မိဘယုံ စုံလုံးကန်း(စ/ဆုံး)

 မိဘယုံ စုံလုံးကန်း(စ/ဆုံး)

—————-

“အမေ ”

`ဟေ”

“ ဒီ အမဲနှပ်က ဘယ်သူကပေးတာတုံး”


‌သားဖြစ်သူ ထွန်းခင်က မီးဖိုချောင်ထဲဝင်ပြီး အုပ်ဆောင်းကို လှပ်ကာ သူ့အမေကို မေးလိုက်သည်။


“ဪ အဲဒါက သိန်းမြတို့အိမ်က ဆွမ်းကျွေးရှိလို့တဲ့၊လာပေးသွားတာ ထမင်းစားသွားလေ”


အမွှေးတိုင် လိပ်နေရင်း ပြန်ဖြေလိုက်သည်။


“အမေက စားပြီးပြီလား ကျွန်တော် ထမင်း နည်းနည်းနှိုက်မလို့”


“အေး ပြီးပြီ နှိုက်လေ အမေနဲ့တည့်မတည့် မသိတော့ အများကြီးမစားရဲပါဘူး “.


ဒေါ်ခင်မေက သူ့သား စားတွင်းဖြောင့်စေရန် မုသားစကားဆိုလိုက်ခြင်းဖြစ်၏။

ထွန်းခင်လည်း ထမင်းခူးခပ်ပြီး အမဲနှပ် ရှောက်ချဉ် ငရုတ်သီးကြော်နှင့်စားနေရင်း-


“အမဲနှပ်က နည်းနည်းလေး အကုန်စားလိုက်တော့မလို့”

“စားစား အမေက ရှောက်ချဉ်နဲ့ ငရုတ်သီးကြော်ရှိရင်ဖြစ်တယ် မင်းနှမကလည်း အမဲသား မစားဘူး၊ နောက်ပြီး ရှောက်ချဉ်က လူနဲ့လည်းတည့်တယ် အမေက နည်းနည်း ဆိုရပြီ”


ထွန်းခင်က အိမ်ထောင်ခွဲ။တစ်ခါတစ်ရံ လိုချင်တာရှိရင် သူ့ အမေအိမ် ရောက်လာတတ်သည်။ပြီးခဲ့သည့် တစ်ပတ်လောက်ကလည်း တန်းလျား တစ်လုံးကို အမေတို့ မသုံး တော့ဘူး မဟုတ်လားဟု မေးပြီး ယူသွားသည်။ထို တန်းလျားသည် နေ့လယ်နေခင်း အလုပ်ပင်ပန်းလျှင် ဒေါ်ခင်မေ လဲလျောင်းလေ့ရှိသည်။

အငယ်ဆုံးသမီး မိစုလည်း ထိုင်၍ စာကြည့်သည့် အခါ ကြည့်သည်။ဒေါ်ခင်မေက“ မသုံး ပါဘူးကွာ မင်းအဖေ ရှိတုန်းကသာ သူအိပ်တာ” ဟု မုသားစကားကို ထွန်းခင်က အမှန်ထင်ကာ ယုံကြည်သည်။


ထွန်းခင်လည်း ထမင်းစားပြီး ရှောက်ချဉ်နဲ့ ငရုတ်ကြော်ကို အုပ်ဆောင်နှင့်ပြန်အုပ်ပေးခဲ့သည်။ မီးဖိုချောင်ထဲကထွက်လာကာ ရေအိုးစင်က ရေကို ခပ်ယူရင်း-


“ဟာ အမေ့ရေအိုးက မိကျောင်းပေါ်နေပြီ ၊မိစု ကို အဖြည့်မခိုင်းဘူးလား”


မစုဆိုတာ ဒေါ်ခင်မေနှင့် အတူနေသည့် အငယ်ဆုံး သမီး ဖြစ်သည်။


“ ဪ သူခမျာလည်း ကျောင်းပြီး ကျူရှင် ကျူရှင်ပြီး စာကြည့်နဲ့ မနားရရှာဘူးကွဲ့”

“ဖြည့်ပေးခဲ့ရဦးမှာလား”

“ မဖြည့်နဲ့ မဖြည့်နဲ့ ရေကလှယ်ရမှာ မီးလာမှ အမေ့ဘာသာလုပ်မယ်”


ဟု သားဖြစ်သူကို မလုပ်စေချင်သဖြင့် ပြောလိုက်သည်။


“အမေ့မြေး အငယ်မ မနေ့က ဆေးခန်းပြရသေးတယ် သိလား”

“ဟော်တော် မသိဘူး ငါ့မြေး ဘာဖြစ်လို့တုံး”

“ဘာဖြစ်ရမှာတုံး ဆိုင်ကယ်နဲ့ခွေးဝင်တိုက်မိပြီး လဲကရော”

“ဟင် ကလေး ဘာဖြစ်သွားသေးတုံး”

`သိပ်တော့မများပါဘူး ဒူးပွန်းသွားတော့ ကျတဲ့ဒဏ်နဲ့ နာနေတာပေါ့ အဲဒါ ဒီနေ့ ဆေးခန်းသွားပြရလိမ့်ဦးမယ်”။

“ဆေးထိုးစရာ ပိုက်ဆံလိုရင် ယူသွားလေ အမေ့တော့ နည်းနည်းရှိသေးတယ်”

“ကောင်းတာပေါ့”


ဒေါ်ခင်မေလည်း အမွှေးတိုင်လိပ်နေရာမှ ထလိုက်သည်။ဒူးကိုကွေးကာဆောင့်ကြောင့်ထိုင်ထားရသည်မှာ အချိန်ကြာသောကြောင့် အထိုင် အထ ဒူးထဲက နာသဖြင့်-

“ကျွတ် ကျွတ် ကျွတ် ကျွတ် ဘုရား ဘုရား

ထိုင်တာကြာရင် ဒူးထဲက အဲလိုပဲ ”

“ဆေးမထိုးဘူးလား”

“ဒီလောက်လေး နာတာ မထိုးရပါဘူးကွာ

ပြီးတော့လည်း ပျောက်သွားတာပဲ”


ပြောရင်း သူ့အိပ်ရာဆီ လျှောက်သွားပြီး ခေါင်းအုံးကို မကာ ဖယ်ရှားလိုက်သည်။တစ်ထောင်တန် ငါးရာတန်အသစ် အဟောင်းတွေ မီးပူတိုက်ထားသကဲ့သို့ ပိပြားနေသည်။ပိုက်ဆံတွေကို အိပ်ရာပေါ် တစ်ရွက်ချင်း ချကာ ရေတွက်ကြည့်သည်။စုစုပေါင်း တစ်သောင်း နှစ်ထောင် ရှိသည်။တစ်ထောင်တန် ဆယ်ရွက် ယူလာကာ-


“ရော့ တစ်သောင်း ယူသွား ကလေးကို သွားပြလိုက်နော်”

“အမေ့ သုံးစရာ ကျန်သေးလို့လား”

“ ရှိပါသေးတယ်”


အမွှေးတိုင်ရောင်းပြီးလျှင် တစ်ထောင်နှုတ် ငါးရာနှုတ် သိမ်းထားခြင်းဖြစ်သည်။

ဒေါ်ခင်မေသည် ပြည့်စုံသောသူမဟုတ်သော်လည်း သားသမီးကို စိတ်ဆင်းရဲမည် စိုးသဖြင့် ဖြူစင်သော မုသားများကို ပြောရခြင်းဖြစ်သည်။မိခင် ဖြစ်သူ ပြောသမျှ မုသားများကို အသိဉာဏ်အတွေးအခေါ်နည်းသော ထွန်းခင်သည် မစဉ်းစားဘဲလုပ်လေ့ရှိသည်။မျက်စိ နား စုံလုံးကန်းနေသူနှင့်သာ တူတော့သည်။


မိဘများကို ပြုစုစောင့်ရှောက်နိုင်သော အသိဉာဏ်ပြည့်ဝသော သားကောင်းသမီးကောင်းများ ဖြစ်ကြပါစေ။

————————-

စကားပုံ ဆိုရိုးအမှန်မှာ-

သားသမီး ယုံ စုံလုံးကန်း


ကျေး ဇူး တင် ပါ သည်

#လူနီမော်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား