သူခိုးအလျူ
သူခိုးအလှူ
__________________
တင်ညွှန့်
မြို့လေးတစ်မြို့သို့ တရားဟော ဓမ္မကထိက ဆရာတော်တစ်ပါး ကြွလာသည်။
နာမည်ကျော် ဆရာတော်ဖြစ်လေရာ ထို့မြို့လေးအပြင် အနီးပတ်ဝန်းကျင်ရွာများက တရားနာလိုသော သူများသည် တရားပွဲကို ရောက်လာကြကုန်သည်။ ဘုရားကုန်းတော်ပေါ်ရှိ ဇရပ်ကြီးပေါ်တွင် လူများပြည့်လျှံ၍ နေလေသည်။
ဆရာတော်က တရားပွဲမစမီ အနီးရှိ လူကြီးများကို
“ကျုပ်က ဒီမြို့သားဗျ။ အတော်များများ သိကြပါရဲ့။ ကျုပ်နဲ့ ငယ်စဉ်က ကျောင်းသွားဖော် သူငယ်ချင်း မောင်အောင်ဆိုတာ ရှိသေးရဲ့လားမသိဘူး”
“ဘယ်ကမောင်အောင်ပါလဲဘုရား”
“ဟို ...ကုန်းပေါ်တန်းက ပန်းပဲဆရာကြီး ဦးရွှေခရဲ့သား မောင်အောင်ကိုပြောတာ”
“အို ရှိတာပေါ့ဘုရား ... အဲဒီ မောင်အောင်ဆိုတာ ခုတော့ ဦးအောင်ဆိုပြီး ဖြစ်နေပြီပေါ့။ ရပ်ကွက်လူကြီးပါ ဘုရား”
“ဟေ ... ဟုတ်လား ... အဲဒီမောင်အောင်ကို သွားခေါ်ကြစမ်းကွယ်”
“သွားခေါ်စရာ မလိုပါဘုရား ... ဒီ တရားပွဲထဲတောင် ရောက်ချင် ရောက်နေမှာ ပါဘုရား”
“ကောင်းပြီလေ ... ကျုပ်ခေါ်စမ်းကြည့်မယ်”
ဆရာတော်က တရားဟော ပလ္လင်ပေါ်တက်ပြီး
“ဟိုး ငယ်ငယ်ကလေ ကျုပ်နဲ့ ဆိုးဖော်ဆိုးဖက်၊ မောင်အောင်ဆိုတဲ့လူ ဟောဒီ တရားပွဲမှာ ရှိရင် ရှေ့ကို ထွက်ခဲ့စမ်းပါ” ဟု အသံချဲ့စက်ကတစ်ဆင့် ပြောလိုက်လေသည်။
လူတွေက လှုပ်လှုပ်ရွရွဖြစ်ကုန်သည်။ ပရိသတ်အလယ်မှ လူတစ်ယောက်သည် ခါးကိုင်းတိုင်းတိုင်းနှင့် မတ်တတ်ထလိုက်သည်။
“အလို … မောင်အောင်လား ... ကျုပ်သူငယ်ချင်း မောင်အောင်မှတ်တယ်။ လာစမ်းပါ။ ဟောဒီ ရှေ့ကို ထွက်ခဲ့စမ်းပါ”
လူတွေက လမ်းဖယ်ပေးသဖြင့် တိုက်ပုံအင်္ကျီနှင့် အဘိုးအိုတစ်ယောက်သည် ရှေ့ကို ယိုင်တိုင်တိုင်နှင့် ထွက်လာလေတော့သည်။
“အလိုကွယ် ... ငါ့သူငယ်ချင်း မောင်အောင် ... အဘိုးအိုလေးကို ဖြစ်လို့ပါလား”
မောင်အောင်ခေါ် ဦးအောင်က ဆရာတော်ကို ဦးချသည်။
“မင်းက ငါ့ကို မသိရော့သလား”
“သိပါတယ်ဘုရား ... ဒါပေမဲ့ အဆင့်အတန်းက အရမ်းကို ကွာခြားနေလို့ပါဘုရား။ အရှင်ဘုရားက နိုင်ငံကျော် ဓမ္မကထိက၊ တပည့်တော်က သာမန်လူဆင်းရဲပါဘုရား။ ဒါကြောင့် အရှင်ဘုရားကို မခေါ်ရဲ နှုတ်မဆက်ရဲလို့ အသာလေး နေရပါတယ်ဘုရား”
“တယ်ခက်တဲ့ မောင်အောင်ပဲ။ ငါတို့ ငယ်ငယ်က မရှိအတူ ရှိအတူ ဘိန်းမုန့်တစ်ချပ်ကို နှစ်ယောက်အတူဝေစား ခဲ့ကြတာ မေ့နိုင်ပါ့မလားကွယ်၊ ကဲ ... ကဲ ... ရှေ့မှာပဲထိုင်။ မင်းကို မသေဘဲတွေ့ရ ဝမ်းသာလှတယ်”
ဆရာတော်က တရားစဟောသည်။
ထိုညတရားပွဲသည် ဤမြို့ကလေးတွင် လိုအပ်နေသော ဆေးရုံ ဆောက်လုပ်ရေးအတွက် ဆရာတော်က အလှူခံပေးသည့် တရားပွဲဖြစ်သည်။ ထိုညတွင် တရားဟောပြီး အလှူခံ၍ ရသမျှကို ဆေးရုံဆောက်လုပ်ရေး အတွက် ပြန်ပြီးလှူဒါန်းခဲ့မည်ဖြစ်သည်။
ဆရာတော် ထိုညက ဟောကြားသည့် တရားကလည်း ဇီဝကဆရာအကြောင်း တရားဖြစ်နေသဖြင့် လူတွေစိတ်ဝင်စားစွာ နာကြသည်။
တရားပွဲကား ည ၁၂ နာရီမှ ပြီးလေသည်။
ဆရာတော်က
“ကိုင်း အလှူငွေတွေကို ဒကာကြီး ဦးအောင်က လိုက်ပြီးတော့ ဖလားနဲ့ အလှူခံပါကွယ်”
ဦးအောင်က ဖလားတစ်လုံးကိုင်ပြီး လိုက်အလှူခံသည်။ လူတွေကလည်း စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ၁၀၀ တန်တွေကို ထည့်ကြသည်မှာ ဖလားအပြည့်အမောက်ဖြစ်သည်။
အခြားသော ဂေါပကတွေကလည်း ဖလားနှင့်လိုက်အလှူခံကြရာ အပြည့်အမောက်ရလေသည်။
ထိုအချိန်တွင် လျှပ်စစ်မီးက ပြတ်သွားပြန်သဖြင့် လူတွေက အော်ကြသည်။ မီးက မကြာပါ ချက်ချင်းပင် ပြန်လာသည်။
အလှူလိုက်ခံသော လူတွေ ပြန်လာပြီး ပိုက်ဆံတွေ ရေကြသည်။
ဆရာတော်ဘုရားက ကြေညာသည်
“ယနေ့ည ဆေးရုံအတွက် အလှူခံရရှိငွေ စုစုပေါင်းကတော့ တစ်သိန်း ခြောက်သောင်း နှစ်ထောင့် တစ်ရာဖြစ်ပါတယ်ဗျား။ စေတနာထက်သန်စွာနဲ့ လှူဒါန်းကြတဲ့ ဟောဒီမြို့သားတွေကိုတော့ ဂုဏ်ယူပါတယ်။ ဘုန်းကြီး အနေနဲ့ အဲဒီငွေတွေအားလုံးကို ဆေးရုံဆောက်လုပ်ရေးအတွက် လှူဒါန်းပါတယ်ဗျား။ သာဓုခေါ်ကြပါ”
အားလုံးသော ပရိသတ်အပေါင်းသည် သာဓုခေါ်ကြသည်။
လူတွေ ပြန်ကုန်ကြသည်။ တရားဟော ဓမ္မာရုံအတွင်း လူတွေရှင်းကုန်မှ ဆရာတော်က
“မောင်အောင်”
“ဘုရား”
“လူတွေ လှူကြတာ တယ်အားရစရာ ကောင်းပါလားကွယ်။ ငါတို့မြို့ကလူတွေ စေတနာ ထက်သန်ပုံကတော့ အံ့မခမ်းပါပဲ။ ဒါနဲ့ မောင်အောင်”
“ဘုရား”
“နင်ရော အလှူငွေ ဘယ်လောက်ထည့်လိုက်သလဲ”
ဦးအောင်က ခေါင်းကြီး ငုံ့နေသည်။ ထို့နောက်မှ
“တပည့်တော်က ဆင်းရဲပါတယ်ဘုရား”
“ဟဲ့ ဆင်းရဲလို့ မလှူဘူးဆိုရင် အဲဒီဆေးရုံမှာ နင့်ကုသိုလ် မပါတော့ဘူးပေါ့”
“အရှင်ဘုရားနဲ့ တပည့်တော် နှစ်ဦးတည်းရှိတုန်းမှာ ဝန်ခံချင်တာ ရှိပါတယ်ဘုရား”
“ဘာများလဲ”
“တပည့်တော်က အရပ်လူကြီးသာဆိုတယ် ...”
ဦးအောင်က မပြောဘဲ ရပ်ထားလိုက်သည်
“မောင်အောင် ပြောလေ”
“အမှန်အတိုင်း ပြောပါ့မယ်ဘုရား ... တပည့်တော်က အရပ်လူကြီးဆိုပေမယ့် ... ရပ်ရွာထဲ ကောက်ခံလို့ရတဲ့ ငွေတွေထဲက ဟိုနည်းနည်း သည်နည်းနည်း ခိုးတတ်ပါတယ်ဘုရား”
“အလိုကွယ် ဆိုးလိုက်တဲ့ မောင်အောင်”
“စောစောက မီးတွေ ပြတ်သွားတော့ တပည့်တော်အနေနဲ့ ဖလားထဲက ရာတန်တွေကို တိုက်ပုံအင်္ကျီထဲ ကောက်ထည့်ချင်စိတ်တွေ ဖြစ်လာပါတယ်ဘုရား"
“ကောက်ထည့်လိုက်သလား”
“မထည့်ပါဘုရား ... တပည့်တော် အရပ်လူကြီး လုပ်စားတဲ့ဘဝမှာ ငွေရလွယ်တဲ့ကိစ္စ ကိုယ့်လက်ထဲမှာ ရှိနေပေမယ့် တစ်ပြားတစ်ချပ်မျှ မယူဘဲနဲ့ စေတနာဖြူစင်စွာနဲ့ အလှူခံငွေတွေကို အကုန်ပြန်အပ်တာ ဒါ ပထမဆုံး အကြိမ်ပါပဲဘုရား။ အရှင်ဘုရားကိုလည်း တပည့်တော် ပထမဆုံး ဝန်ခံခြင်းပါဘုရား”
“မောင်အောင်ရယ် ဖြစ်ရလေကွယ် ... အေးပေါ့လေ ... ခိုးဖို့ အခွင့်ရတာကို မခိုးဘဲနေလိုက်တာကိုပဲ အလှူတစ်ခုရယ်လို့ သတ်မှတ်ရတော့မှာပဲ မောင်အောင်ရယ်”
ဆရာတော်က တရားပွဲမှ ပြန်ကြွတော့မည်။
ဘုရားအောက်တွင် ဆရာတော်ကို ကြိုပို့သည့် ကားလေး ရပ်ထားသည်။ ဦးအောင်ကလည်း ဆရာတော်ကို လိုက်ပို့သည်။
ဆရာတော်က ကားပေါ်တက်ထိုင်လိုက်သည်။ ထို့နောက် ထိုမြို့မှ ဆေးလိပ်ခုံ သူဌေးကြီးနားကို တိုးတိုးလေး ကပ်ပြောသွားသည်။ ဆရာတော်ကားထွက်သွားသည်။
သူဌေးကြီးက
“ဦးအောင် လာပါဦးဗျ”
“ဟုတ်ကဲ့ ဘာများပါလိမ့်ခင်ဗျာ”
သူဌေးကြီးက သူ့အိတ်ထဲမှ ပိုက်ဆံတွေကိုထုတ်ကာ ရေတွက်လိုက်ပြီး
“ရော့” ဟု သူ့ကိုပေးသည်။
“ဘာများပါလိမ့်ခင်ဗျာ”
“ဆရာတော်က ငါ့သူငယ်ချင်း မောင်အောင်ဆင်းရဲတယ်။ လှူလိုက်ပါဆိုလို့ပါ” ဟုပြောလိုက်သည်။
ဦးအောင်ကား ပိုက်ဆံတွေကိုကိုင်ပြီး ငိုင်ကာ ကျန်ခဲ့သည်။
(ဟိုး ... ခေတ်တစ်ခေတ်က အဖေပြောပြဖူးသည့် ဇာတ်လမ်းလေးကို ပြန်လည် ရေးပြခြင်းဖြစ်ပါသည်)
Crd #တင်ညွန့်
၂၁.၇.၂၀၂၃