စကားထဲကဇာတိများ

 စကားထဲကဇာတိများ

-----------------------

ကျွန်တော်သည် ချွေတာရခြင်းကို သဘောကျသည်။ အခက်အခဲပေါင်းစုံတွင် ကြိုးစားရုန်းကန်ခဲ့ရသောကြောင့် လည်း ခြိုးခြံချွေတာစွာ နေထိုင်ရခြင်းကို နှစ်သက်ပါသည်။


ကျွန်တော်နားလည်သည့် “ချွေတာခြင်း” ဆိုသည်မှာ “ရှိတာကို စနစ်တကျသုံးစွဲခြင်း” ဖြစ်သည်။


မရှိတာကို ထပ်လျှော့ခိုင်းခြင်းကတော့ လူသားတစ်ယောက်၏ ဂုဏ်သိက္ခာ (Human Dignity) ကိုသရော်ခြင်း သဘောဖြစ်သည်။ ဥပမာ


“ထမင်းတစ်နပ်လျှော့စားပေါ့”


“လျှပ်စစ်မီးမလာ ဖယောင်တိုင်ထွန်းပေါ့” ဆိုသည့် စကားမျိုးများသည် လူ့ဂုဏ်သိက္ခာကို စော်ကားသည့် စကားများဟုယူဆပါသည်။


သမိုင်းတွင်လည်း ကမ္ဘာကျော်ခဲ့သည့် စကားတစ်ခွန်းရှိခဲ့ဖူးပါသည်။


ပြင်သစ်ဘုရင်မ မေရီ အန်တွိုင်းနက်၏


“ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့” (Let them eat cake) ဆိုသည့် စကားတစ်ခွန်းသည် ပြင်သစ်တော်လှန်ရေး ကိုအရှိန်ပြင်းစွာ တောက်လောင်စေခဲ့သော လောင်စာတစ်ခုဖြစ်စေခဲ့သည်ကို သတိပြုသင့်သည်။


မေရီ အန်တွိုင်းနက်၏ ထိုစကားတစ်ခွန်းက အုပ်ချုပ်သူလူတန်းစားတွေသည် အောက်ခြေပြည်သူတွေ၏ ငတ်မွတ်ခေါင်းပါးမှုကို မျက်ကွယ်ပြုထားရာရောက်သည့် စကားဖြစ်ကြောင်း သက်သေပြနေသည်။ ပေါင်မုန့် ကိုပင် ဝယ်မစားနိုင်သည့်သူတွေကို ပေါင်မုန့်ထက် ဈေးကြီးသည့် ကိတ်မုန့်စားခိုင်းခြင်းမှာ ပြောင်လှောင် သရော်သလိုဖြစ်စေခဲ့သည်။


ပြည်သူတွေ၏ ရင်ထဲတွင် ငါတို့ကို အုပ်ချုပ်သူသည် ငါတို့ဗိုက်ဘာကြောင့် ဆာနေရသည်ဆိုခြင်းကိုပင် မသိသော လူမိုက်တွေဟု အထင်ရောက်စေသည်။ ရလဒ်ကားအဘယ်နည်း။ အုပ်ချုပ်သူ အာဏာပိုင်တွေအပေါ် ယုံကြည်မှု (Trust) သည် သုညအထိ ကျဆင်းသွားစေသည်။


သမိုင်းပညာရှင်အတော်များများကလည်း ထိုစကားကို မေရီအန်တွိုင်းနက်မပြောခဲ့ကြောင်း ထောက်ပြကြ သော်လည်း ထိုစကားတစ်ခွန်းသည် ပြည်သူတွေ၏ဒေါသကို စုစည်းပေးလိုက်သည့် Slogan တစ်ခုဖြစ်သွား စေခဲ့သည်။ ပြောရလျှင် လူထုကို လမ်းပေါ်ထွက်လာစေရန် လှုံ့ဆော်ရာတွင် ရှည်ရှည်ဝေးဝေးရှင်းပြစရာ မလိုသည့်စကားဖြစ်သွားသည်။


“ငါတို့ ပေါင်မုန့်တောင် မစားနိုင်တာ ကိတ်မုန့် စားခိုင်းနေတယ်ဟေ့” ဆိုသည့် စကားတစ်ခွန်းတည်းနှင့် တော်လှန်ရေး အရှိန်အဟုန်ကို အမြင့်ဆုံးရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားစေခဲ့သည်။


“စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလိုပင်၊ စကားတစ်ခွန်း မည်မျှ အရေးကြီးကြောင်း သဘောပေါက်စေချင်ပါသည်။ ထိုစကားမျိုးတွေကို ရှေ့လျှောက်မည်မျှကြားရဦးမည်မသိ။


ထမင်းတစ်နပ်လျှော့စားဆိုသည့် စကားသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။


“ပိုလျှံနေ၍လျှော့ခြင်း” နှင့် “ရှင်သန်ရန်လိုအပ်ချက်ကို ဖြတ်တောက်ခိုင်းခြင်း” တို့ကို ကွဲပြားစွာ နားလည် ထားကြရန်လိုသည်။


ထိုစကားသည် ပြဿနာ၏ အကြောင်းရင်းကို ဖြေရှင်းတာမျိုး မဟုတ်ဘဲ “အကျိုးဆက်” ကို ပြည်သူ့ထံ ပုံချလိုက်သည့်စကားမျိုးဖြစ်သည်။ ကိုယ်တိုင်က အခွင့်ထူးခံဘဝနှင့် နေထိုင်စားသောက် နေသူတွေက ဘာမျှ မရှိသူတွေကို ထပ်လျှော့ခိုင်းခြင်းသည် အဖြေရှာခြင်းထက် ကိုယ်ချင်းစာတရားကင်းမဲ့ရာ ရောက်ကြောင်းကို ပိုပြီးပေါ်လွင်စေသည်။


စားစရာ မရှိသူတွေကို ထမင်းတစ်နပ်လျှော့စားခိုင်းခြင်းမှာ အဖြေမဟုတ်ပါ။ အဖြေရှာရန် ပျက်ကွက်ကြောင်း ဝန်ခံချက်တစ်ခုသာဖြစ်သည်။


တကယ့်အဖြေဆိုသည်မှာ အထက်လူတွေက အောက်ခြေကိုလျှော့ခိုင်းခြင်းထက်၊ အထက်လူတွေ၏ အသုံး စရိတ်တွေနှင့် လွဲမှားသော သုံးစွဲနေမှုများကို ဦးစွာလျှော့ပြပြီး ပြုပြင်ခြင်းကသာလျှင် စစ်မှန်သော အဖြေ ဖြစ်နိုင်ပါလိမ့်မည်။


မေရီအန်တွိုင်းနက်ကို ၁၇၉၃ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလမှာပင် Guillotine ဆိုသည့် ခေါင်းဖြတ်စက်နှင့် သေဒဏ်ပေးရန် ပြင်ဆင်ကြသည်။ သေဒဏ်မပေးမီ ညမှာပင် မေရီ၏ ဆံပင်တွေသည် ဖွေးဖွေးဖြူသွားသည်ဟု သမိုင်းစာအုပ်တစ်အုပ်တွင် ဖတ်ရပါသည်။


ပြင်းထန်သည့်စိတ်သောကသည် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကို မည်မျှထိခိုက်စေခဲ့ကြောင်း သက်သေ ပြခြင်းဖြစ်သည်။


ကျွန်တော့်ကိုယ်တွေ့တစ်ခုပြောပါမည်။ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက မတွေ့ခဲ့သည့် မိတ်ဆွေတစ်ဦးနှင့် မကြာသေးမီက ပြန်တွေ့သည်။ သူ့တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသည်ကို အံ့ဩစွာတွေ့လိုက်ရသည်။


“ဟေ့လူ ခင်ဗျား ဘယ်လိုဖြစ်တာလဲ” ဟု ကျွန်တော်က အံ့အားသင့်ကာ မေးကြည့်မိသည်။


သူက သူ့ဆုံးရှုံးမှုတွေ၊ သောကတွေကို ရှင်းပြသည်။ ကျွန်တော်သည် သူ့ပြောဆိုချက်တွေကို ကြားလိုက်ရသည့် ခဏမှာပင် မေရီ အန်တွိုင်းနက်၏ ချက်ချင်းခေါင်းဖြူသွားရသည့်အဖြစ်ကို သတိရမိသည်။


ကျွန်တော်လည်း လွန်ခဲ့သည့် ၅ နှစ်လောက်ကနှင့် မတူလောက်အောင် ဆံပင်တွေဖြူလာသည်။ အထူးသဖြင့် ကိုဗစ်လှိုင်းအပြီး အသက်ရှင်ခဲ့ရပြီးနောက် သိသိသာသာ ဆံပင်ဖြူတွေများလာသည်။ ကလေးတွေက ဆံပင်ဆေးဆိုးရန် တိုက်တွန်းသည်။ ကျွန်တော်က လက်မခံပါ။ သဘာဝကို ဆန့်ကျင်ရမည့်အဖြစ်ကို မနှစ်သက်ပါ။ ဆံပင်ဖြူရခြင်းမှာ အိုမင်းခြင်း၏ လက္ခဏာမဟုတ်၊ လောကဓံ၏ လှိုင်းတံပိုးတွေကို ဖြတ်သန်း ရင်းက ဆံပင်တွင်စွန်းပေလာခဲ့ရသော ဆားပွင့်များဟူ၍သာ ကျွန်တော်လက်ခံထားသည်။


ဆံပင်မည်းနက်ခြင်းမှာ နုပျိုခြင်းကိုပြဆိုသည်။


ဆံပင်ဖြူလာခြင်းကတော့ ရင့်ကျက်မှုနှင့် အမှန်တရားကို မြင်လာနိုင်စွမ်းရှိလာသည်ကို ပြသခြင်းဖြစ်သည်။


ကျွန်တော်တို့ပြည်သူတွေမှာ အထွေထွေကုန်ဈေးနှုန်းတွေတက်လာခြင်းကြောင့် လိုအပ်တာထက်ပိုပြီး ချွေတာ စားသောက်လာနေရသည်ကို ပြောစရာပင် လိုမည်မထင်ပါ။ ကြာလာလျှင် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ တင်သာမက စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးတည်ဆောက်မှုတွေမှာပါ ပြိုလဲလာမည်ကို စိုးရိမ်မိသည်။


လူတွေမှာ အခြေခံ အာဟာရဓာတ်များဖြစ်သည့် (ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်) တို့ မလုံလောက်သည့် အခါတွင် ခုခံအားစနစ်တွေ ကျဆင်းလာမည်၊ ကြွက်သားနှင့် အရိုးအဆစ်များ အားနည်းလာမည်၊ ဦးနှောက် လုပ်ဆောင်ချက်များ နှေးကွေးလာနိုင်ပါသည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်မှုများဖြစ်သည်။


စိတ်ပိုင်းဆိုင်ရာအနေဖြင့် စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ထုံထိုင်းသွားခြင်း၊ အရှက်ထက် အသက်က ပိုအရေးကြီးသည်ဆိုကာ အသက်ရှင်ရန်အတွက် မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်လာမိသည်အထိ စိတ်ဓာတ်များ ပျက်စီးသွားနိုင်ပါသည်။


ယနေ့လူငယ်မျိုးဆက်သစ်များကို စိတ်ရော၊ ကိုယ်ပါ အာဟာရပြည့်ဝစေရန် မဖြည့်ဆည်းပေးနိုင်လျှင် နောင်လာမည့် မျိုးဆက်သစ်တွေအတွက်လည်း ဉာဏ်ရည်နိမ့်ပါးပြီး အားအင်ချည့်နဲ့သူများ ဖြစ်သွားနိုင်ပါ သည်။


ဗိုက်ဆာနေသောပြည်သူတွေကို ဖျော်ဖြေပွဲတွေဘက်သို့ အာရုံလွှဲနေခြင်းများသည် အဖြေမဟုတ်ပါ။ စိတ်ဒေါသ သင့်နေသောပြည်သူများသည် ပေါက်ကွဲမှုတစ်ခုခုကို ဦးတည်နေသည့် ဗုံးကြီးတစ်လုံးဖြစ်သွားနိုင်ပါသည်။


တင်ညွန့်


၂၈.၃.၂၀၂၆

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား