ပူမှုရယ်တဲ့ ဆယ်ကုဋေ”(စ/ဆုံး)

 ”ပူမှုရယ်တဲ့ ဆယ်ကုဋေ”(စ/ဆုံး)


——————————-


မေဦး စီးလာတဲ့ကားက လမ်းမကြီးပေါ်မှာ တရိပ်ရိပ် ပြေးနေတယ်။နယ်မပြန်ရတာ ကြာပြီမို့ မိဘတွေနဲ့ တွေ့ရတော့မယ့်အရေး တွေးပြီး ညက ကောင်းကောင်းအိပ်မပျော်။ ကားပေါ်ကျမှ ဇိမ်နဲ့ မှေးလိုက်ဦးမယ် ဆိုတဲ့အတွေးကလည်း ဘေးထိုင်ခုံက ဦးလေးကြီးကြောင့် ကြက်ပျောက် ငှက်ပျောက် ဖြစ်ရတယ်။

မေဦးဘေးထိုင်ခုံမှာက ဦးလေးကြီးတစ်ယောက် ဂိတ်စထွက်ကတည်းက ပါလာတယ်။ကားက ရန်ကုန် ၊ ပြည် လမ်းကြောပေါ်ကို ရောက်လာတဲ့ အချိန်လောက်မှာတော့ ဦးလေးကြီးက သူ့ဘေး လွယ်အိတ်ထဲကနေ ခလုတ်ဖုန်းလေးကို ထုတ်ပြီး ဆက်နေတာ မြင်ရတယ်။

”လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ လက်ကျန်ငွေ လျော့နည်းနေပါသဖြင့် ခေါ်ဆို၍ မရနိူင်ပါရှင်”

ဖုန်းထဲက တုံ့ပြန်တဲ့ အသံကြောင့် ဦးလေးကြီး စိတ်ပျက်သွားတယ်။


”ဟာကွာ …အရေးထဲကျမှ ဒီဖုန်းက ဘေမရှိပြန်ဘူး”


ဦးလေးကြီးက ကားပေါက်ဝမှာ ခရီးသည် စောင့်ခေါ်နေတဲ့ စပယ်ယာကို အသံမြှင့်ပြီး လှမ်းပြောလိုက်တယ်။


“ညီလေး…ဖုန်းဆိုင်လေးတွေ့ရင်..အစ်ကို့ကို တယ်လီနော့ ဖုန်းဘေလ် တစ်ထောင်တန် တစ်ကဒ်လောက် ဝယ်ပေးပါကွာ”

စပယ်ယာကလည်း

”ဟုတ်ကဲ့ အစ်ကို ဆိုင်တွေ့ရင်ဝယ်ပေးပါ့မယ်”လို့ ပြန်ပြောသံ ကြားရတယ်။


တအောင့်လောက်နေတော့…စပယ်ယာကို လှမ်းပြောပြန်တယ်။ ခက်တာက ကားရပ်တဲ့နေရာက ဖုန်းဆိုင်မရှိပြန်ဘူး။

ဦးလေးကြီးက လက်က နာရီကို ကြည့်လိုက် လမ်းဘေး ဈေးဆိုင်တွေဆီ ကြည့်လိုက်နဲ့

ဖင်တကြွကြွဖြစ်နေတယ်။ စပယ်ယာကိုလှမ်းခေါ်နေပြန်တယ်။


“အစ်ကို တကယ်အရေးတကြီးဖြစ်နေလို့ပါ..တယ်လီနော့တစ်ထောင်ကဒ်လေးဝယ်ပေးပါနော်”


ခရီးသည်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် တက်လာနေတော့ စပယ်ယာကလည်း မဝယ်ပေးအားဘူး

ထင်ပါတယ်။


“အရမ်းအရေးကြီးနေပြီ…အချိန်မီ ဖုန်းဆက်မှဖြစ်တော့မယ်….ဖုန်းဆိုင်တွေ့ရင် ရပ်သာပေးပါကွာ”

ဦးလေးကြီးရဲ့ စိတ်မသက်မသာနဲ့ ကားစပယ်ယာကို လှမ်းပြောလိုက်တဲ့ အသံကို ကြားပြီး ကားပေါ်က ခရီးသည်တွေကလည်း ဦးလေးကြီးကို ကွက်ကြည့် ကွက်ကြည့်နဲ့။

မေဦး ဦးလေးကြီးရဲ့ မျက်နှာကို အသာအကဲခတ် ကြည့်လိုက်တော့ စိုးရိမ်ပူပန်နေပုံကအထင်းသား။

ပြိုတော့မယ့် မိုးလို အုံ့မှိုင်းလို့။


‘ကိစ္စ များမြောင် လူတို့ဘောင်’တဲ့။ဘယ်လို အရေးကြီးတဲ့ အကြောင်းကိစ္စများ ရှိနေလို့ ဖုန်းဆက်ဖို့ ကိစ္စကို သေရေးရှင်ရေးတမျှ အရေးကြီးနေရ ရှာပါလိမ့်။ဦးလေးကြီးကို ငေးကြည့်ပြီး မေဦး သနားစိတ်တွေ ယိုဖိတ်လာမိတယ်။

မေဦးလည်း လူထဲက လူတစ်ယောက်မို့ ကိုယ့်ဘေးနားကလူ အရေးတကြီး ဒုက္ခရောက်နေတာကို ဒီအတိုင်းကြည့်မနေနိူင်တော့ပါ။

ဒါ့ကြောင့် ‘ငါကူညီမှ ဖြစ်တော့မယ် ‘ဆိုတဲ့ အတွေးနဲ့ ပိုက်ဆံအိတ်ထဲက ဖုန်းလေးကို ထုတ်ပြီး ဦးလေးကြီးကို ကမ်းပေးလိုက်တယ်။

ပထမတော့ ကြောင်ကြည့်နေသေးတယ်။

နောက်မှ သဘောပေါက်ပြီး မျက်နှာဝင်းကနဲ ဖြစ်သွားရင်းက ဖုန်းလေးကို ဝမ်းသာအားရ

လှမ်းယူရှာတယ်။

”ကျေးဇူးတင်လိုက်တာ သမီးရယ်”

”ရပါတယ် ဦးလေးရာ ခရီးဖော်အချင်းချင်းပဲ ဒီလောက်လေး ကူညီရတာ အပန်းမကြီးပါဘူး”


လူတစ်ယောက်ရဲ့ အခက်အခဲကို မထင်မှတ်ဘဲ ကူညီခွင့်ရတာမို့ မေဦးလည်း ကြည်နူးဝမ်းသာနေတာပါ။ကားပေါ်က ခရီးသည်တွေက မေဦးရဲ့ ကူညီမှုကို အသိအမှတ်ပြုကြတဲ့အနေနဲ့ ပြုံးပြီးကြည့်နေကြလေရဲ့။သူတို့လည်း မေဦးလိုပဲ လူတစ်ယောက်ရဲ့ အခက်အခဲကို စာနာနားလည်မိကြမှာပဲ။


ဖုန်းလည်းရရော…ဦးလေးကြီးက အလွတ်ရနေတဲ့ နံပါတ်တစ်ခုကို ကမန်းကတန်းကောက်ခေါ်လိုက်တယ်။

မေဦးလည်း ဦးလေးကြီးရဲ့ အရေးကြီးကိစ္စကို သိချင်စိတ်နဲ့ အသာနားစွင့်နေမိတယ်။မေဦးလိုပဲ ခရီးသည်တွေကလည်း အသာငြိမ်ပြီး နားစွင့်နေကြလေရဲ့။

ဦးလေးကြီးရဲ့ ဖုန်းဆက်သံက

မေဦးတို့ စီးနေတဲ့ ကားပေါ်မှာ ဟိန်းထွက်သွားတယ်။


“ဟယ်လို ကျော်ကြီးလား ..ငါပါ…ဘတင့် ပါဟ… ထိုးလို့ အချိန်မီသေးလား။ အေး…အေး ရသေးရင်

၄၃၇ ကို ဒဲ့ ၁၀၀၀ဖိုး၊ အာ ၅၀၀ဖိုးစီ၊ ၄၅၀ ကို

ဒဲ့ ၅၀၀ ဖိုး အာ ၂၀၀ ဖိုးစီ ထည့်ထားပေးပါ။ ငါ အခု ခရီးသွားနေလို့ ပြန်လာမှ ပေးမယ်နော်။ တော်သေးတယ် ဟိတ်ကောင်ရေ ဒီနေ့ ထွက်မှာဆိုတော့ အချိန်မီ မထိုးလိုက်ရမှာ စိုးရိမ်ပြီး ငါ့မှာ ဇောချွေးတွေကို ပြန်နေတာပဲ”


သူထူးအိမ်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား