ခုတစ်မျိုး တော်ကြာတစ်မျို
ခုတစ်မျိုး တော်ကြာတစ်မျိုး
----------------------------
ညစာစားပြီးနောက် သူတို့လင်မယားနှစ်ယောက် တီဗွီဇာတ်လမ်းတွဲတစ်ခုကို စိတ်ဝင်စားစွာ ကြည့်နေကြ သည်။ ခင်မလတ်သည် စားပြီးသား ပန်းကန်တွေကိုပင်မဆေး၊ သူ့ယောက်ျားဘေးတွင် ဝင်ထိုင်ပြီး ဇာတ်လမ်းတွဲကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။
“ကလင် … ကလင် … ကလင်”
“ဟာဒီဖုန်းကလည်း ကြည့်ကောင်းနေမှ”
“ကိုင်လိုက်ပါမောင်ရယ် … ဘယ်သူ့ဆီကလဲ”
ကိုကျော့မောင်က ထသွားပြီး စားပွဲပေါ်က ဖုန်းကို ယူလိုက်သည်။ သူ့မျက်လုံးတွေကတော့ တီဗွီပေါ်တွင် ရှိနေသည်။ သူက ဖုန်းကို စိတ်မပါစွာဖြင့် နားနှင့်ကပ်လိုက်ပြီး
“ဟဲလို” ဟုပြန်ဖြေလိုက်သည်။
“ဘယ်သူလဲ” ခင်မလတ်က လှမ်းမေးလိုက်သည်။
ကိုကျော့မောင်က ဖုန်းကို လက်လေးနှင့် အုပ်ကာ
“အမေ့ဆီက” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့အမေ … ပြောပါ … သားနားထောင်နေပါတယ်”
“……………………..”
“ဟုတ်ကဲ့အမေ … ဟုတ်ကဲ့”
ခင်မလတ်က လှမ်းမေးသည်။
“ဘာတဲ့လဲ”
သူကဖုန်းကို လက်နဲ့အုပ်ပြီး ပြန်ဖြေသည်။
“အမေလာလည်မလို့တဲ့”
“အို … ဘယ်ဖြစ်မလဲ။ အိမ်ကကျဉ်းကျဉ်း။ ကြည့်ပြောလိုက်။ လာလည်ဖို့ မဖြစ်နိုင်ဘူးလို့”
“ဟုတ်ကဲ့အမေ … ဟုတ်ကဲ့။ အမေတို့က ဘယ်တော့လာမှာလဲ။ ဟုတ်ကဲ့အမေ။ သားလာကြိုမှာပေါ့။ ဟုတ်ကဲ့ ဖုန်းဆက်လိုက်အမေလာဖို့သေချာရင်”
ကိုကျော့မောင်က ဖုန်းကိုပြန်ချလိုက်သည်။
“ကိုမောင် မလာနဲ့လို့ပြောခိုင်းလိုက်တာလေ ဘယ့်နှယ် လာကြိုမယ်ဖြစ်သွားရတာလဲ”
“ဟာကွာ … လာမယ်ဆိုတာကို မလာနဲ့လို့ ပြောလို့ဖြစ်မလား။ ဆေးခန်းလာပြချင်လို့တဲ့။ လာပါစေ ဒီလိုပဲ ကြံဖန်ပြီး နေရမှာပေါ့”
“ကျွန်မကတော့ ချက်မကျွေးနိုင်ဘူးကိုမောင်။ ကုန်ဈေးနှုန်းတွေကလည်း ကြီးသနဲ့”
“မိန်းမရယ် ဘာဖြစ်လို့ အဲဒါတွေပြောနေရတာလဲ။ လာမယ်ဆို လာပါစေ။ သူစိမ်းတွေမှ မဟုတ်တာ”
“ဟုတ်ဟုတ် … မဟုတ်ဟုတ် ကျွန်မကတော့ ရှင်းရှင်းပဲပြောမယ်နော်။ ချက်မကျွေးနိုင်ဘူး သိလား”
“မင်းတကယ်ပဲ ချက်မကျွေးဘူးလား”
“ဒီမှာ တစ်အိမ်လုံးအလုပ် တစ်ယောက်တည်း လုပ်နေရတာ။ ဒီအချိန်လေးပဲနားရတာ။ ချက်မကျွေး နိုင်ဘူး။ ရှင်ကိုယ်တိုင်ပဲချက်ပြုတ်ကျွေး”
“ဒါဆိုလည်းကွယ် အမေ့ကို မလာနဲ့တော့လို့ မင်းပဲပြောလိုက်ပါတော့”
“အို ရှင်ကလာပါလို့ပြောပြီးမှတော့ ဘယ်လိုလုပ်ပြီး ပြန်ပြောလို့ကောင်းပါတော့မလဲ”
“ရပါတယ်ကွာ … ငါပဲပြန်ပြောလိုက်ပါ့မယ် ဟုတ်ပြီလား”
“ကောင်းအောင်ကြည့်ပြောလိုက်ဦး … အလုပ်က အိုဗာတိုင်ဆင်းစရာရှိနေလို့။ ကျွန်မလည်း နေမကောင်းလို့ ဘာညာဆိုပြီး ပြောနော်”
“တကယ်ပြောရမှာလား”
“ပြောလေ”
ကိုကျော့မောင်က ဖုန်းကိုသွားပြန်ယူပြီး ပြန်ခေါ်လိုက်သည်။ တစ်ဖက်ကထူးသောအခါတွင်
“အမေ ဟောဒီမှာ အမေ့သမီးက ပြောစရာရှိလို့တဲ့” ဟုဆိုကာ ဖုန်းကို ခင်မလတ်ထံ လာပေးသည်။
“ဟာ ရှင်ကလည်း တော်တော်အရစ်ရှည်တာပဲ … ကိုယ်ဘာသာကိုယ် ကြည့်ပြောလိုက်ပါဆို”
“မင်းအမေကို မင်းကိုယ်တိုင်ပြောတော့ ပိုကောင်းတာပေါ့”
“ဘာ ကျွန်မအမေ ဟုတ်လား”
“ရော့”
ခင်မလတ်က ဖုန်းကို ယူလိုက်ပြီး
“အမေ … ဟုတ်ကဲ့ပြောလေ အမေ”
“……………………………”
“ရပါတယ်အမေရယ်။ သမီး ဘာမှအထွေအထူးပြောစရာ မရှိပါဘူး။ အမေလာရင် သမီးလည်း လာကြိုမှာပေါ့။ ရတယ်အမေ … ရပါတယ်။ အမေကြိုက်သလောက်နေလေရပါတယ်။ ဘာမှ မယူလာနဲ့အမေ ရတယ်။ အိမ်မှာ အားလုံး ရှိတယ်။ ဖုန်းကြိုဆက်နော်အမေ”
ခင်မလတ်က သူ့ယောက်ျားကို ဖုန်းပြန်ပေးလိုက်သည်။
“စောစောက ဘာဖြစ်လို့ ကျွန်မအမေလို့ မပြောတာလဲ”
“မင်းအမေလည်း ငါ့အမေပဲလေ အတူတူပေါ့”
“အမေလာမယ်တဲ့ပျော်လိုက်တာ”
“ဟေ စောစောတုန်းကတော့ ချက်မကျွေးနိုင်ဘူးဆို”
“ဟိုလေ … အဲဒါက”
“ခင်မလတ်ရယ် … ငါက မင်းစိတ်ကို သိရအောင် စမ်းတာပါ။ တကယ်ဆိုရင် ငါ့အမေကလည်း ဘယ်တော့မှ မလာပါဘူး။ သူက တောမှာပဲပျော်နေတာပါ”
“အမေလာမယ်တဲ့ အခန်းတွေရှင်းရဦးမယ်။ ရှင့်စာအုပ်တွေကို သိမ်းဦး … အမေကရှုပ်ပွတာမကြိုက်ဘူး”
“အင်း … ခင်မလတ်တို့များ အမျိုးမျိုး … တတ်လည်း တတ်နိုင်ပါပေ့”
“ဟီး ဟီး”
တင်ညွန့်
၁၈.၄.၂၀၆