အညစ်အကြေးကို ဆေးကြပါ

 အညစ်အကြေးကို ဆေးကြပါ

တင်ညွန့်

“မောင်ကျော်စွာ ... ဘာတွေလဲကွ”


ကြွပ်ကြွပ်အိတ်တစ်လုံးဆွဲကာ အိမ်ထဲသို့ ဝင်လာသည့် မောင်ကျော်စွာကို ကျွန်တော်က မေးလိုက်ခြင်း ဖြစ်သည်။


“ဒီနေ့ အိမ်နားကဝက်ပေါ်တယ်ဆရာ။ အဲဒါ ဆရာ့အတွက် လာပို့တာ။ အသားချည်းပဲဆရာ။ ကျွန်တော် ဘာလုပ်ပေးသွားရမလဲ”


“မင်းကွယ် ဒုက္ခရှာလို့ ပြန်ယူသွားပါ။ ငါမနက်က ဟင်းစားဝယ်လာပါတယ်”


“ဆရာရေ ... ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကုန်ဈေးနှုန်းကတစ်နေ့တစ်မျိုး ထိုးတက်နေတာ။ မစားပြန် တော့လည်း အဟာရမဖြစ်ရုံပဲ ရှိမှာ။ ဆရာရယ် သိပ်ပြီးတော့ မချွေတာပါနဲ့။ စားသင့် တာလောက်လောက်တော့ စားပါဆရာ”


“စားပါတယ်ကွ ... အရင်လို ပေါပေါများများတော့ မဟုတ်ဘူးပေါ့။ တစ်ထောင်တန်တဲ့ အရာတစ်ခုဟာ သုံးထောင်လောက် ဖြစ်သွားတော့ သုံးထောင်ဖိုးဝယ်ဖို့ မတတ်နိုင်တော့ သုံးရာဖိုးလောက်နဲ့ပဲ တင်းတိမ်ပြီး ဖြစ်သလို စားနိုင်အောင် ကြိုးစားရနေတယ်”


“စိတ်တွေလည်းညစ်၊ လူတွေလည်း ညစ်ပါတယ်ဆရာရေ”


“မင်းတို့ရော ငါတို့တွေပါ အညစ်အကြေးတွေကြားမှာ ရှင်သန်နေရတာကွယ့်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင် အညစ်အကြေးတွေ ကြားထဲ ရောက်နေတော့ ငါတို့လည်း ညစ်နေကြရတော့ တာပဲ”


“ဘယ်လိုအညစ်အကြေးတွေလဲဆရာ”


“လူမှာ အဝတ်အစား ညစ်ပတ်ရင် မြင်သာတယ်။ မင်းကိုယ်မှာ ညစ်ပတ်ရင်လည်း သိသာတယ်။ ဒါပေမဲ့ စိတ်မှာ ညစ်ပေနေတာတွေကိုတော့ မမြင်နိုင်ဘူးလေကွာ။ အဝတ်အစားညစ်ရင် လျှော်ဖွတ်လိုက်လို့ရတယ်။ လူ့ခန္ဓာကိုယ်မှာ ညစ်ပေရင် ရေချိုးလိုက်လို့ရတယ်။ စိတ်ထဲမှာ ညစ်ပေနေတာတွကိုတော့ လျှော်ဖွတ်ရမှန်း မသိကြဘူးကွ။ ဒါကြောင့်လည်း ငါတို့တိုင်းပြည်မှာ စိတ်ညစ်၊ လူညစ်တွေနဲ့ အညစ်အကြေးတွေ ဖုံးနေတဲ့ တိုင်းပြည်ကြီး ဖြစ်နေရတော့တာ”


“ဆရာပြောချင်တဲ့ အညစ်အကြေးဆိုတာ ဘာကို ပြောတာလဲဆရာ”


“ရန်ငြိုးဖွဲ့တဲ့စိတ် ... တစ်ဖက်သားအပေါ်မှာ မုန်းတီးတဲ့စိတ်တွေဟာ စိတ်ရဲ့ အညစ်အကြေးတွေလို့ အရှင်နန္ဒမာလာဘိဝံသရဲ့ တရားမှာဖတ်ဖူးတယ်။ ဆရာတော်ကြီးကတော့ ကိုယ့်အပေါ် ပြုထားတဲ့ ကျေးဇူး တရားတွေကို ချေဖျက်လိုတဲ့၊ အသိအမှတ်မပြုလိုတဲ့စိတ်ကို (မက္ခ) လို့ဆိုတယ်။ တစ်ဖက်သားရဲ့ အရည်အသွေးကို အသိအမှတ် မပြုတာ၊ ကိုယ့်ထက် အရည်အချင်းသာတဲ့ ပုဂ္ဂိုလ်တွေကို အသိအမှတ် မပြုချင် တာက (ပလာသ) လို့ ဖွင့်ဆိုပြထားတယ်။ သူတစ်ပါး ကြီးပွားလာလို့ရှိရင် မနာလိုဖြစ်တယ်၊ မိမိကြီးပွား တိုးတက်သလို တစ်ဖက်သားတွေကို မကြီးပွား၊ မတိုးတက်စေချင်တဲ့စိတ်ဖြစ်တယ်၊ မနာလိုစိတ်၊ ဝန်တိုစိတ်ကို ဣဿာ၊ မစ္ဆရိယလို့ ဖွင့်ဆိုပြီး အဲဒီလိုစိတ်ထားတွေကို စိတ်အညစ်အကြေးတွေလို့ ဖွင့်ဆိုထားတယ်”


“ဆရာရေ ... အဲဒီလိုအညစ်အကြေးတွေကို ပြောကြေးဆိုရင် ဆရာတို့တစ်သက်၊ ကျွန်တော်တို့တစ်သက် ဘယ်မှာ အညစ်အကြေးပုံကြီးထဲက ထွက်နိုင်လို့လဲဗျာ”


“မင်း ထမင်းစားရင် ညစ်ပေနဲ့တဲ့ ပန်းကန်နဲ့ စားသလား”


“မစားပါဘူးဆရာရယ်”


“ပန်းကန်ညစ်ပေနေရင် မင်းဘာလုပ်မလဲ”


“ဆေးရမှာပေါ့ဆရာ”


“အေး ... ညစ်ပေနေတာတွေကို လက်ခံပြီး အဲဒီ ညစ်ပတ်နေတဲ့ ပန်းကန်အတိုင်း ပေးတာယူ၊ ကျွေးတာစား တတ်တာဟာ တိရစ္ဆာန်မှ စားတာကွယ့်။ လူမှန်ရင် ညစ်ပေတာ၊ အညစ်အကြေးဆိုတာကိုရွံတတ်တယ်။ ညစ်ပေတာကို သန့်ရှင်းအောင် လုပ်လိုတဲ့စိတ်ဟာ လူသားစိတ်ရင်းပဲ။ စိတ်မှာ ညစ်နွမ်းတာတွေကို ဘယ်လို သန့်ရှင်းအောင် လုပ်ရမလဲ သိလား”


“မသိပါဘူးဆရာ ... တရားထိုင်ရမလား၊ ဘုရားရှိခိုးရမလား”


“မဟုတ်ဘူးကွယ့် ... ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတာက မင်းစိတ်ကို ပညာနဲ့ဆေးတဲ့ကွ။ အဓိက ကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနဲ့ ဆေးရမှာ။ ဗုဒ္ဓဘာသာလို့ အမည်ခံပြီး ယတြာတွေလိုက်ချေနေရုံနဲ့ စိတ်ရဲ့ အညစ်အကြေးတွေ ကင်းစင်သွားနိုင်မှာ မဟုတ်ဘူး။ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မင်္ဂလသုတ်မှာ စိတ်ကို အမြင့်ဆုံး မင်္ဂလာတရားအနေနဲ့ ဟောတယ်။ စိတ်ဓာတ် ကြံ့ခိုင်ဖို့ လိုတယ်။ စိတ်ဓာတ် ကြံ့ခိုင်ဖို့ ဘာလုပ်ရမလဲ သိလား”


“ကျင့်ရမှာပေါ့ဆရာ”


“ဘာကို ကျင့်မလဲကွယ်”


“ကျွန်တော် မသိဘူးဆရာ”


“ဓမ္မကို ကျင့်ကြံအားထုတ်ရမယ်၊ ဓမ္မကိုကျင့်၊ ဓမ္မကိုကြံ၊ ဓမ္မကို ကြိုးကုတ်၊ ဓမ္မကို အားထုတ်ခြင်းဟာ စိတ်ရဲ့ အညစ်အကြေးတွေကို အကောင်းဆုံး ဆေးကြောနိုင်တဲ့ နည်းလမ်းတွေပဲ။ အဓမ္မတွေနဲ့ ဣဿာ၊ မစ္ဆရိယ စိတ်တွေကြောင့် ညစ်နွမ်းနေတဲ့စိတ်ကို ပညာမဲ့တဲ့သူတွေက ဖွတ်လျှော်ရမှန်းမသိဘဲ ခေတ်အဆက်ဆက် အဲဒီအညစ်အကြေးတွေကို အဝတ်လှလှတွေနဲ့ဖုံး၊ ရေမွှေးတွေနဲ့ဖုံး၊ ဝါဒမှိုင်းတွေနဲ့ ဖုံးခဲ့ကြလို့ တိုင်းပြည်နံ နေတာ။ ဖုံးထားတဲ့ ဟန်ဆောင်မှုတွေကို ဆေးကြောမထုတ်နိုင်ရင် ဒီတိုင်းပြည်ကြီးဟာ ဆက်ပြီးတော့ ပုပ်စော်နံနေဦးမှာပဲကွယ်”


(ရည်ညွှန်းကိုးကား - လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်၊ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ)


တင်ညွန့်

၁၉.၇.၂၀၂၄


#ညမဖတ်ရ

#တင်ညွန့်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား