မေတ္တာရောင်ပြန်

 မေတ္တာရောင်ပြန်(တင်ညွန့်)

------------------

တစ်ည အောင်မင်္ဂလာ အဝေပြေးကားဂိတ်ကို ဧည့်သည်အားလိုက်ပို့ရသည်။ ကားက ည ၁၀ နာရီခွဲမှထွက်မည်။ အဝေးပြေးကားကြီး ထွက်ခါနီးတွင် သူငယ်ချင်းဖြစ်သူက


“ကျေးဇူးတင်ပါတယ်ကွာ … ငါရန်ကုန်မှာ ဆေးခန်းလာပြတုန်း အစစအရာရာ ကူညီတဲ့အတွက်”


“မင်းကွယ် ... ကျေးဇူးတင်စရာလား ... ငါတို့က သူငယ်ချင်းတွေပဲ ... မင်းကိုတောင်းပန်ရမှာက ငါမလိုက် ဖြစ်တာကိုပဲ ... နီးမှ အစည်းအဝေးကိစ္စပေါ်လာရတယ်လို့”


“ရပါတယ်ကွာ ... ငါလည်း နေကောင်းနေပြီပဲ”


ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အပြေးအလွှား ကားဂိတ်ထဲကို ဝင်လာသည်


“လက်မှတ်တစ်စောင်လောက် ... အရေးကြီးလို့ပါ”


“နောက်နေ့အတွက်ပဲရှိတော့တယ် ... ဒါနောက်ဆုံးကားပဲ ... လက်မှတ်မကျန်တော့ဘူး”


“ကြားခုံလေးနဲ့ဖြစ်ဖြစ် လိုက်လို့မရဘူးလား ... အရေးကြီးလို့ပါ”


“အထူးကားရှင့် ... ကြားခုံမရှိပါဘူး"


“ဒုက်ခပါပဲ”


ကျွန်တော်က သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်သည်


“ဘာလဲကွ”


“မင်းကို နှစ်ခုံတွဲ သက်သောင့်သက်သာဖြစ်အောင် ဝယ်ပေးလိုက်တာ ... အဲဒါ”


“အဲဒါ ဘာဖြစ်သလဲကွ”


“မင်း ငါ့ကိုကျေးဇူးတင်ရင် နောက်တစ်ယောက်ကို ကူညီတဲ့အနေနဲ့ ဟိုအမျိုးသမီးကို ခေါ်သွားပေးပါလား”


“ဟာ ... ရတာပေါ့ ... ခေါ်လိုက်ပါ”


ကျွန်တော်က အမျိုးသမီးကြီးထံသွားလိုက်ပြီး


“ဒီက ညီမ ... ဒီကားနဲ့ လိုက်ချင်လို့လား”


“ဟုတ်ကဲ့ရှင့်”


“ကဲ ... ကားပေါ်တက်တော့ ထွက်တော့မယ် ... ဟိုက ငါ့သူငယ်ချင်းနဲ့အတူတူလိုက်သွား ... သူ့က သိပ်နေမကောင်းဘူး ... လမ်းမှာ စောင့်ရှောက်ပေးပါ”


“ခုံပိုလို့လား”


“ပိုပါတယ် ... တစ်ခုံအပိုဝယ်ထားတာ ... လိုက်သွားပါကွယ်”


“ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ... ပိုက်ဆံဘယ်လောက်ပေးရမလဲ”


“မပေးပါနဲ့ ... တကယ်လို့ ကျေးဇူးပြန်ဆပ်ချင်ရင် ဒုက္ခရောက်နေသူ နောက်တစ်ယောက်နဲ့ တွေ့တဲ့အခါ ကူညီဖြစ်အောင် ကူညီလိုက်ပါကွယ်”


“ဟုတ်ကဲ့”


ကားထွက်သွားသည်အထိ ကျွန်တော်စောင့်ကြည့်နေမိသည်။ သူတို့ ကားထွက်သွားမှ ကျွန်တော်လည်း ကားမောင်းထွက်ခဲ့သည်။ 


ကားလမ်းတွေက ပိတ်တတ်သောကြောင့် ကျွန်တော်က ကားရှင်းသည့်လမ်းတွေကို ရွေးမောင်းပါသည်။ ကားရှင်း လူပြတ်သည့်နေရာတစ်နေရာတွင် တက္ကစီ ကားတစ်စီးရပ်ထားပြီး လူတစ်ယောက်က ကားကို တားသည်။ ကျွန်တော့်အနေဖြင့် အခြေအနေအရ ဤသို့သော ကားတားမှုတွေကို ရပ်ပေးလေ့မရှိ။ ဤခေတ်တွင် လူတိုင်းကို မယုံရသောကြောင့်ဖြစ်သည်။ 


သို့သော် ကားတားနေသူက


“ကူညီပါခင်ဗျာ ... ဒုက္ခရောက်နေလို့ပါ” ဟု အော်ပြောသည့် အသံကို သနားသွားသဖြင့် ကားကို ရပ်ပေးလိုက်သည်။ သို့သော် တံခါးကိုမဖွင့်။ သူက ပြေးလိုက်လာပြီး


“ကယ်ပါခင်ဗျာ ... ကားပျက်သွားလို့ပါ ... ကားပေါ်မှာ ဗိုက်နာနေတဲ့ ကိုယ်ဝန်နဲ့ မိန်းမတစ်ယောက် ပါလာလို့ပါ”


သူ့မျက်နှာက ရိုးသားပုံပေါ်ပါသည်။ ထို့ကြောင့် ကားတံခါးဖွင့်လိုက်ပြီး


“လာလေ ... ခေါ်သွားပေးမယ်”


လူတစ်ယောက် အမျိုးသမီးတစ်ယောက်ကို တွဲပြီးခေါ်လာသည်။ ကျွန်တော်ကလည်း အခြေအနေကြည့်ပြီး တံခါးကိုဖွင့်ဆင်းလိုက်သည်။


နောက်ခန်းတွင် ဗိုက်နာနေသည့် အမျိုးသမီးနှင့် သူ့ခင်ပွန်းဖြစ်သူတို့ တက်ခိုင်းလိုက်သည်။ ကျွန်တော်ကတော့ သံသယဖြင့်ကားကို မောင်းလာရင်း နောက်ကြည့်မှန်ကို ကြည့်နေရသည်။ အမျိုးသမီးက ရှုံ့မဲ့နေပြီး သူ့ယောက်ျားက အားပေးနေသည်။ သူတို့ကြည့်ရသည်မှာ သိပ်ပြီးရှိပုံတော့မပေါ်


“သား ဘာလုပ်သလဲ”


“ပန်းရံလုပ်ပါတယ်”


“ကိုယ်ဝန်က နေ့စေ့ပြီလား”


“သိဘူးဆရာကြီး ... ဗိုက်နာတယ်ဆိုလို့”


ဆေးရုံကို ရောက်သည့်အခါတွင် ကျွန်တော့်မှာ မပြန်နိုင်သေးပါ။ ဘာများ ကူညီရဦးမည်နည်းဟုတွေးပြီး


“သား ... ဒီမှာ ဦးရှိနေမယ် ... အကူအညီလိုရင် လာပြော”


နောက် နာရီဝက်လောက်အကြာတွင် ကောင်လေးထွက်လာသည်။


“ဘယ်လိုလဲကွ”


“မွေးခန်းထဲတော့ ခေါ်သွားကြပြီ ဆရာကြီး”


“ဟုတ်လား ... ချောချောမွေ့မွေ့ မွေးနိုင်ပါစေကွယ် ... ဒါနဲ့ တစ်ခုခုသွားစားရအောင် ... လိုက်ခဲ့ပါလား ... ဟိုလက်ဖက်ရည်ဆိုင်သွားမယ်”


လက်ဖက်ရည်ဆိုင်ထိုင်လိုက်သည့်အခါ


“ဆရာကြီး ကျေးဇူးတင်လိုက်တာ ... ဒါနဲ့ ဆရာကြီး ကားခစောင့်နေတာလား”


ကျွန်တော်က ရယ်ချင်သွားသည်။ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်နေထိုင်တတ်သည့်အတွက် ကျွန်တော့်ကို တစ်မျိုးထင်နေပုံရသည်


“ဦးက ညဆိုရင် ဒီလိုပဲ အောက်ဆိုက်ထွက်မောင်းတာကွ ... ဒါက ကုမ္ပဏီကား”


ကျွန်တော်ကပြောပြီး ရယ်ချင်စိတ်ကိုအောင့်ထားရသည်


“သား ... ဘယ်လောက်ပေးရမလဲဆရာကြီး ... သိပ်အများကြီးတော့ မတတ်နိုင်ဘူး”


“မင်း ဘယ်လောက်များ တတ်နိုင်သလဲကွ”


“သုံးထောင်လောက်ဆိုရင်ရော”


“သား ... မင်းတို့ ဒုက္ခရောက်နေချိန်မှာ ကူညီတဲ့သူပေါ်လာတဲ့အတွက် ဝမ်းမသာသွားဘူးလား”


“ဝမ်းသာတာပေါ့ ဆရာကြီးရယ်”


“အေး ... ဒါဆိုရင် နောက် ... မင်းတို့လို အကူအညီပေါ်နေတဲ့ သူတစ်ယောက်နဲ့တွေ့ရင် ငါ့လိုပဲ လိုလိုလားလား အကူအညီပေးလိုက်ပါသားရယ် ... အဲဒီလောက်ဆိုရင် ဖြစ်ပါတယ်”


ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်ထဲကို ကလေးတစ်ယောက်ဝင်လာသည်။ နွမ်းနွမ်းပါးပါးပုံစံလေး


“ထမင်းတစ်ပွဲ ဘယ်လောက်လဲ”


“ဘာဟင်းနဲ့လဲ”


“ကြက်သားနဲ့”


“၁၀၀၀”


“ငါးရာဖိုးမရဘူးလား”


“မရဘူး ... ဟင်းတင် ၈၀၀ ကွယ့်”


ကျွန်တော်က ကောင်လေးကို ကြည့်လိုက်ပြီး


“သားရေ ... ဟိုမှာ သားကူညီရမယ့် တစ်ယောက်တော့တွေ့ပြီ ... သွားကူညီလိုက်ပါကွယ်”


“ဪ ... ဟုတ်သားပဲ”


ကောင်လေးက ကလေးကို သွားခေါ်လာသည်


“ညီမလေး ... ဒီမှာထိုင် ... အစ်ကို ထမင်းသွားဝယ်ပေးမယ်” 


ကျွန်တော်ကလည်း


“ကလေး ဒီမှာထိုင် ... ဘယ်သူစားမှာလဲ”


“မေမေ”


“မေမေက ဘာလုပ်လဲ”


“ဆေးရုံတက်နေတယ် ... ဖေဖေမလာသေးလို့ ... ထမင်းဆာတယ်ဆိုလို့ ... အဲဒါ ငါးရာပဲရှိတယ် ဘဘ”


“မပူပါနဲ့ကွယ် ... ဟိုမှာ သမီး အစ်ကိုကြီးက သွားဝယ်ပေးလိမ့်မယ်”


“ဦးတို့က ဖေဖေနဲ့သိလား”


“သိတာပေါ့ ... သမီးဖေဖေက မှာထားတာ ... သူ့သမီးလေး ထမင်းလာဝယ်ရင် ပိုက်ဆံပေးလိုက်ပါတဲ့”


“ဟုတ်လား”


“ရော့ ... ဒီမှာ ပိုက်ဆံ ငါးထောင်”


“ဘာလုပ်ဖို့လဲ”


“သမီးမေမေကို ပေးလိုက် ... ဆေးဖိုးလို့”


ထိုစဉ်ကောင်လေးက ပြန်လာပြီး အထုပ်ကို ကလေးမလေးအား ပေးလိုက်သည်။


“ညီမလေး ... ဒီမှာ ပိုက်ဆံ ၂၀၀၀ ယူသွားဦး ... ဆေးဖိုး”


“ကျေးဇူးကိုကိုကြီး”


“ကျေးဇူးတင်ရင် နောက်လည်း ဒုက္ခရောက်နေသူတွေကိုတွေ့ရင် ကူညီပေးနော်”


“ဟုတ်ကဲ့ ကိုကိုကြီး”


အို


ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်း


#Credit......တင်ညွန့်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား