပို့ပေးလိုက်။ ငါ့ကို မင်းကျွေးချင်တာနဲ့ ကျွေး။ ငါ့ကို ဘာစားမလဲ မမေးနှင့်။ မင်းကျွေးတာ ငါစားမယ်။ မင်းပြောတာ ငါနားထောင်မယ်။ ဒီအခန်းထဲကို ဝန်ကတော်မှအစ ဘယ်သူမှ မဝင်စေနှင့်” ဟု ပြောလိုက်သည်။
ဦးဘိုးလှိုင်နှင့် ဦးတူတို့သည် ဘုန်းကြီးကျောင်းမှာ နေစဉ်ကကဲ့သို့ပင် ဘုရားစာများကို တစ်ယောက် တစ်လှည့် ရွတ်ဖတ်ကြသည်။ ရံခါတွင် ရယ်စရာတွေ ပြောကြသည်။ နေ့စဉ် ညအိပ်ခါနီးတွင် ဘုန်းကြီးကျောင်းမှာ နေစဉ်ကကဲ့သို့ အပြိုင်ရွတ်ဆိုကာ ဘုရားဝတ်တက်ကြသည်။ ဦးတူကို မဟာသတိပဋ္ဌာန်သုတ်တော်ကို ရွတ်ခိုင်းပြီး နာယူသည်။ ရွတ်ဆိုမှုပြီးလျှင် သာဓုခေါ်ပြီး အိပ်သည်။
ထိုသို့ ဦးတူနှင့်အတူ ပုံမှန်ပြုလုပ်ပြီး တစ်လပြည့်မြောက်သည့်ည မြန်မာနာရီ လေးချက်တီးကျော် အချိန်တွင် ဦးဘိုးလှိုင်က
“မောင်တူရေ … ယနေ့ ငါစောစော အိပ်မယ်ကွယ်။ မင်းငါ့ကို သတိပဋ္ဌာန်တရားတော်နှင့် ရွတ်ဆို သိပ်ပါကွယ်။ ငါတရားနာရင်း အိပ်ပါရစေ။ သုံးချက်တီး ကျော်သောအခါ ငါ့ကို နှိုးပါကွယ်” ဟု ပြောပြီး အိပ်လေသည်။
ဦးတူကလည်း သတိပဋ္ဌာန်တရားတော်ကို အသံမပြတ် ရွတ်ဖတ်လေသည်။ သုံးချက်တီးကျော်၍ ဦးဘိုးလှိုင်ကို သွားနှိုးရာတွင် မနိုးတော့ပေ။
လက်ကိုကိုင်ကြည့်ရာ ဦးဘိုးလှိုင်ကိုယ်မှာ အေးစက်တောင့်တင်းနေပြီဖြစ်သည်။ ဦးဘိုးလှိုင်တစ်ယောက် ဝိညာဉ်ချုပ်လေပြီ။
“ကဲ အဲဒါပဲ ကိုသောင်းမြင့်ရေ … ရှေးမြန်မာ ဗုဒ္ဓဘာသာ လူကြီးတွေ ဘဝကူးကောင်းအောင် ပြင်ဆင်သွားပုံလေး ခင်ဗျား မသိသေးဘူးဆိုလို့ ပြောပြရတာပါ။ သေခြင်းကို တည်ငြိမ်စွာနဲ့ သေမင်းကို ရဲရဲရင့်ရင့် ရင်ဆိုင် သွားခဲ့ တာဗျ။ အလွန် နည်းယူဖို့ကောင်းတယ်”
“သဘောကျလိုက်တာ ဆရာရယ်။ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါပြီ။ သာဓု … သာဓု … သာဓုပါဆရာ”
“ကိုင်း စကားပြောလို့လည်း ကောင်း။ ဆီထမင်းလေးကလည်းကောင်းဗျား … ပြန်ဦးမယ်ဗျ။ ကျွန်တော် နေ့စဉ် လုပ်ရမယ့် အလုပ်ကို လုပ်ဖို့ အချိန်ရောက်လာပြီ”
“တရားများ ထိုင်မလို့လားဆရာ”
“စာရေးဖို့ပါဗျာ”
တင်ညွန့်
၁၄.၇.၂၀၂၄