သက်သာမလားလို့(စ/ဆုံး)
သက်သာမလားလို့(စ/ဆုံး)
———————–
သူတို့နှစ်ယောက်စည်ပင်ရုံးအတွင်းသို့ဝင်သွားသည်။
“”ဘာကိစ္စရှိလို့လဲ””
“”အိမ်ဆောက်မိန့်လေးလာလျှောက်တာပါ””
“”ဘယ်ရပ်ကွက်လဲ””
“”(……….)ရပ်ကွက်ပါ””
“”ဟိုဘက်စားပွဲကဆရာဆီသွားလိုက်””
“”ဟုတ်ကဲ့””
စာရေးမလေးညွှန်ပြသောစာပွဲဆီသွားရပါသည်။
ထိုစာပွဲ၌ထိုင်၍ကွန်ပြူတာခလုပ်များနှိပ်နေသောလူငယ်တစ်ယောက်ကမော့ကြည့်ပြီးမေးသည်။
“”ဘာကိစ္စလဲဦးလေး””
“”အိမ်ဆောက်မိန့်လေးလိုချင်လို့ပါ””
“”ဘယ်ရပ်ကွက်လဲ””
“”(……..)ရပ်ကွက်ပါ””
“”ဘာတွေပါခဲ့လဲ””
“”မြေကွက်အရောင်းဝယ်စာချုပ်၊ရပ်ကွက်ထောက်ခံစာ၊ပတ်ဝန်ကျင်သဘောတူကြောင်းထောက်ခံချက်၊အိမ်ထောင်စုမိတ္တူတွေပါပါတယ်ဆရာ””
“”အိမ်ပုံနဲ့အင်ဂျင်နီယာတွက်ချက်ထားတဲ့စာရွက်စာတမ်းတွေပါခဲ့ပြီလား””
“”မပါသေးဘူးဆရာ။စည်ပင်အင်နီယာနဲ့ဘဲအပ်လိုက်မယ်ဆရာ။အဲဒါအားလုံးဘယ်လောက်ကျမလဲတွက်ပေးပါဆရာ””
“”ရပါတယ်။အိမ်ရဲ့အကျယ်အဝန်းလေးပြောပါ””
“”အလျားပေလေးဆယ်၊အနံဆယ့်ခြောက်ပေပါ။အိမ်မျက်နှာသာကဆယ့်ခြောက်ပေဆရာ။ရှေ့မျက်နှာသာမှဝရံဒါလေးကလေးပေထုတ်မယ်””
“”ဘယ်နှထပ်ဆောက်မှာလဲ””
“”နှစ်ထပ်ခွဲ””
“”စည်ပင်ကိုလာခဲ့ဘို့ကျွန်တော်တို့အကြောင်းကြားထာတဲ့အိမ်မို့လား။တစ်လလောက်ရှိပြီလေ””
“”ဟုတ်ပါတယ်””
“”အဲ့ဒါဆိုပြီးစီးမှုရဲ့ဆယ်ရာခိုင်နှုံးဒဏ်ကြေးဆောင်ရမယ်””
“”ဟုတ်ကဲ့ဘယ်လောက်ကျမလဲတွက်ကြည့်ပေးပါ””
လူငယ်အင်ဂျင်နီယာဆရာကစာရွက်အကြမ်းပေါ်တွင်ချရေးလေ၏။ဂဏန်းတွက်စက်ဖြင့်တွက်၏။သိလိုသည်ကိုမေး၏။ရေး၏။တွက်၏။မှတ်၏။သူ၏စာရင်းကိုတွေ့ရသည်မှာလေးဆယ်အမြှောက်ဆယ့်ခြောက်ညီမျှခြင်းထောင့်နှစ်ရာရှစ်ဆယ်၊နှစ်ဆယ်အမြှောက်ဆယ့်ခြောက်ညီမျှခြင်းသုံးရာနှစ်ဆယ်၊လေးအမြှောက်ဆယ့်ခြောက်ညီမျှခြင်းခြောက်ဆယ့်လေး၊ပေါင်းထောင့်ခြောက်ရာခြောက်ဆယ်လေးအမြှောက်သုံးသောင်းငါးထောင်အိမ်တန်ဘိုးသိန်းငါးရာရှစ်ဆယ့်သုံးသိန်း၊ဆောင်ရမည့်ငွေတစ်ရာခိုင်နှုံးငါးသိန်းရှစ်သောင်းသုံးထောင်၊ဘာကြေးမှန်းမသိသုံးသောင်း၊စုပုံကြေးတစ်သိန်းနှစ်သောင်း၊ကြီးကြပ်နှစ်သိန်းငါးသောင်း၊ကန်ထရိုက်လက်မှတ်တစ်သိန်းငါးသောင်း၊Drawသုံးသိန်းငါးသောင်း၊ဒဏ်ကြေးငါးသိန်းရှစ်သောင်းသုံးထောင်၊စုစုပေါင်းသိန်းနှစ်ဆယ်နဲ့ခြောက်သောင်းခြောက်ထောင်ဖြစ်ပါသည်။
သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကြလေ၏။တစ်ယောက်ကိုတစ်ယောက်ကြည့်ပုံမှာမမြင်ရမှာစိုးသည့်အလားမျက်လုံးများပြူးနေကြလေ၏။သူတို့နှစ်ထဲမှတစယောက်က
“”မများလွန်းဘူးလားဆရာရယ်။ကျန်တာတွေထားပါ၊ကျွန်တော်တို့ကိုဒဏ်ကြေးလေးလျှော့ပေးပါ။အများကြီးလည်းမပြီးသေးပါဘူး။အခုမှတစ်ထပ်ပဲ(စလပ်)လောင်းရပါသေးတယ်။မိုးကလည်းရွာ၊ရေကလည်းမလာ၊မီးကလည်းပျက်နဲ့ကြန့်ကြာနေပါတယ်။ရေမလာလို့ရေ(အဝီစိ)တွင်းတူးတာကလည်းအဆင်မပြေချင်တော့တစ်လလောက်ကြာသွားပါတယ်။ရေတွင်းတူးတာကြန့်ကြာနေလို့စည်ပင်လာဘို့လည်းနောက်ကျသွာတာပါ။””
ဆိုတော့စည်ပင်အင်ဂျင်နီယာဆရာက
“”ရေးတွင်းတူးတာဆိုတော့စည်ပင်ခွင့်မိန့်မရဘဲတူးတာမို့လား၊အဲ့ဒါလာဦးမယ်””
ဟုပြောရာသူတို့နှစ်ယောက်လည်းမျက်လုံးပြူးရပြန်လေ၏။တစ်ယောက်က
“”ကျွန်တော်တို့ရပ်ကွက်ထဲမှာစည်ပင်ခွင့်ပြုမိန့်မယူဘဲရေတွင်းတွေတူးကြတာကြွက်တွင်းထက်တောင်များပါတယ်။တစ်ယောက်မှစည်ပင်တင်ပြီးမတူးကြပါဘူး။””
ဟုပြောမိလေ၏။ထိုအခါစည်ပင်ဆရာက
“”အကုန်လုံးမစည်းကြပ်နိုင်သေးတာပါ။စည်းကြပ်တာတွေလည်းရှိပါတယ်။””
“”ဟုတ်ပါပြီ။အခုဒဏ်ကြေးကတော့များတယ်ဗျာ။လျှော့ပေးပါဦး””
“”ကျွန်တော်ကတော့လျှော့လို့မရဘူးဗျ။ခင်ဗျားတို့လျှော့စေချင်ရင်အေအီးလာမှပြောကြည့်ပါ။ငါးရာခိုင်နှုံးလောက်ပဲဒဏ်ရိုက်ပါလို့ပြောကြည့်ကြပေါ့””
“”အဲဒီလူကြီးအေအီးကအခုရှိလား””
တစ်ယောက်ကမေးလေ၏။
“”မရှိဘူးအပြင်သွားတယ်။စောင့်နိုင်ရင်စောင့်ကြပါ””
သူတို့နှစ်ယောက်လည်းစောင့်ကြလေ၏။တစ်နာရီစောင့်ရလို့ငွေတစ်သိန်းသက်သာလည်းနည်းလား။နှစ်နာရီကြာလာပြီ။နှစ်သိန်းလောက်သက်သာတော့လည်းနည်းလား။တွက်ရေးနှင့်သူတို့နှစ်ယောက်စောင့်ကြလေ၏။နှစ်နာရီကျော်ကြာတော့အေအီးဆိုသူရောက်လာလေ၏။သူတစ်ယောက်တည်းရောက်လာသည်မဟုတ်။သူနှင့်အတူဧည့်သည်သုံးရောက်ပါလာလေသည်။
သူတို့နှစ်ယောက်ထက်စောင့်ရပြန်သည်။ဧည့်သည်တစ်ယောက်ထွက်သွားသည်။တွေ့ခွင့်မရသေး။နောက်ဧည့်သည့်တစ်ယောက်ထွက်လာသည်။သူတို့နှစ်ယောက်အေအီးနှင့်တွေ့ခွင့်မရသေး။နောက်ဧည့်သည်တစ်ယောက်ထွက်လာ၏။တွေ့ခွင့်ရပြီ။သုံးသိန်လောက်သက်သာလည်းနည်းလား။
သူတို့နှစ်ယောက်အေအီးအခန်းထဲဝင်တော့အက်စ်အီးဆိုလား။စောစောကအဂျင်နီယာဆရာလေးလိုက်လာ၏။
“”သူတို့ကဒဏ်ကြေးများလို့တဲ့””
အင်ဂျင်နီယာဆရာလေးကပြောပေး၏။အေအီးဆိုသူက
“”များရင်ဆောက်ပြီးသားပြန်ဖျက်ခိုင်းလိုက်””
ဟုပြောရာသူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်သွားဖြီး၍ကြည့်မိကြ၏။သူတို့စိတ်ထဲ၌သည်အေအီးဆိုတဲ့လူဟာ
“”အသားလည်းမည်းတယ်။ဗိုက်လည်းရွှဲတယ်။အရပ်ကလည်းပု၊ဂင်ကတိုတိုအတော်အရုပ်ဆိုးတဲ့သူ””ဟုမြင်ကြလေသည်။
အေအီးကဆက်ပြော၏။
“”အမှန်တိုင်းပြောရရင်ကျွန်တော်တို့ကဒဏ်ကြေးဆိုတာကိုရိုက်ကိုမရိုက်ချင်တာ””
သူတို့နှစ်ယောက်သည်အေအီး၏ထိုစကားကိုကြားသောအခါသူတို့စိတ်၌
“”သည်လူသည်ထင်သလောက်ရုပ်မဆိုး။ညိုချောကြီးပါ””ဟုဖြစ်ချေ၏။
“”ဒါပေမယ့်ကျွန်တော်တို့ကဒဏ်မရိုက်ရင်စာရင်းစစ်ကစစ်လို့ပေါ်ရင်ကျွန်တော်တို့ကခံရမှာ။အဆောက်အဦကဘယ်လောက်ရှိသလဲ””
“”အဆောက်အဦးသေးပါတယ်။ပေလေးဆယ်၊ဆယ့်ခြောက်ပေ။နှစ်ထပ်ခွဲ””
အင်ဂျင်နီယာဆရာလေးကဖြေပေးသည်။အေအီးက
“”ဘယ်လောက်ပြီးသွားပြီလဲ””
မေး၏။
“”ပထမထပ်ပုံဆင်ပုံရိုက်ပဲပြီသေးတာပါဆရာ””
သူတို့နှစ်ယောက်ထဲကဖြေ၏။အေအီးကအကြမ်းစာရွက်ပေါ်တွင်ရေးမှတ်တွက်ချက်ရင်း
“”အင်း..ပြီးစီးမှုကနှစ်ဆယ်ရာခိုင်နှုံးလောက်ရှိမှာဘဲ..အိမ်တန်ဘိုးရဲ့နှစ်ဆယ်ရာခိုင်နှုံးဆို..ဆယ့်တစ်သိန်းခွဲလောက်ဒဏ်ဆောင်ရမယ်””
အေအီး၏ထိုစကားကိုကြားသောအခါသူတို့နှစ်ယောက်တစ်ယာက်ကိုတစ်ယောက်ကြည့်မိကြပြန်ပါသည်။မျက်လုံးလေးများပြူးရုံတင်မကမျက်နှာလေးတွေပါပိုငယ်ကုန်၏။အေအီးအားညိုချောကြီးဟုထင်မိသောသူတို့စိတ်သည်လည်းအေအီသည်မည်းရုံမကပုပြီးလုံးနေပါကလားဟုအမြင်ပြောင်းသွားကြလေ၏။
“”ဖြစ်နိုင်ရင်လျှော့ပါဦးဆရာရယ်..ငါးရာခိုင်နှုံးလောက်မရဘူးလား””
ထိုအခါအေအီးသည်စည်းကမ်းလိုက်နာဘို့၊နိုင်ငံတော်ကိုအခွန်ဆောင်ဘို့ကျကျနနဟောပြောလေ၏။
“”ငါးရာခိုင်နှုံးဆိုနှစ်သိန်းခွဲသုံးသိန်း..ဘာမှမဖြစ်လောက်ဘူး။အဓိပ္ပါယ်လည်းမရှိဘူး။မရဘူးဗျာ””
နှစ်သိန်းခွဲသုံးသိန်းကဘာမဖြစ်လောက်တာလဲဆိုတာသူတို့နှစ်ယောက်မသိ။နှစ်သိန်းခွဲသုံးသိန်းကဘာ့ကြောင့်အဓိပ္ပါယ်မရှိရတာလဲဆိုတာကိုလည်းသူတို့မစဉ်းတက်။ဒဏ်ကြေးလေးသက်သာမလားလို့အချိန်ကုန်ခံစောင့်ပြီးအေအီးကိုဝင်တွေ့မိကာမှအေအီးကပိုနံနေပါရောလား။
သူတို့နှစ်ယောက်လည်းအမျိုးမျိုးတောင်းပန်ကြလေရာနောက်ဆုံးဒဏ်ကြေးဆယ်ရာခိုင်နှုံးဖြင့်အေအီး၏မေတ္တာစေတနာများနှင့်မစခြင်းကိုခံယူရရှိခဲ့ကြလေသည်။
အပြန်လမ်းတွင်သူတို့ထဲ့မှတစ်ယောက်ကပြော၏။
“”ပိုသက်သာမလားလို့အရာရှိကြီးကိုစောင့်ပြီးတွေ့ပါတယ်မသက်သာတဲ့အပြင်အချိန်ကုန်တာပဲအဖက်တင်တယ်””
“”ဟုတ်ပါ့ကွာ..သူပြောတာဟောတာတွေနားထောင်နေရတာငါဖြင့်ဟုတ်ကဲ့..ဟုတ်ကဲ့နဲ့ခေါင်းညိတ်ပြရတာလူစင်စစ်ကနေပုတ်သင်ဖြစ်တော့မလားအောင့်မေ့ရတယ်””
ဟုတစ်ယောက်ကပြန်ပြောလေ၏။
ရုံးခန်းအတွင်း၌ကျန်ခဲ့သောအေအီးကြီးကသူတို့နှစ်ယောက်အားနိုင်ငံတော်အတွက်စည်ပင်ခွန်ဆောင်ကြဘို့ဟောပြောကာအချိန်ကိုအကျိုးရှိစွာအသုံးချလိုက်ရသဖြင့်ကျေကျေနပ်နပ်ကြီးပြုံးနေသည်ကိုမူသူတို့မသိကြချေ။
#ကိုဝင်းသိန်း(မူဆယ်)
((၁၈-၁၀-၂၀၂၃))