မရှိမကောင်း ရှိမကောင်း(စ/ဆုံး)
မရှိမကောင်း ရှိမကောင်း(စ/ဆုံး)
===============
ဒီနေ့ရှင်ရွှေမိ ခရီးထွက်သွားသည်။အသွားအပြန် ၅ရက် ကြာမယ်တဲ့
ခရီးသွားရမယ်လို့ ပြောကတည်းက ကိုရွှေနိုင် ဝမ်းသာလွန်းပြီးထ က ချင်နေသည်။ ရွှေမိရိပ်မိမစိုးလို့သာ အသာထိမ်းနေရသည်။ပျော်လိုက်သည့်ဖြစ်ခြင်း၊ ဒီလောက်စကားကိုမရပ်မနားပြောသလို၊ အလုပ်ကိုဇယ်ဆက်အောင်လုပ်၍ သူများကိုလည်းထိုင်မနေရအောင်ခိုင်းနိုင်လှသောမိန်းမ ၅ရက်လောက်အိမ်မှာမရှိလျှင် အတော်နားအေးမည့်အရေးတွေးမိကာအလွန်ပျော်၏။
ဒါတောင်မသွားခင်ရက်ကိုမှာကြားနေလိုက်သည်မှာမပြီးနိုင်မစီးနိုင်၊နောက်နေ့နားညီးသက်သာတော့မည်ဟုတွေးကာသီးခံနေရသည်။သွားမယ့်ညကျ ပိုက်ဆံ၁၀သိန်းတစ်အုပ်ထုတ်ပေး၏၊ ကိုရွှေနိုင်ဝမ်းသာလိုက်သည်မှာပြောဖွယ်မရှိ၊သူလည်းအိမ်မှာမရှိပိုက်ဆံလည်း၁၀သိန်းပေးလေတော့ ထင်သလိုနေလိုက်အုန်းမည်ဟုတွေးနေတုန်း
"ဒါအကုန် ရှင့်ကိုပေးတာမဟုတ်ဘူးနော်ကိုရွှေနိုင်"
"အမ် ပေးတာမဟုတ်ပဲဘာလုပ်တာတုန်း"
"လိုရမယ်ရဆောင်ဖို့ပေးထားတာ၊ ကျမသွားနေတုန်းရှင်နဲ့သားသားနဲ့နေထိုင်မကောင်းဖြစ်ခဲ့ရင်သုံးရအောင်နဲ့တခြားအရေးပေါ်လိုအပ်ရင်သုံးရစွဲရအောင်ပိုပေးထားတာ၊ ဒီထဲကသုံးသမျှကိုသေချာစာရင်းနဲ့မှတ်ထား၊စစ်စစ်စီစီသုံး၊ မလိုတာသုံးထားရှင်၊စာရင်းမပြနိုင်လို့ကတော့ပြန်လာရင်တွေ့မယ်သာမှတ်"
"ငင့်"
တော်တော်ဆိုးဝါး တဲ့မိန်းမ ပိုက်ဆံပေးပြီးမလိုတာမသုံးနဲ့ဆိုတော့ ဒီအတိုင်းကိုင်ထားရမှာလားပဲ ကိုရွှေနိုင်စိတ်ထဲကဒေါသငယ်ထိပ်ရောက်နေပေမယ့်အပြင်မှာမလှုပ်ရဲ ပြန်လဲအတွန့်မတက်ရဲ မရွှေမိကဆရာမပီပီလက်ကမြန်ပါဘိ မတော်ထပြီးခေါက်နေရင်အခက်လေ
ခုတော့မရွှေမိကိုကားဂိတ်ပို့ခဲ့ပြီးအိမ်ပြန်လာလိုက်သည်။အိမ်ထဲမှဝင်ယုံရှိသေးသားသားက "အဖေကြီးသားတို့ခုနေ့လယ်စာဘာနဲ့စားရမှာလဲ"
"ဟ မင်းအမေဘာမှချက်မသွားဘူးလား "
"မချက်ခဲ့ဘူး၊ သားထမင်းဆာနေပြီ အဖေချက်"
အဲ့ဒါမှဒုက္ခ ဒီအချိန်ကြီးကျမှဘာမှလည်းမချက်ချင်မပြုတ်ချင်တော့ဘူး
"လာကွာ ဟင်းသွားဝယ်ကြမယ်"
သားကိုခေါ်ကာကိုရွှေနိုင်ဟင်းဆိုင်သွားလိုက်သည်။ဆိုင်ရောက်တော့
ကိုယ်စားချင်တာရယ်သားစားချင်တာရယ်တွေဝယ်ခဲ့လိုက်သည်။ပိုက်ဆံရှင်းတော့၂သောင်းကျော်တဲ့
ရွှေမိ ဆိုလျှင်တနေကုန်ဟင်းချက်စရာဖိုး၁၅၀၀၀သါသုံးသည်။အခု၂သောင်းကျော်သွားပြီ စာရင်းပြရင်ရွှေမိပွမ်တော့မည်။ဟယ်တတ်နိုင်ဘူးဝယ်ပြီးမှတော့ ဟုတွေးကာအိမ်သို့ပြန်ခဲ့သည်။
အိမ်ရောက် လို့ထမင်းစားကြတော့ ဆိုင်ဟင်းပီသစွာ ဘာမှအစပ်အဟပ်မတည့်စားလို့ကမကောင်း သားသားကဆို "မေမေချက်သလိုလည်းမကောင်းဘူး"ဆိုတဲ့စကားကိုတတွက်တွက်ရွက်နေလေ၏။
ထမင်းစားပြီးခဏနားတော့ရွှေမိကိုသတိရမိသည်။သူအိမ်မှာရှိလျှင်ထမင်းစားပြီးလျှင်အချိုတည်းဖို့သစ်သီးလေးများခွဲစိပ်ပေးတတ်သလို၊ထန်းလျက်ခဲလေး၊သကြားလုံးလေးချပေးတတ်သည်။အခုဘာမှမရှိ
ဟိုတွေးဒီတွေးနှင့်ခဏအိပ်ပျော်သွားသည်။
"အဖေကြီးထလေ သားကိုကျူရှင်လိုက်ပို၊ ပြီးရင်ခုညစာအဖေကြီးချက်ကျွေးနော်သားသားဆိုင်ကဟင်းကြီးမစားချင်ဘူး၊အမေချက်သလိုလည်းမကောင်းဘူး"
"အေးပါကွာ ၊မင်းကတစ်မျိုး"
သားကိုကျူရှင်ပို့ပြီးဟင်းချက်စရာဝယ်ခဲ့ပြီးအိမ်ပြန်ရောက်လို့ထမင်းချက်မယ်လုပ်တော့ ဆန်ကမတွေ့ ၊မီးသွေးလည်းမတွေ့ ၊ရွှေမိဆန်တွေမီးသွေးတွေဘယ်ထားခဲ့ပါလိမ့် ဖုန်းဆက်မေးအုန်းမှပါ။
"ဟလို ရွှေမိ ဆန်တွေ မီးသွေးတွေမတွေ့ဘူး"
"မတွေ့ရင်ကုန်နေလို့ပေါ့ အဲ့တာတွေဝယ်ဖို့ ရှင့်ကိုပိုက်ဆံပေးခဲ့တာ သွားဝယ်လိုက်ပြီးရင်စာရင်းသေချာမှတ်" ပြောပြီးသည်နှင့်ဖုန်းချသွားလေသည်။
"တောက် ဒီမိန်းမ မသွားခင်ကတည်းကကုန်နေတာတွေမပြောခဲ့ပဲနဲ့ ၊ခုတစ်ခေါက်ပြန်ထွက်ရအုန်းမယ်" အပြင်ပြန်ထွက်ခါ ဆန်တစ်အိတ်မီးသွေးတစ်အိတ်ကိုဆိုင်ကယ်ရှေ့နောက် တင်ကာပြန်လာရသည်။အိမ်ရောက်လို့ချက်ပြုတ်ပြီးနားမယ်ကြံလိုက်တော့ သားကိုကြိုဖို့အချိန်ရောက်လေပြီ။
"ဟူး မောပါ့ကွာ အချိန်တွေကလည်းအကုန်မြန်နေချက်"တွေးရင်းဆိုင်ကယ်ထုတ်ကာသားကိုကြိုရပြန်သည်။ ထမင်းစားပြီးတော့ ရွှေမိမွေး ထားတဲ့ခွေး၆ကောင်ကရစ်သီရစ်သီလာလုပ်ပြနေသည်။
"ဟာ ဒီကောင်တွေအတွက်ခွေးစာမကျိုရသေးဘူးပဲဟ"
ရွှေမိရှိရင် ညစာစားပြီးတာနဲ့သူ့ခွေးတွေတန်းကျွေးတာပါ။
"မတတ်နိုင်ဘူးဟေ့ကောင်တွေ ခဏစောင့်ကြအုန်း" မီးပြန်မွှေးပြီးခွေးစာပြန်ကြို ၊ အကျိုကျလို့ပူနေသေးသဖြင့်အအေးခံထားတုန်းမရွှေမိကဖုန်းဆက်လာသည်။
ကိုရွှေနိုင် ခြံတံခါးတွေပိတ်ပြီးပြီလား"
"မပိတ်ရသေးဘူး၊ခွေးမကျွေးရသေးလို့"
"အယ် ဘာလို့မကျွေးတာတုန်း"
"သူတို့အစာကျိုဖို့မေ့သွားလို့ဟေ"
"ရှင်ဟာလေ ရှင့်ဝမ်းစားဖို့ကျမမေ့ဘူးကလေးတွေဆာနေရော့မယ် ဘလာဘလာဘလာ ဘလာ " ဒေါ်ရွှေမိတို့ ဖုန်းထဲကပွားပါလေပြီ။
သီးခံပြီးနားထောင်နေရပါတယ်ဆို အစာစားချင်လို့လာကပ်နေတဲ့အကောင်တွေကဖုန်းထဲကသူတို့သခင်မအသံကြားတော့သံပြိုင်ထအူကြပါလေတော့သည်။
"ဟော တွေ့လား ကလေးတွေက သူတို့ကိုရှင်အစာမကျွေးသေးလို့ကျမကိုဝိုင်းတိုင်နေကြပြီ"တဲ့ ခွေးမေမေကြီးကဘာသာပြန်တွေတော်ချက်
ခွေးကျွေးပြီးနားမယ်ကြံခါရှိသေး
"အဖေကြီး ခြင်တွေတအားကိုက်တယ်"
"အေး ငါ့ကိုလည်းကိုက်တယ်ကွ"
"ကိုက်မှာပေါ့ အဖေကခြင်ဆေးမှမထွန်းတာ၊ အမေဆိုနေမဝင်ခင်ကတည်းကထွန်းထားလို့ ဒီအချိန်ခြင်တစ်ကောင်မှမလာတော့ဘူး"
အရေးထဲအမေချစ်သားကသူ့အမေကိုအမွှမ်းတင်ပြနေသေးသည်။
သားစာကျက်ပြီးတော့သားအဖနှစ်ယောက်အိပ်လိုက်ကြတာ မနက်၇နာရီထိုးကာနီးမှနိုးတော့သည်။ ဒါတောင်သားကနိုးပေလို့သာပါ။
"အဖေကြီး ထ ထ သားတော့ကျောင်းနောက်ကျတော့မယ်၊ထမင်းလည်းမချက်ရသေးဘူး သားဘာစားသွားရမလဲ"
ခါတိုင်းမရွှေမိ မနက်၄နာရီ ကတည်းကထ၍ချက်ပြုတ်ထားသည်ကိုအဆင်သင့်စားရလေ့ရှိသောကြောင့် ဒီနေ့ကိုရွှေနိုင်ဘာကစလုပ်ရမည်မသိတော့
"မထူးဘူးကွာမနက်စာမုန့်ဟင်းခါးဝယ်စားမယ်၊နေ့ခင်းစာထမင်းဝယ်စားမယ်၊ညစာမှချက်စားကြတာပေါ့"
ဗရုတ်သုတ်ခဖြင့်၃ရက်မြောက်လာ၏၊ တစ်အိမ်လုံးလည်းရှုပ်ပွလန်လာလေပြီ၊ မလျှော်ရသေးတဲ့အဝတ်တွေကပုံ ၊အိပ်ရာတွေမွစာကျဲ ၊ကြမ်းပြင်ပေါ်လည်းသဲတရှပ်ရှပ် ၊ဘုရားအိုးပန်းတွေလည်းနွမ်းရိနေလေပြီ။
အော် အိမ်ရှင်မ မရှိသောအိမ် အတော်ဆိုးဝါးတာပါလား
ခုမှ မရွှေမိကိုကိုရွှေနိုင်လွမ်းတော့သည်။ခါတိုင်းဘယ်အချိန်ပြန်လာလာသပ်ရပ်သန့်ရှင်းစိုပြည်နေသောအိမ်ကလေးက ရွှေမိမရှိတဲ့ရက်ပိုင်းနဲ့တင် ခြောက်သွေ့တိတ်ဆိပ်လို့ အလွန်ဆော့သောကြောင်ကလေးပင်ထောင့်လေးမှာခွေလို့ တော်ပြီ ဒီတခါရွှေမိပြန်လာရင် ဘယ်လောက်ပဲပွစိပွစိပြောပြောသီးခံတော့မည်။ သူ့စိတ်သဘောအတိုင်းသာနေမည်ဟုဆုံးဖြတ်ထားလိုက်သည်။ ရွှေမိဆီကလည်းဖုန်းဆက်လာသည်နက်ဖြန်မနက်အစောရထားဖြင့် ပြန်ရောက်မည်ဘူတာလာကြိုပါတဲ့ ဝမ်းသာလိုက်လေခြင်း မနက်အစောကတည်းက ဘူတာသွားမယ် ဆုံးဖြတ်ကာ ဂိမ်းခဏဆော့ပြီးအိပ်လိုက်သည်။
ကိုရွှေနိုင်လန့်နိုး၍နာရီကြည့်လိုက်တော့ မနက်၆နာရီခွဲ ပြီးလေပြီ ကသောကမျောဖုန်းကိုယူကြည့်လိုက်တော့ မရွှေမိဖုန်းခေါ်ထားသည်မှာ၁၂ကောမကရှိလေပြီ ။
သွားပြီ ရွှေမိတော့အကြီးအကျယ်စိတ်ဆိုးနေလောက်ပြီ
ကမန်းကတမ်းဖုန်းပြန်ခေါ်လိုက်တော့ ကြားရပါပြီရှင်ရွှေမိရဲ့အသံ
"ကိုရွှေနိုင် ရှင်ဖုန်းမကိုင်ပဲဘာလုပ်နေလဲ ကျမဖုန်းခေါ်နေတာပျဥ်းမနားရောက်ကတည်းက အခုတောင်ငူရောက်လို့အိုးဝေငှါးစီးလာပြီ အိမ်ရောက်ရင် ရှင်နဲ့ကျမအတွေ့ပဲ"
ဘုရား ဘုရား ရှင်ရွှေမိတော့တနေကုန်ပွမ်တော့မယ်နဲ့တူရဲ့
ထင်သည့်အတိုင်းပါပဲ အိုးဝေပေါ်ကဆင်းကတည်းကဆူလိုက်သည်မှာအကြောင်းအရာပေါင်းစုံ ဒီကြားထဲသေချာတွက်ထားသည့်ကြားကပိုက်ဆံစာရင်းကမကိုက်၊ ထပ်ဆူပြန်၏ ၊
ခွေးတွေပိန်သွားလို့ဆူပြန်၏
သားသားမှာခြင်ကိုက်ဖုတွေတွေ့လို့ဆူပြန်၏
အိမ်ကြီးရှုပ်ပွလို့ဆူပြန်၏
အဝတ်တွေမလျှော်လို့ဆူပြန်၏
သီးခံရွှေနိုင် သီးခံ ဒီပွားမမ မင်းအနားမရှိရင်လည်း မင်းအတွက်လုံးဝအဆင်မပြေဘူးဟု ကိုယ့်ကိုယ်ကိုယ်သတိပေးကာသီးခံနေရသည်
ကိုရွှေနိုင့်စိတ်ထဲတွင်တော့
"မိန်းမဟူသည့်ထိုကိက္ကိသည်မရှိမကောင်း ရှိကောင်း၊မပေါင်းလဲခက်ပေါင်းပဲခက်၏"ဟူသည့်ရှေးလူကြီးများစကားကို ရာနှုန်းပြည့်ထောက်ခံနေမိပါတော့သည်။
ခင် မေ ခ (တောင်ငူ)