လွမ်းမိသည်
လွမ်းမိသည်
တင်ညွန့်
လွန်ခဲ့သော ၂ နှစ်ခန့်က ကုန်တိုက်တစ်တိုက်တွင် ပေါင်းအိုးတစ်အိုးတွေ့ပါသည်။ ကျွန်တော်က ပစ္စည်းတစ်ခုကို ကြိုက်လျှင် ဝယ်လိုက်သည်။ တန်သည် မတန်သည် သိပ်ပြီး စဉ်းစားလေ့မရှိ။ ကိုယ့်အတွက် အသုံးတည့်လျှင် တန်သည်ဟုသာ မှတ်ယူသည်။
ထိုပေါင်းအိုး ဝယ်ရသည်မှာ အကြောင်းရှိသည်။ အိမ်တွင် ဂက်စ်သုံးသည်။ လျှပ်စစ်ဒယ်နီလည်း လွန်ခဲ့သော သုံးနှစ်ခန့်က ဝယ်ထားသည်။ သုံးရသည်သိပ်မရှိ။ လျှပ်စစ်မီးမှန်သည်ဆိုပြီး ဝယ်လိုက်ကာမှ ပြတ်လိုက်သည့် လျှပ်စစ်မီး ဒယ်နီကို သိပ်မသုံးဖြစ်တော့။ ဂက်စ်က အိမ်လည်း မညစ်ပတ်၊ သုံးရသည်မှာလည်း မီးသွေးထက် တန်ဖြင့် တွက်ချက်ကာ သုံးနေရခြင်းဖြစ်သည်။
အသားဟင်းချက်လျှင် ပေါင်းအိုးလေးနှင့် ချက်မည်။ ငါးသလောက်လေး ပေါင်းစားမည်ဟု ကြံရွယ်ကာ ဝယ်ခဲ့သော ပေါင်းအိုးမှာ ပဲဟင်းအတွက် ပဲပြုတ်ရန် မကြာခဏ အသုံးပြုနေရတော့သည်။
ငယ်စဉ်က အဖေနှင့်အမေ ငါးသလောက်ပေါင်းကျွေးတာကို သတိရသည်။
ပဲခူးတွင် ကျွန်တော်တို့ ငယ်စဉ် ကဝက်ကင်းငါးသလောက်၊ စစ်တောင်းငါးသလောက်တို့သည် နာမည်ကျော် သည်။ အဖေသည် ဈေးကပြန်လာသည့် တစ်နေ့တွင် ငါးသလောက်အကောင်ကြီးတွေကို သုံးကောင်ခန့် ဆွဲလာသည်ကို မြင်ယောင်နေသည်။ အဖေကစိတ်ရှည်သည်။ ဒယ်အိုးထဲကို ဝါးကတ်လေးရက်ထည့်သည်။ အိုးမကပ်ရန်ဖြစ်သည်။ ငါးသလောက်တွေကို အတုံးကြီးတွေတုံးပြီး ရှာလကာရည်နှင့် နယ်သည်။ စပါးလင်တွေကို ထုထောင်းကာ အရွက်တွေကို အစည်းလိုက် ချည်ထည့်ပြီး ခြံထဲတွင် တစ်ညလုံး စိတ်ရှည် လက်ရှည် မီးထိုးကာ ပေါင်းပါတော့သည်။
ပေါင်းအိုးမပေါ်သေးသည့်ကာလ အဖေက ငါးသလောက်၊ ဘဲစသည်တို့ကို ထိုသို့ပင် ဒယ်အိုးနှင့်ပေါင်းကာ တစ်ညလုံး မီးထိုးပြီး အပင်ပန်းခံ၍ သားသမီးတွေကို ချက်ကျွေးလေ့ရှိသည်။
အဖေနှင့်အမေသည် ပေါင်းအိုးခေတ်ကို မမီလိုက်ပါ။ ထိုခေတ်တွေ မတိုင်မီက ကွယ်လွန်သွားကြသည်။ ယခုခေတ်ကတော့ အားလုံး အလွယ်တွေဖြစ်ကုန်သည်။ ထမင်းကိုပင် ပေါင်းအိုးနှင့်ချက်နေကြသည်။ ဟင်းကိုလည်း ပေါင်းအိုးနှင့် ချက်ကြသည်။
ငယ်စဉ်က ထမင်းရည်ကို သွန်ပစ်သော မိန်းမတစ်ဦးကို အပြစ်ပေးသော သာလွန်မင်းအကြောင်း ဖတ်စာတွင် သင်ဖူးသည်။ ယနေ့ခေတ် သာလွန်မင်း အပြစ်ပေးရမည်သူ သိပ်ရှိမည်မထင်။ မြို့နေ လူတန်းစားတွေက ထမင်းကိုပေါင်းအိုးနှင့်တည်နေကြပြီ။ ကျွန်တော်တို့သည်ပင် ပေါင်းအိုးထမင်းကိုစားမှ လေးလေးပင်ပင် ရှိသည်ဟု ထင်သည်။ ထမင်းရည်ငှဲ့ချက်သည့် ထမင်းကို ပေါ့ရွှတ်ရွှတ်နှင့် စားကောင်းသည်ဟုမမြင်။
အဖေတို့ အမေတို့ခေတ်က ထမင်းရည်ကို ငှဲ့ချက်သည်ဆိုသော်လည်း သွန်ပစ်သည်တော မဟုတ်။ ထမင်းရည်ကို ဆားခတ်ပြီး သောက်တတ်သည့်အကျင့်ကို အဖေကမျိုးစေ့ချပေးခဲ့သည်။ ထိုစနစ်ကို ကျောင်းဆရာဘဝတစ်လျှောက်လုံး ကျင့်သုံးခဲ့သည်။ ထိုစဉ်က ဝန်ထမ်းဆန်မှာ ဆိုးရွားလှသော်လည်း ဆန်ကို ပြောင်အောင် ရေအထပ်ထပ်ဆေးပြီး ထမင်းရည်ကို သောက်နိုင်အောင် သောက်ရသည်။
“ထမင်းရည်သောက်ကွ ... ဝမ်းအေးတယ်” ဟုပြောလေ့ရှိသော အဖေ့စကားကို ကြားယောင်နေမိသည်။
ယနေ့ခေတ် ကလေးတွေကို ထမင်းရည်သောက်ရသည်ဟုပြောလျှင် နားလည်ကြမည်မထင်။ မိုးလင်းလျှင် လက်ဖက်ရည်ဆိုင်ကို ပြေးနေကြပြီ။
အလွယ်နည်းတွေကို တီထွင်ကြသည်။ ကောင်းသည့်အပိုင်းတွေ ရှိသလို ဆိုးသည့်အပိုင်းတွေလည်း ရှိနိုင်သည်။ အစစအရာရာ ချွေတာနေကြရသည့်ခေတ်တွင် အသားဟင်းကို နေ့တိုင်းမစားနိုင်သော်လည်း နေ့တိုင်းလိုလို စားနေရသည့် ပဲကိုတော့ ပေါင်းအိုးကြီးနှင့် တရွှီးရွှီးပေါင်းနေရသည် အိမ်နီးနားချင်းတွေကြားလျှင် အထင်ကြီးစရာ။
မည်သို့ဆိုစေ ကဝက်ကင်းငါးသလောက်နှင့် စစ်တောင်း ငါးသလောက်တို့ကိုတော့ လွမ်းမိသည်။
မကြာသေးမီက ဈေးတွင် ငါးသလောက်သေးသေး တစ်ပိုင်းလောက်ကို ချိန်ခိုင်းမိသည်။ လက်တစ်ဝါးမျှပင် မရှိသော အပိုင်းလေးကို ၆၀၀၀ ကျပ်ဟုဆိုသည်။
ဈေးအပြင်ကိုထွက်လိုက်တော့ ငါးသလောက်သေးသေးလေးတွေကို ပေါင်းပြီးရောင်းနေသော ဈေးသည်ကို တွေ့သည်။ ထိုငါးသလောက်သေးသေးလေးတွေကို အဖေတို့ အမေတို့ခေတ်က ဘယ်တော့မျှမစား။ ထိုငါး သေးသေးလေးတွေ ငါးသလောက်ယောက်ဖဟု ခေါ်ကြသည်။
ထိုသေးသေးလေးတစ်ကောင်ကို ပိုင်းထားသည့် တစ်ပိုင်းကိုပင် ၂၀၀၀ ဟုဆိုသည်။
“အို ကောင်းမှာ မဟုတ်ပါဘူးလေ” ဟု စိတ်ထဲကပြောကာ ကျောခိုင်းခဲ့သည်။
အဖေနှင့် အမေကို လွမ်းမိသည်။ ငါးသလောက်ပေါင်းကြိုက်သောသူတို့နှင့် ကျွန်တော်ဝယ်ထားသော ပေါင်းအိုးမှာ အဆင်ပြေနိုင်သည်။ ငါးသလောက်ဆိုလျှင် ကဝက်ကင်းနှင့် စစ်တောင်းမှ မဟုတ်လျှင် မစားသော ကျွန်တော့်အဖေနှင့်အမေတို့က ထိုငါးကို ရှာဝယ်ပေးလျှင်ဆိုလျှင် မည်သည့်နေရာတွင် ရှာပေးရမည်နည်း။
အဖေက ငါးကြီးသုံးကောင်ကို လက်ထဲတွင် ဂုဏ်ယူကာ ဆွဲလာသည့်နေ့ကို မှတ်မိသည်။
ယခုတော့ သူတို့သားဖြစ်သူ ကျွန်တော့်မှာ ငါးသလောက်တစ်ပိုင်းလောက်ကိုပင် ဝယ်မစားနိုင်သော ဘဝမျိုး ဖြစ်နေသည်။
အဖေနှင့်အမေသည် ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး သူပုန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်အထိ မီခဲ့သည်။ သူတို့ဖြတ်သန်းခဲ့ရသော ခေတ်တွေကလည်း ကောင်းလှသည်တော့မဟုတ်။ သို့သော် သားသမီးတွေကို ဘွဲ့ရအောင် ကျောင်းထားပေးနိုင်သည်။ ဝမ်းဝအောင် ကျွေးနိုင်ခဲ့ကြသည်။
အဖေနှင့်အမေ စောစီးစွာ ကွယ်လွန်ကုန်ကြသည်ကပင် ကောင်းသည်ဟု အကောင်းမြင်အတွေးဝင်မိသည်။
သို့မဟုတ်လျှင် ခေတ်ဆိုး ခေတ်ကျပ်ထဲတွင် ဒုက္ခတွေကို မျှဝေခံစားနေရမည်ကို သနားမိသောကြောင့်ဖြစ် သည်။
တင်ညွန့်
၃၀.၄.၂၀၂၄
#ညမဖတ်ရ
#တင်ညွန့်
#ဝတ္ထုတို