ဒုက္ခ…ဒုက္ခ(စ/ဆုံး)
ဒုက္ခ…ဒုက္ခ(စ/ဆုံး)
————-
ကျွန်တော်တို့ငယ်ငယ်က အဖိုးပြောတဲ့ ပုံပြင်လေးတွေနားထောင်ရတာ သိပ်အရသာရှိ၏။ အိမ်ရှေ့ကွပ်ပျစ်ကြီးပေါ်မှာ အဖိုးက ပုံပြော၊ မြေးတွေက ပက်လက်ကလေးတွေအိပ်၊ လမင်းကြီးကိုကြည့်ရင်း နားထောင်ကြသည်။ အဖိုးက မြေးတွေကို ခြင်မကိုက်အောင်လည်း ပုဆိုးခေါက်လေးနဲ့ ခပ်ပေးနေတတ်သေးသည်။ ပုဆိုးစလေးနဲ့ ထိသွားရင် အေးကနဲ ဖြစ်သွားတာလေး အဲဒီစည်းစိမ်မျိုးကို လွမ်းရင်းတွေးလိုက်သည်။
“…အဖိုးကြီးက ဒုက္ခ… ဒုက္ခနဲ့ နေ့တိုင်းညည်းတာကို မျောက်ကလေးက ကြားတော့၊ ဒုက္ခဆိုတာ ဘယ်လိုကြီးလဲလို့ မျောက်ကလေးက မေးတာပေါ့ကွာ။ ဒီတော့ အဖိုးကြီးက မျောက်ကလေးရေ.. မင်း ဒုက္ခကို သိချင်ရင် နောက်ရက်ကျ ဟိုသစ်ပင်ကြီးရဲ့ သစ်ခေါင်းထဲကို မကြည့်ပဲ မင့်အမြီးနဲ့ ထိုးပြီးစမ်းကြည့်ကွလို့ ပြောလိုက်ရောကွ။ နောက်ရက်ကျ အဖိုးကြီးက သစ်ခေါင်းထဲ ဝင်ပုန်းပြီး ဆေးလိပ်ကြီးဖွာရင်း စောင့်နေတာပေါ့ကွာ။ ဒုက္ခကို သိချင်တဲ့ မျောက်ကလေးက သစ်ခေါင်းထဲ အမြီးနဲ့ ဟိုထိုးဒီထိုးလျှောက်စမ်းတာပေါ့…”
“တွေ့လား ဖိုးဖိုး”
“ဘာပြောကောင်းမလဲ…သစ်ခေါင်းထဲ ပုန်းနေတဲ့ အဖိုးကြီးက မျောက်မြီးကို ဆွဲပြီး ဆေးလိပ်မီးနဲ့ မျောက်ဖင်ကို ထိုးထည့်လိုက်တာ…”
“ဟား ဟား ဟား ။ ဟီးဟီးဟီး မျောက်ကလေး ဖင်တော့ ပူသွားမှာပဲ”
အဖိုးပြောသော ဒုက္ခပုံပြင်လေးသည် အလွန် ပျော်စရာကောင်းခဲ့ပါသည်။
နောက်ပိုင်း ဒုက္ခသေးသေး၊ လတ်လတ်၊ ကြီးကြီးတို့ ပုံစံမျိုးစုံနှင့် ရှိနေကြရာ ‘ဒုက္ခက ပျားရည်လိုချိုတယ်’ဟု အော်ဟစ် ခံစားတတ်သော အရွယ်မှာပင် ဒုက္ခသည် ခံတွင်းလိုက်သော အစာမဟုတ်မှန်း သတိပြုမိလာပါသည်။
ယခုတော့ ပုံပြောသူလည်း မရှိတော့၊ ပုံနားထောင်ရမည့် အရွယ်လည်း မဟုတ်တော့တာကြောင့် ဇိမ်ခံရန် ဂျာနယ်စာစောင်တွေ ဖတ်ရသည်။
ဤ်တွင် ကြုံရသောဒုက္ခက ရတဲ့ပင်စင်လစာနဲ့ ကိုယ်ပိုင် ဝယ်မဖတ်နိုင်ခြင်းပင်။ မိတ်ဆွေတဦးက ဂျာနယ်ဟောင်းများ စွန့်ကျဲသဖြင့် အဆင်ပြေရသည်။
နေ့ခင်း မြင်မြင်ထင်ထင် ဖတ်ခွင့်မရ၊ ဝမ်းရေးအတွက် စာပြေးသင်နေရသည့် ဒုက္ခက မလွတ်သေးပေ။ ညည့်ဦးပိုင်းမှ ဖတ်ချိန်ရတော့သည်။
အိမ်မှာ လျှပ်စစ်မီး မရသေးတာကလည်း တဒုက္ခဖြစ်သည်။ လမ်းဘေး မီးတိုင်အောက် သွားပြီးဖတ်ရသည်။
ထုံးစံအတိုင်း ထိုင်ခုံပုလေးကို မီးရောင်အောက်ချ ဓာတ်တိုင်ကိုမှီရင်း ဂျာနယ်ဟောင်းတွေဖတ်ရခိုက် ဂျာနယ်ထဲက သူတကာ၏ ဒုက္ခများကို ခံစားမိသောကြောင့် ကိုယ်ဒုက္ခများကိုပင် မေ့ပျောက်၍ သွားပေတော့သည်။
“ကိုးရီးယား ကူးတို့သင်္ဘောနစ်မြုပ်၊ လေ့လာရေးခရီးထွက် ကျောင်းသားကျောင်းသူလေးများ အများအပြား သေဆုံး၊ အို…သနားစရာ ဒုက္ခ၊ ဒုက္ခ။
လိုက်ပါသော တာဝန်ခံဆရာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား။ ဟဲ့…ဒီဆရာနှယ် ဒုက္ခပါပဲ။
ဟောဗျ၊ ဒုက္ခော…၊ ကယ်ဆယ်ရေး အစီအမံ ညံ့ဖျင်းခဲ့လို့ ဝန်ကြီးချုပ်က တာဝန်ယူတဲ့အနေနဲ့ နှုတ်ထွက်ဆိုပါလား။ ဘယ်နှယ် နိုင်ငံများပါလိမ့်”
ရုတ်တရက် ဖျတ်.ဖျတ်.ဖျတ်၊ ဗျင်း ဗျင်း ဗျင်းဟူသော အသံနှင့်အတူ တဝင်းဝင်း လက်သွားသော အလင်းရောင်ကြောင့် မော့ကြည့်လိုက်မိသည်။
လေအဝှေ့တွင် အိုက်ကျနေသော ဓာတ်ကြိုးတို့သည် ပုခက်လွှဲရင်း အချင်းချင်းငြိ၍ မီးပွင့်သည်ကို မြင်လိုက်မိရာ ဖင်ထိုင်ခုံကို ခေါင်းပေါ်မိုးလျှက် ဖေ့ဘုတ်ထဲက စာလုံးပေါင်းအတိုင်း ဒွတ်ခ၊ ဒွတ်ခဟု ရေရွတ်ရင်း အိမ်တွင်းသို့ ဝင်ပြေးခဲ့ရ ပါလေတော့သည်။
ဓာတ်လိုက်သေဆုံးမှုများအတွက် တာဝန်ခံသူ မရှိပါ။
စဉ်းစားခန်းကြုံတုန်း ဒုက္ခအကြောင်း ဆက်တွေးဖြစ်သည်။
“လူပျိုကြီးပဲ အေးတယ်၊ ဘာအပူအပင်မှ မရှိဘူး”
“အမလေးဗျာ ကျွန်တော့်မှာ အိုရင် နာရင် ပြုစုမဲ့သူ မရှိဘူးဗျ။ ဆရာကြီးတို့ကမှ သားတွေ သမီးတွေ မြေးတွေ မြစ်တွေနဲ့ ပျော်စရာကြီး။ ဇိမ်ပဲ”
“မင်းက ထင်နေ၊ ကျွေးဖို့မွေးဖို့ ရုန်းခဲ့ရတာ မင်းမသိပါဘူးကွ။ ဟော အဲဒီတာဝန်တွေ ပြီးလို့ အေးပလားမှတ်၊ မြေးတွေက ညည့်နက်သန်းခေါင် သူ့အချိန်နဲ့သူ အိမ်မပြန်ရင် အိမ်ထဲကနေ မျှော်ရတဲ့ ဒုက္ခ၊ ပြောမိပြန်ရင်လည်း အဖေက နေရာတကာ ဝင်ပါမနေနဲ့လို့ သမီးက ပြောတာ ခံရသေးတယ်မောင်”
လူလွတ်ကို အိမ်ထောင်သည်က အပူမရှိ ထင်၊ သားမြေးတွေနဲ့ အဖိုးအိုကို ကိုလူပျိုက ဇိမ်ကျပြီမှတ် ဖြစ်နေကြတဲ့ လ္ဘက်ရည်စကားဝိုင်းကို အမှတ်ရမိသွားသည်။။
လူ့ဘဝကြီး ဒုက္ခချည်းပဲလား။
စားဝတ်နေရေး ဒုက္ခ၊ သားရေး သမီးရေး ဒုက္ခ၊ ရန်သူမျိုးငါးပါးကြောင့် ကြုံရတဲ့ ဒုက္ခ။
သုခ ဆိုတာ မရှိတော့ဘူးလား။ ရှိပါသည်။
စားကောင်းသောက်ကောင်းလေး စားရလို့ အရသာတွေ့အဝကျိတ်ပြီး တာ သုခ။ ဗိုက်အင့်လို့ မအီမသာဖြစ်ရတာမျိုး ကြုံရ။
ခြံကျယ်ဝန်းကျယ် နေရလို့ သုခမှတ်၊ အမှိုက်ရှင်းရတဲ့ ဒုက္ခလည်း မသေး။
တောင်တောင်အီအီ သုခတွေကို လျှောက်တွေးကြည့်တော့ ဒုက္ခက နောက်ကနေ ချောင်းပြီး စောင့်နေတာကို မသိတတ်ခဲ့။
သုခကို တဆုံးတွေးလိုက်တိုင်း ဒုက္ခမှာ အဆုံးဖြစ်နေတော့သည်။ ဖတ်မှတ်နာကြားဖူးတဲ့ တရားတော်မှာ သုခသစ္စာ မမည်၊ ဒုက္ခသစ္စာဆိုထားတာကို သတိရမိသွားသည်။
အသစ်အသစ်သော ပေါ်လာသမျှ သုခတွေဟာ အသစ်အသစ်သော ဒုက္ခမျိုးစေ့တွေ မဟုတ်ပါလော။
သုခလား၊ ဒုက္ခလား အတွေးပွားရင်း ချာလပတ်ရမ်းနေမိပြီ။
ဒုက္ခလွတ်ကြောင်းလည်း အမှန်ရှိသည်။ လွယ်တော့ မလွယ်ပေ။
ဒုက္ခလွတ်ကြောင်း သင်တန်းကာလသည် ဘဝ ဘဝတွေ အများကြီးဖြစ်၏။ ဒီသင်တန်းကို အရင်ဘဝအဆက်ဆက်တွေမှာ ကိုယ်တွေတက်ခဲ့ဖူးလား၊ ခုဘဝမှာကော ကိုယ်တွေ တက်နေမိသလား။ တွေးရင်း တွေးရင်း ခေါင်းမူးလာသည်။ ဒီတခါတော့ ဒုက္ခကို ပီပီသသနဲ့ ရေရွတ်မိပါ၏။
“အင်း..ဒုက္ခ ဒုက္ခ”
မောင်မောင်မြင့်(မန္တလေး)
17 July 2014