အနှစ်မဲ့ပျော်ရွှင်မှုများ

 အနှစ်မဲ့ပျော်ရွှင်မှုများ

---------------------

မြန်မာလူမျိုးတို့သည် လောကနီတိနှင့် ယဉ်ပါးပြီးသား လူမျိုးများဖြစ်ပါသည်။


လောကနီတိဆိုသည်မှာ အဘယ်နည်း။


လောကနီတိဆိုသည်မှာ လောကနှင့် နီတိကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး “လူ့လောကတွင် နေထိုင်သူများ အတွက် လိုက်နာအပ်သော လမ်းညွှန်ချက်များ” ဟူ၍ အဓိပ္ပာယ်ရသည်။ တစ်နည်း အားဖြင့် “လူမှုရေးဥပဒေ လက်စွဲ” ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။


လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ “စာဏကျနီတိကျမ်း” ကို ညကဖတ်မိသည်။


ထိုကျမ်းထဲတွင် မစည်ကားအပ်သော “အရပ်ငါးပါး” ဆိုသည့် အချက်ကို တွေ့မိသည်။


၁။ ပွဲလမ်းသဘင်


၂။ သေရည်သေရက်ဆိုင်


၃။ လွှတ်ရုံး


၄။ ကစားဝိုင်း


၅။ သုသာန်သင်္ချိုင်း တိုဖြစ်သည်။


တို့မြန်မာနိုင်ငံကြီးတွင် ထိုးငါးသွယ်သောနေရာများ၌ စည်ကားနေသလား၊ တိတ်ဆိတ်နေသလား အားလုံး အသိပင်ဖြစ်သည်။


ထိုကျမ်းစာထဲတွင်


“လူတစ်ယောက်တည်း အပျော်အပါးကြူးလျှင် ထိုသူနှင့်စပ်သော အလုပ်အကိုင်များသည် ပျက်စီး ဆုတ်ယုတ်၏။


တစ်အိမ်မိသားစု အပျော်အပါးကြူးလျှင် ထိုအိမ်နှင့်စပ်လျဉ်းသော အလုပ်အကိုင်များသည် ပျက်စီး ဆုတ်ယုတ်၏။


တစ်ရွာလုံး အပျော်အပါးကြူးလျှင် ထိုရွာနှင့်စပ်လျဉ်းသမျှ အလုပ်အကိုင် ပျက်စီး ဆုတ်ယုတ်၏။


တစ်မြို့သားစု အပျော်အပါးကြူးလျှင် ထိုမြို့နှင့် စပ်လျဉ်းသမျှ အလုပ်အကိုင် ပျက်စီးဆုတ်ယုတ်၏။


တစ်နိုင်ငံမိသားစု အပျော်အပါးကြူးလျှင် ထိုင်နိုင်ငံနှင့် စပ်လျဉ်းသမျှ အလုပ်အကိုင် ပျက်စီး ဆုတ်ယုတ်၏ဟူ၍ ပျော်ပါးမှုကို နယ်ဖြန့်၍ အနှံအပြားဆင်ခြင်သင့်လေသည်ဖြစ်ကြောင်း” ဆိုကာ ရေးသားထားသည်ကို ဖတ်မှတ် ရပါသည်။


လယ်တီပဏ္ဍိတဆရာ၏ မှတ်ချက်တစ်ခုကို သဘောကျမိသည်။


“ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်မှာ လုပ်ကိုင်ရရှိကြသော ငွေကြေးများကို လူအား၊ လူလေ၊ လူပျင်းတို့ လိုက်စား လေ့ရှိသော ပွဲလမ်းသဘင်အားဖြင့် ဖြုန်းတီး၍ ပစ်ကြလေသောကြောင့် နိုင်ငံ၏ ကြီးပွားကြောင်းဖြစ်သည့် အလုပ်ကြီး အကိုင်ကြီးများကို မလုပ်မကိုင် မတည်ထောင်နိုင်ကြဘဲ ဖြစ်တတ်သမျှ သေးငယ်သော အခြေအနေ နှင့်သာလျှင် နေထိုင်စားသောက်ကြရလေသည်။ ပွဲသဘင် ကျူးလွန်လျှင် ကြီးကျယ်သော အလုပ်အကိုင်များကို ကြံစည်လုပ်ကိုင်ကြရန် ဉာဏ်ပညာမပေါ်ထွက်နိုင်ဘဲ ဝီရိယနှင့် ပညာများသည် သေးသိမ်သည်ထက်၊ သေးသိမ် ပြီးလျှင် လူပေါ့၊ လူလေ၊ လူပျင်းအဖြစ်သို့သာလျှင် သက်ဆင်းကျရောက်တတ်လေသည်”


လွန်ခဲ့သောနှစ်ပေါင်း ၉၀ ကျော် ၁၉၂၉ ခုနှစ်ကတည်းက ပညာရှိဆရာကြီး၏ ဆုံးမစကားများဖြစ်ပါသည်။


နိုင်ငံတစ်နိုင်ငံ ဒုက္ခရောက်နေချိန်တွင် ပျော်ပွဲရွှင်ပွဲများ၌ လူစည်ကားနေခြင်းမှာ ရှေ့နောက်မညီသကဲ့သို့ ဖြစ်နေပါသည်။


မည်သည့်နေရာတွေ ဒုက္ခတွေနှင့် ကြုံတွေ့ရင်ဆိုင်နေရပြီး၊ မည်သည့်နေရာတွေမှာ ပျော်ပါးစည်ကား နေကြောင်းကို ကျွန်တော် မပြောလိုတော့ပါ။ သိပြီးသားဖြစ်နေကြပေလိမ့်မည်။


လူတို့သည် လက်တွေ့ဘဝ၏ ခါးသီးမှုများကို မခံစားနိုင်တော့သည့်အခါတွင် ခဏတာမေ့လျော့နေရန်အတွက် “စိတ်ထွက်ပေါက်” တစ်ခုကို ရှာတတ်ကြသည်။ 


အနာဂတ်က မှောင်မိုက်နေသည်ဟု ခံစားရသောအခါတွင်လည်း “နောက်မှဖြစ်ချင်ရာဖြစ် ခုတော့ ပျော်လိုက် ဦးမယ်” ဆိုသော “ယနေ့အတွက်သာ ရှင်သန်ခြင်း” (Live for today) ပုံစံမျိုးတွေ ဖြစ်သွားကြသည်။


ယင်းသည်အမှန်တကယ် ပျော်ချင်၍ပျော်နေကြသည်ဆိုခြင်းထက် “မပျော်ရတာကြာသောကြောင့် အတင်း ပျော်ကြည့်နေကြခြင်း” ဟူ၍လည်း ဆိုနိုင်သည်။


ကျွန်တော်ပြောခဲ့ဖူးသည့် "Bread and Circuses" (ပေါင်မုန့်နှင့် ဖျော်ဖြေပွဲ) နည်းဗျူဟာကို မှတ်မိကြလိမ့်မည် ထင်ပါသည်။


မျှော်လင့်ချက်မဲ့သလို ဖြစ်နေချိန်များတွင် ထိုပျော်ရွှင်မှုများသည် အမှန်တရားကို ဖုံးကွယ်ရန် ဖန်တီးထားသည့် ဆူညံသံများဟုလည်း ဆိုနိုင်သည်။


သမိုင်းထဲတွင် အထင်ရှားဆုံးဖြစ်ရပ်တစ်ခုဖြစ်သော ရောမအင်ပါယာပြိုလဲခါနီးကာလနှင့် နှိုင်းယှဉ်ပြချင်သည်။


ရောမအင်ပါယာအတွင်းပိုင်းတွင် အဂတိလိုက်စားမှုများ၊ စီးပွားပျက်ကပ်တွေနှင့် ပြိုလဲရန် အရှိန်ယူနေချိန်၌ အုပ်ချုပ်သူတွေက ပေါင်မုန့်နှင့်ဖျော်ဖြေပွဲဗျူဟာကို အစွမ်းကုန် အသုံးချခဲ့ကြသည်။


ရောမမြို့ကြီးတွင် တစ်နှစ်လျှင် ရက်ပေါင်း ၁၇၅ ရက်သည် အစိုးရက ကျင်းပပေးသော ရုံးပိတ်ရက်နှင့် ပျော်ပွဲသဘင်တွေ ဖြစ်နေကြောင်းတွေ့ရပါသည်။


ကော်လုဆီယမ် (Colosseum) ဟုခေါ်သည့် အားကစားကွင်းကြီးထဲတွင် လူသတ်ပွဲတွေ၊ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ပွဲတွေကို နေ့တိုင်းလိုလို စည်းကားစွာ ကျင်းပပေးနေခဲ့သည်။ ထိုပွဲကိုလာသော ပြည်သူတွေကိုလည်း ပေါင်မုန့်တွေ အလကားစားနိုင်ရန် ဝေပေးခဲ့သည်။


ကွင်းထဲတွင် လူတွေအော်ဟစ်အားပေးပြီး စည်ကားနေစဉ်၊ အပြင်လောက၌ ရောမမြို့ကြီး၏ လမ်းတွေမှာ ဖုန်တွေထူထပ်ပြီး ဆင်းရဲမွဲတေမှုတွေနှင့် ပြည့်နေသည်။ ရန်သူတွေက နယ်စပ်ကို ကျူးကျော်နေပြီဖြစ်သော် လည်း ကွင်းထဲတွင်ရောက်နေသူတွေကတော့


“ငါတို့အင်ပါယာကြီးသည် စည်ကားလှပေတော့သည်။ ပျော်စရာကောင်းလှပေတော့သည်” ဟုထင်မှတ် နေကြသည်။ ထိုစည်ကားခြင်းကို “အနှစ်သာရမရှိသောစည်ကားခြင်း” ဟူ၍ ပညာရှင်များက မှတ်ချက်ပြကြ သည်။


အနှစ်သာရမရှိသော စည်ကားခြင်း၏ နောက်ကွယ်တွင် ဘာတွေဖြစ်လာနိုင်သနည်း။


လူတွေသည် တကယ့်ပြဿနာကိုမေ့သွားစေသည်


ကြောက်စိတ်ကိုမေ့ပြီး လူအုပ်ထဲဝင်ပျော်စေသည်


ပွဲပြီးသွားသော်လည်း လူတွေသည် ယခင်ကထက်ပိုပြီး စိတ်ဓာတ်တွေကျ၊ ပိုပြီး ဆင်းရဲသွားစေသည်။


အကြောင်းမှာ ထိုစည်ကားပျော်ရွှင်မှုက ဘဝအတွက် မည်သည့်တန်ဖိုးမျှ ဖြစ်မလာစေသောကြောင့်ပင်။


အနှစ်သာရရှိသော စည်ကားခြင်းနှင့် အနှစ်သာရမဲ့သောစည်ကားခြင်းတို့မှာ ကွာချင်တိုင်းကွာသည်။ လူတိုင်း ကြုံတွေ့ခဲ့ဖူးကြပါသည်။


ပွဲလမ်းသဘင်များတွင် ငွေကိုရေလိုသုံးနေကြသူများမှာ ဒုက္ခရောက်နေသည့် ပြည်သူများထဲက မဟုတ်နိုင်ပေ။ တစ်နေ့ငွေတစ်သောင်းရအောင် နေပူထဲတွင် ဒုက္ခခံပြီးလုပ်ကိုင်စားသောက်နေရသူတွေသည် ထိုပွဲသဘင်မျိုး တွေကို အနားပင် ကပ်နိုင်မည်မထင်ပေ။


အကျပ်အတည်းကာလတွင် အခွင့်ထူးခံပြီး ကြွယ်ဝလာသူ လူတစ်စုက သူတို့၏ “ရှိစုမဲ့စု” ထက် “ပိုလျှံနေသောငွေ” တွေကို ကြွားဝါဂုဏ်ပြိုင်သည့်အနေဖြင့် သုံးစွဲနေကြခြင်းဖြစ်သည်။ ယင်းသည် ဒုက္ခ ရောက်နေသည့် ပြည်သူတွေကို ကိုယ်ချင်းစာတရား ကင်းမဲ့စွာဖြင့် လှောင်ပြောင်နေသကဲ့သို့ ဖြစ်စေကြောင်း ထိုသူမျိုးတွေ နားလည်ချင်မှ နားလည်ကြပေလိမ့်မည်။


လူတွေသည် ဒုက္ခနှင့်ကြာရှည်စွာ ထိတွေ့နေရသည့်အခါတွင် စိတ်တွေ ထုံထိုင်းသွားတတ်သည်။ ယင်းကို (Emotional Numbness) ဟုခေါ်သည်။ တစ်ဖက်တွင် သေဆုံးမှုတွေ၊ ငတ်မွတ်မှုတွေရှိနေသော်လည်း ထိုအဖြစ်အပျက်များကို “ပုံမှန်” ဟုသတ်မှတ်လိုက်ပြီးနောက် ကိုယ့်ဘဝကို ပျော်ပျော်နေနိုင်အောင် ကြိုးစား လာကြတော့သည့်သဘောဖြစ်သည်။


အိမ်တစ်အိမ်တွင် စားစရာမရှိ၍ ငိုနေသူတွေရှိနေစဉ်


အိမ်တစ်အိမ်တွင် သေဆုံးနေသူတွေကြောင့် သောကရောက် ပူဆွေးငိုကြွေးနေစဉ်


ပွဲခင်းထဲတွင် သိန်းရာထောင်သုံးကာ အနှစ်သာရမဲ့စွာဖြင့် ဘဝတွေကိုပျော်မွေ့နေကြသည့် သဘောဖြစ်သည်။


တင်ညွန့်


၃၀.၃.၂၀၂၆

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား