လိပ်ပြာရင်ကွဲ

 လိပ်ပြာရင်ကွဲ

-------------------

ကျွန်တော်က ယနေ့ ဆရာအောင်ဝင်းကို မျှော်နေမိသည်။ သူလာလျှင် ကျွန်တော် ကုန်းလေးတန်းဘက်က ရည်လည်အလှူတစ်ခုကို သွားချင်သောကြောင့်ဖြစ်သည်။


ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာလည်း ပြေးကြည့်မှ ဆရာနှစ်ဦးသာရှိသည်။


ယနေ့ အဘယ်ကြောင့် သူကျောင်းပျက်နေရသနည်း။


၁၀ နာရီထိုးလောက်မှ ဆရာအောင်ဝင်းက ရောက်လာသည်။ ကျွန်တော် စာသင်နေသော စတုတ္ထတန်းကို ဝင်လာပြီး


“ဆရာကြီး ရေ ... ကျွန်တော့်မိန်းမ ခင်မိတော့ ဆုံးသွားပြီဗျာ” ဟု ငိုသံပါကြီးနှင့် လာပြောသည်။


“ဟာ”


ကျွန်တော်က ဟာတစ်လုံးသာ ပြောနိုင်ပြီး ငိုင်နေမိသည်။ ကလေးတွေကလည်း မျက်လုံးလေးတွေအပြူး သားနှင့် သူတို့ဆရာကို ကြည့်နေကြသည်။


“လာ ကိုအောင်ဝင်း ... ရုံးခန်းထဲ သွားကြရအောင်”


ကျွန်တော်က သူ့ကို ရုံးခန်းထဲခေါ်သွားပြီး


“ဘယ်လိုဖြစ်လို့လဲ ကိုအောင်ဝင်းရယ် ပြောပါဦး”


“သမီးလေးကို မွေးပြီးကတည်းက မမာတာဆရာကြီး။ အဲဒါ မြို့က ဆေးရုံကို ပို့မလို့၊ ပို့မလို့နဲ့ ကျောင်းပိတ်မှပဲ သွားတော့မယ်လေလို့ စီစဉ်ထားတာ။ ဒီမနက် အစောကြီး တက်နေတာဆရာကြီး။ သတိရတော့လည်း ကယောင်ကတမ်းတွေပြောနေတာ။ ဆေးမှူးလေးကို သွားခေါ်နေတုန်း ဆုံးသွားတာပဲဆရာကြီးရယ်”

“အေးဗျာ ... စိတ်မကောင်းလိုက်တာ။ သွား ... သွား ... အိမ်ပြန်လိုက်။ စီစဉ်စရာရှိတာ စီစဉ်။ ကျွန်တော် နေ့ခင်း ကျောင်းဆင်းမှပဲ လာတော့မယ်”


ခင်မိသည် ဇရပ်ကလေးရွာသူဖြစ်သည်။ ဆရာကိုအောင်ဝင်းက သနပ်ပင်ရွာသားဖြစ်ပြီး ဤရွာကို တာဝန်ကျ လာသည်မှာ သုံးနှစ်ခန့်အကြာတွင် မခင်မိနှင့် အကြောင်းပါသည်။ နောက်တော့ ကိုအောင်ဝင်းလည်း ဇရပ်ကလေးရွာသားတစ်ယောက်ဖြစ်သွားရတော့သည်။


သူတို့တွင် သမီးဦးလေးတစ်ယောက်မွေးစဉ်က ကိုအောင်ဝင်း အတော်လေး အဖြစ်သည်းသည်ဟု ဆိုရမည်။ ကျောင်းကို နောက်မကျစဖူး နောက်ကျသည်။ ကျောင်းလွှတ်သည်နှင့်လည်း ပြန်ပြေးတတ်သည်။


“သမီးလေးက ချောင်းဆိုးချင်နေလို့”


“သမီးလေးက ဖျားချင်သလိုလိုနဲ့”


သူ့ပါးစပ်ဖျားတွင် သမီးဆိုသည့် အခေါ်ကိုစကားပြောတိုင်းထည့်ပြောလောက်အောင်ပင် ချစ်ရှာသည်။


ယခုတော့ သူ့သမီးလေးနှင့်သူ့ကို မခင်မိက ထားသွားလေပြီ။


အသုဘချသည့်နေ့တွင် ကျောင်းနေ့ဝက်လွှတ်ပေးလိုက်ရသည်။ ကျွန်တော်က အသုဘအိမ်ကို ရောက်လာသည်။ မခင်မိ၏ အမေဖြစ်သူက ကျွန်တော့်ဆီကို ပြေးလာပြီး


“ဆရာကြီး လုပ်ပါဦးရှင့်”


“ဘာများလဲ ဒေါ်ကြွေ”


“ကလေးနဲ့ သူ့အမေကို လိပ်ပြာခွဲရမယ်လေ။ အဲဒါကို ဆရာအောင်ဝင်းက သူ့သမီးနဲ့ သူ့အမေ လိပ်ပြာခွဲတာကို လက်မခံဘူး။ လုပ်တဲ့လူ ဓားနဲ့ခုတ်မယ်ဆိုလို့ လုပ်ပါဦးဆရာကြီးရယ်”


အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်လည်း လိပ်ပြာခွဲသည်ဆိုခြင်းကို သိပ်နားမလည်ပါ။ သို့သော် ကျွန်တော်က ကိုအောင်ဝင်းအနားကို သွားလိုက်ပြီး


“ဆရာ ဘာဖြစ်သလဲ” ဟု မေးလိုက်မိသည်။


“ဆရာကြီး ကျွန်တော့် မိန်းမနဲ့ သမီးလေးကို လိပ်ပြာခွဲကြမလို့တဲ့ဗျာ။ ဘယ့်နှယ် သူ့ဘာသူ သေတဲ့သူက သေပြီပဲ။ ဘာဖြစ်လို့ အဲဒါတွေ လုပ်ကြမှာလဲ”


သူ့ယောက္ခမက ဝင်ပြောသည်


“ဟဲ့ ... ကလေးကျန်းမာရေးအတွက် ပြောရတာ။ ကလေးနဲ့ သေသွားတဲ့ သူ့အမေက လိပ်ပြာချင်း ဆက်စပ် နေတာ။ အဲဒါကို မခွဲဘူးဆိုရင် နင့်ကလေး ဘယ်လိုလုပ်ပြီး ကျန်းမာတော့မှာလဲ”


“ဘာဖြစ်ဖြစ်ဗျ။ ကျွန်တော် သဘောမတူဘူး။ သူ့သမီးနဲ့သူ့အမေကို မခွဲရဘူး။ ခွဲတဲ့လူ ကျုပ်ကတော့ ဓားနဲ့ အခုတ်ပဲ” ဟုပြောနေသည်။


နောက်ဆုံးတွင် အသုဘချချိန်ကလည်း နီးလာပြီး၊ ဘုန်းကြီးတွေကလည်း ကြွလာသဖြင့် အိမ်တွင် တရားနာကြသည်။ ထို့နောက် အသုဘချကြသည်။ ရွာထိပ်ရှိ သုသာန်သို့ လှည်းဖြင့် အခေါင်းကိုဆွဲကာ ပို့ကြသည်။ သုသာန်တွင်လည်း လိပ်ပြာခွဲခြင်း ပြဿနာကို အတော်လေးအော်ဟစ် ငြင်းခုန်ကြပြီး နောက်ဆုံးတွင် အလောင်းကို မြေမြှုပ်လိုက်ကြရတော့သည်။


ကလေးကို အိမ်တွင်မထားရက်နိုင်သည့် ကိုအောင်ဝင်းမှ ကျောင်းကို ခေါ်လာပြီး ထိန်းသေးသည်။ သို့သော် လသားလောက်သာ ရှိသေးသည့် ကလေးကို ကျောင်းခေါ်လာခြင်းမှ မည်သို့ အဆင်ပြေနိုင်ပါမည်နည်း။ နောက်ဆုံးတွင် ယောက္ခမတွေနှင့် ကလေးကိုအပ်ပြီး ကျောင်းကိုလာသော်လည်း သူ့မှာ လည်တဆန့်ဆန့်နှင့် စိတ်မဖြောင့်နိုင်လောက်အောင်ဖြစ်နေရှာသည်။


ကလေးသည် မိခင်နို့နှင့် မကြီးပြင်းရပဲ နို့ဘူးနှင့် မွေးရတော့သည်။ ကလေး၏ ကျန်းမာရေးမှာလည်း သိသိ သာသာကြီးကို ဆိုးလာသည်။ ကလေးမှာ ပိန်ချုံးသွားပြီး ငိုသံကိုပင် ထွက်နိုင်ရန် အင်အားမရှိတော့ပေ။


ကိုအောင်ဝင်း ယောက္ခမတွေကတော့ သူ့ကို အပြစ်တင်သည်။ အဓိက ပြဿနာမှာ လိပ်ပြာမခွဲသည့် ပြဿနာကို ခေါင်းစဉ်တပ်ပြီး အပြစ်တင်ကြသည်။ ရွာထဲကလည်း


“သူ့အမေက သူ့သမီးကို စိတ်စွဲနေတာ ... ခေါ်ချင်လို့နေမှာ” ဟု ပြောလာကြသည်။


ကျွန်တော်ကလည်း တစ်နေ့တွင် ကိုအောင်ဝင်းအား


“ဆရာ ... ကျွန်တော် တစ်ခုလောက် ပြောပါရစေ”


“ပြောပါဆရာကြီး”


“ကလေးအတွက် တစ်ခုခု လုပ်မှဖြစ်တော့မယ်ထင်တယ်”


“ဘာများလဲဆရာကြီး”


“အရပ်ထဲက ပြောနေသလို လိပ်ပြာခွဲတာ လုပ်ပေးလိုက်ပါဗျာ။ ဘာပြောပြော ကလေးအတွက်ပါ။ သေသူနဲ့ ရှင်သူကို ချိန်ဆရင် ရှင်သူဘက်ကိုပဲ ကျွန်တော်တို့ ကြည့်သင့်တယ်မဟုတ်လား။ သေသူကတော့ သေသွားပြီလေ။ ပြန်ရှင်နိုင်တော့မှာမှ မဟုတ်တာ။ ကျွန်တော်တို့ ကလေးအတွက် တစ်ခုခု လုပ်ပေးသင့်တယ် ထင်ပါတယ်”


“ဆရာကြီးရယ် ... ဆရာကြီးပဲ ကောင်းသလို ကြည့်လုပ်ပေးပါတော့ ကျွန်တော်တော့ သမီးလေးကိုကြည့်ပြီး မခံစားနိုင်တော့ဘူး”


သူက ခွင့်ပေးသော်လည်း ကျွန်တော်က ဘာမျှ နားလည်သူမဟုတ်။ ထို့ကြောင့် သူ့ယောက္ခမကို သွားပြောပြီး ကလေးကို လိပ်ပြာခွဲရန် စီစဉ်ကြရပါတော့သည်။


ထိုနေ့ကား ကျောင်းပိတ်ရက်ဖြစ်သည်။


ကျွန်တော်လည်း လိပ်ပြာခွဲပွဲကို မမြင်ဖူးသဖြင့်ကြည့်ချင်သည်။


ရွာထဲတွင် ထိုကိစ္စများကို လိုက်လုပ်ပေးသည့် ဒေါ်ပုဆိုသူတစ်ဦးရှိသည်။ ဒေါ်ပုသည် နတ်ဝင်သည် တစ်ဦးလည်း ဖြစ်သည်။ သူက နတ်ပူးကာဟောပြောတတ်သည်။


ကလေးကို အနှီးနှင့် ပတ်ပြီး ဖျာလေးတစ်ချပ်ပေါ် တင်ထားသည်။ မခင်မိ၏ ဓာတ်ပုံကို ထောင်ထားပြီး ထိုဓာတ်ပုံရှေ့တွင် ကောက်ညှင်းဆီထမင်းတစ်ပွဲကို အုန်းသီးတွေဖြူးပြီး ချထားသည်။ မခင်မိကြိုက်တတ်သည့် အစားအစာဖြစ်သည်ဟု ဆိုသည်။


ကလေးဘေးနားတွင် လင်ပန်းတစ်ချပ်ချထားသည်။ လင်ပန်းထဲတွင် ငှက်ပျောသီး နှစ်လုံးကို ညှပ်နှင့် ကင်ထားပြီး ထည့်ထားသည်။ ထိုလင်ပန်းထဲတွင် ကွမ်း၊ ဆေး၊ လက်ဖက်တို့ကိုလည်း ပြင်ထားသေးသည်။


ဒေါ်ပုက ငှက်ပျောသီးကို ညှပ်မှတစ်လုံးထုတ်လိုက်ပြီး အခွံကို ခွာသည်။ ထို့နောက် ကလေး ပါးစပ်ထဲကို နည်းနည်း သွားခွံ့သည်။ ထိုအလုံးကို ချထားလိုက်ပြီး နောက်တစ်လုံးကို ထပ်ခွာပြန်သည်။ ထိုခွာထားသော အလုံးကို မခင်မိဓာတ်ပုံရှေ့တွင် သွားချပြီး


“ခင်မိရေ နားထောင်ကွယ့် ... ဒီနေ့ကစပြီး နင့်သမီးနဲ့ နင် ဘာမှ မဆိုင်တော့ဘူး သိလား။ နင်လည်း ကလေးအတွက် ဘာမှ လုပ်ပေးနိုင်တာမှ မဟုတ်တာကွယ်။ သူ့အဖေ စောင့်ရှောက်ပါလိမ့်မယ်။ သူတာဝန် ယူပါတယ်တဲ့။ နောက်အိမ်ထောင်လည်း မပြုပါဘူးတဲ့။ သမီးလေးကို သူစောင့်ရှောက်ပါ့မယ်တဲ့။ ကဲ နင်လည်း သွားတော့ ... သွားတော့ ... သွားပါတော့။ ကလေးကို သူ့အဖေကို ပေးလိုက်ပါကွယ်” ဟု ပြောလိုက်သည်။


ထိုအချိန်မှ ကျွန်တော့်ဘေးတွင် ထိုင်နေသော ကိုအောင်ဝင်းမှာ


“ဟီး ... ဟီး ... ဟီး” ဟု ငိုပါလေတော့သည်။


ဒေါ်ပုက ကလေးဘေးတွင် ချထားသည့် ကြေးချိန်ခွင်ကို ယူလိုက်ပြီး ကလေး အင်္ကျီလေး တစ်ထည်ကို ထည့်လိုက်သည်။ ထို့နောက် အခြားတစ်ဖက်တွင် လဲမှို့တွေကို ထိုအင်္ကျီနှင့် အလေးချိန် ညီမျှ အောင်ထည့်ပြီး ချိန်ဆသည်၊ အလေးချိန် ညီပြီဆိုမှ


“ကဲ ... ခင်မိ နင် ကောင်းရာမွန်ရာကို စိတ်ဖြောင့်ဖြောင့်သွား ... သိလား။ သမီးလေးကို သူ့အဖေကို ပေးတယ်ဆိုရင် ဒီမှာပြကွယ့်” ဟုပြောကာ အလေးချိန် အညီအမျှ ထည့်ထားသေ ချိန်ခွင်လေးကို မြှောက်ကိုင်လိုက်သည်။ ချိန်ခွင်လေး၏လျှာကို ငြိမ်စေရန် လက်နှင့် ထိန်းထားပြီးမှ လွှတ်လိုက်ရာ ချိန်ခွင်လျှာသည် ကလေး အင်္ကျီထည့် ထားသည့် ဘက်ကို ထွက်သွားသည်နှင့် ဒေါပုက


“ကဲ ... ပိုင်ပြီ ... ကလေးကို သူ့အဖေပိုင်ပြီ” ဟု အော်ပြီး ကလေးအင်္ကျီကို ဆွဲထုတ်လိုက်သည်။


ဤတွင် လိပ်ပြာခွဲပွဲပြီးသည်။


ကျွန်တော့်မှာ မြင်တွေ့လိုက်ရသည့် ဗဟုသုတတစ်ခုကို လေ့လာသော်လည်း ယုံကြည်မှုကား သိပ်မရှိလှပေ။ ငိုနေသော ကိုအောင်ဝင်းလက်ထဲကို ဒေါ်ပုက ကလေးအားကောက်ပွေ့ကာ ထည့်လိုက်ပြီး


“ဒီနေ့ကစပြီး ကလေးကို ဆရာပိုင်ပြီ” ဟု ထပ်ပြောသည်။


ယုံရခက်၊ မယုံရခက်ပင်။ ထိုနေ့ကစပြီး ကလေးသည် ကျန်းမာရေး တဖြည်းဖြည်း ကောင်းလာသည်။


ကိုအောင်ဝင်းကား ကတိတည်သူဖြစ်သည်။ နောက်ထပ်အိမ်ထောင်ပြုခြင်းမရှိ။


သူ့သမီးလေး ကြည်ကြည်မာသည်ကား ယခု ကျောင်းဆရာမကြီးဖြစ်နေပြီ။


တင်ညွန့်


၁၅.၇.၂၀၂၄

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား