ရှင်းစရာမလိုအောင်ရှင်းပေးသူ

 ရှင်းစရာမလိုအောင်ရှင်းပေးသူ(စ/ဆုံး)

————————–

“ဆရာကြီး—- ဆရာကြီးအတွက် ဦးရှိန်နဲ့ဒေါ်သင်းခိုင်တို့က လက်ဖက်ရည်ဆိုင်သစ်ဖွင့်ပွဲမို့ လက်ဖက်ရည်နဲ့မုန့် ပို့ခိုင်းလို့ပါ”

နံနက်ဝေလီဝေလင်းအချိန်မို့ အိပ်ရာနိုးနေသော်လည်း အိပ်ရာပေါ်မှာ မှိန်းနေသည့်အချိန်မှာ အိမ်ရှေ့ကနေ ကလေးတစ်ယောက်က ကျွန်တော့်ကိုခေါ်၍ အကျိုးအကြောင်းပြောပြနေခြင်းဖြစ်သည်။ ထို့ကြောင့် တူတော်မောင်ကို အိပ်ရာနှိုးရသည်။ တူတော်မောင်သည် တံခါးပေါက်ကိုဖွင့်ကာ အိမ်ရှေ့ကိုထွက်ယူသည်။ ထို့နောက် ကျွန်တော်လည်း အိပ်ရာထသည်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် လက်ဖက်ရည်ဆိုင်သစ်ဖွင့်ပွဲက လာပို့ပေးသည့် အီကြာကွေးနှင့် စမူဆာကို တူဝရီးနှစ်ယောက်အတူစားသည်။ လက်ဖက်ရည်လည်း တစ်ဝက်စီ ခွဲသောက်ကြသည်။ ပူပူနွေးနွေးမို့ စားလို့သောက်လို့ကောင်းသည်။ အထူးသဖြင့် လက်ဖက်ရည်ဖျော်ထားတာလေးက အတော်ချက်တဲ့လှသည်။ လက်ဖက်ရည်အရသာကို သဘောကျမိသောကြောင့် အဆင်ပြေသည့်တစ်နေ့မှာ သွားရောက်ဝယ်သောက်ဖို့ အားခဲထားလိုက်သည်။ လက်ဖက်ရည်ဆိုင်သစ်ဖွင့်သည့် ထိုနေ့မှာ ( ၁၁-၃-၂၀၂၄) ဖြစ်ပါ၏။ ဆိုင်သစ်ဖွင့်ပွဲဟူသည် မိတ်ဆက်ခြင်းပင်ဖြစ်သည်။ ဆိုင်ဖွင့်သည့်နေရာနှင့် ရောင်းချပေးမည့်အခြေအနေကို အများသူငါ သိရှိစေရန်ဖြစ်သည်။

၁-၄-၂၀၂၄ နံနက်စာစားပြီးချိန်တွင် စာပေဆုများရှင်ဆရာကြီးဇော်လွင်ဦး (ဟင်္သါတ) အလည်ရောက်လာသည်။ စာပေဆုလာယူရင်း ကျွန်တော်နှင့်တွေ့ရအောင် တကူးတက လာရောက်တွေ့ဆုံခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် လက်ဖက်ရည်ဆိုင်ကိုသွားဖို့ ကျွန်တော်တို့နှစ်ဦး သဘောတူကြသည်။ “ဆရာရှေ့က သွားနှင့်၊ ကျွန်တော် နောက်က ဖြည်းဖြည်းလိုက်ခဲ့မယ်”ဟု ဆရာက ဆို၍ ကျွန်တော်က ရှေ့ကထွက်နှင့်သည်။ ကိုရှိန်+မသင်းခိုင်တို့ဆိုင်ကို ရှေ့ရှုလျက် ကျွန်တော်ချီတက်သည်။ ခရီးတစ်ဝက်လောက်ရောက်သောအခါ ဆရာပါမလာ၍ ဘီးတပ်ကုလားထိုင်ကိုရပ်ကာ စောင့်နေစဥ် ဆရာထွက်ပေါ်လာသည်။ စက်သုံးဆီအရောင်းဆိုင်ဘက်က ထွက်လာခြင်းဖြစ်သည်။

“ဆရာနောက်က ပါမလာလို့ စောင့်နေတာ”

ကျွန်တော်က ဆရာ့ကိုပြောသည်။

“သူများဆိုင်ကယ် ငှားလာတာမို့ ဆီဝယ်ထည့်နေတာ၊ ဆီအပြည့် ဝယ်ထည့်ပေးလိုက်တယ်”

ဆရာက အကျိုးအကြောင်းပြောပြသည်။

“လေးစားလိုက်တာဆရာရယ်၊ ကဲ သွားကြစို့”

ကျွန်တော်သည် ဆရာ့ကိုပြောရင်း ရှေ့ကထွက်လာခဲ့သည်။ ဒီကိုရောက်ဖို့ ဒီဆိုင်ကယ်စီးလာရခြင်းဖြစ်ရာ ဆိုင်ကယ်ပိုင်ရှင်၏ကျေးဇူးကို သိရပေမည်။ နောက်တစ်ခါ ပြန်လည်ဆုံခြင်း မဆုံခြင်းထက် ယခုဆုံရခြင်းအပေါ် မေတ္တာပျက်မသွားဖို့ လိုအပ်သည်မဟုတ်လား။

ကွန်ပျူတာမိတ္တူဆိုင်ရှေ့ကို ရောက်သောအခါ ဆိုင်ပိုင်ရှင် ကိုကျော်လတ်ပါ ကျွန်တော်တို့နှင့် လိုက်ပါလာသည်။ သည်နေ့ ကျွန်တော့်အလိုအတိုင်းဆို သည်ဘက်ကို ရောက်လာစရာအကြောင်းမရှိပါ။ ဆရာကြီးဇော်လွင်ဦးရောက်လာ၍ ထွက်လာခဲ့ခြင်းဖြစ်ရာ ယခုအခါ ကိုကျော်လတ်ပါ တိုးလာ၍ ပျော်စရာကောင်းလှသည်။ မူလက တစ်ယောက်တည်းဖြစ်သော်လည်း ဘဝလမ်းခရီးမှာ အကျိုးတူပူးပေါင်းစိတ်ရှိသူများနှင့် အဖော်အပေါင်းဖြစ်ကာ စုဖွဲ့မိသွားလေ့ရှိပါ၏။

“ဆရာကြီးလာတယ်ဟေ့”

ဆိုင်ရှေ့ကိုရောက်သည်နှင့် မသင်းခိုင်က အပြုံးပန်းများဝေဆာစွာ ဆီးကြိုသည်။ မသင်းခိုင်၏စကားကြောင့် ထိုင်နေကြသူအချို့မှာ ဘီးတပ်ကုလားထိုင် ဝင်၍ရအောင် နေရာရှင်းပေးကြသည်။ ဘီးတပ်ကုလားထိုင်သည် ဆိုင်ထဲကိုဝင်ဖို့ အဆင်မပြေပါ။

“ကျွန်တော် နောက်ကမ,ပေးမယ်ဆရာ”

ဆရာကြီးဇော်လွင်ဦးက ပြောသည်။

“ကျွန်တော် ဘေးကမ,ပေးမယ်ဆရာကြီး”

ကိုကျော်လတ်ကပြောသည်။

“ကျွန်မက ဒီးဘက်ဘေးက မ,ပေးမယ်ဆရာကြီး”

ဒေါ်မေဆွိကပြောသည်။ ဤသို့ဖြင့် ဘီးတပ်ကုလားထိုင်နှင့်ကျွန်တော်သည် ဆိုင်အတွင်းကို အထစ်အငေါ့မရှိ ရောက်ရှိသွားလေသည်။ အင်အားကို မေတ္တာနှင့်ပေါင်းစပ်သောအခါ အတားအဆီးဟူသည် အခက်အခဲမဟုတ်တော့ပေ။ စားပွဲမှာ နေရာယူပြီးနောက် လိုအပ်ရာကို မှာကြသည်။ ကြုံတုန်းဆုံတုန်းမှာ ကျွန်တော်နှင့်ဆရာကြီးသည် စကားလက်ဆုံကျနေသည်။ ဟင်္သါတနှင့် ပျဥ်းမနားတို့ သည်လိုဆုံဖြစ်ဖို့မလွယ်။ ဟင်္သါတထွန်းရင်နှင့် ပျဥ်းမနားမြင့်လှိုင်တို့ ဆုံတွေ့ခင်မင်ခဲ့ခြင်း ရှိမရှိဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော်တို့နှစ်ယောက်ကတော့ လက်တွေ့ခင်မင် သံယောဇဥ်ဖြစ် အစဥ်ဆုံတွေ့လိုကြသည်။ ဤဆရာကြီး စာပေဆုကြီးတွေ မကြာခဏရပါစေ။

“ဆရာကြီးကို သမီးခွံ့ကျွေးမယ်”

တပည့်ဖြစ်သူ မချစ်စုဝေသည် လက်ဖက်ရည်နှင့်မုန့်ပွဲများကို စားပွဲပေါ်မှာ ချရင်းပြောသည်။ သူသည် အဋ္ဌမတန်းကျောင်းသူလေးဖြစ်သည်။ လိမ္မာပြီး ရိုးသားကြိုးစားသည့် တပည့်လေးဖြစ်သည်။ ဦးရှိန်+ဒေါ်သင်းခိုင်တို့၏သမီးလေးဖြစ်သည်။ ကိုယ်တိုင်ယူမစားနိုင်သည့် ကျွန်တော့်အတွက် အလိုက်သိသည့်ဝန်းကျင်ကြောင့် ရှင်သန်ဖွံ့ဖြိုးခွင့် ရနေဆဲဖြစ်သည်။

“ကောင်းတာပေါ့သမီးရယ်”

လိမ္မာသည့်အပြင် အလိုက်သိမှုလေးပါရှိသောအခါ ကြည်နူးဝမ်းမြောက်စရာ ကောင်းလှသည်။

“စမူဆာနဲ့အီကြာကွေး ဘယ်ဟာအရင်စားမလဲဆရာကြီး”

“အသီးအရွက်ပါတဲ့ စမူဆာစားမယ်”

“ဟုတ်ကဲ့ဆရာကြီး”

မချစ်စုဝေသည် မုန့်တစ်ခုခွံ့ကျွေးသည်။

“လက်ဖက်ရည်တိုက်အုံးသမီး”

မုန့်တစ်ခုစားပြီးနောက် လက်ဖက်ရည်သောက် သည်။ လက်ဖက်ရည်မှာ ဆိုင်ဖွင့်ပွဲနေ့က လက်ရာအတိုင်းမို့ သောက်လို့ကောင်းသည်။

“အီကြာကွေး စားအုံးမလားဆရာကြီး”

“ဗိုက်ပြည့်ပြီသမီး”

“ဆရာကြီးကလည်း မုန့်တစ်ခုပဲစားရသေးတယ်လေ”

“အိမ်ကထမင်းနည်းနည်း စားခဲ့သေးတယ်သမီး၊ ဗိုက်ပြည့်သွားပြီ၊ ကျေးဇူးတင်ပါတယ်သမီး၊ ကျန်းမာချမ်းသာပါစေ”

ကျွန်တော်တို့စားပွဲတွင်ရှိသူအားလုံး စားသောက်၍ပြီးသောအခါ ကျွန်တော်က ပိုက်ဆံရှင်းမည်ဟု ပြောလိုက်သည်။

“ကျွန်တော်ရှင်းပါ့မယ်ဆရာ”

ဆရာကြီးဇော်လွင်ဦးက ပြောသည်။

“မလုပ်ပါနဲ့ဆရာရယ်၊ ကျွန်တော်ရှင်းမှာပေါ့”

ကိုကျော်လတ်က ပြောရင်းဆိုရင်း ပိုက်ဆံအိတ်ကိုဖွင့်သည်။

“ဆရာကြီးတို့စားပွဲအတွက် ဘယ်သူမှမရှင်းရပါဘူး၊ ပိုက်ဆံမယူပါဘူး၊ ဆိုင်အထိ ဆရာကြီးတို့ ရောက်လာပေးလို့ ဝမ်းသာနေမိတာပါ၊ နောက်လည်း အခုလို လာခဲ့ပါအုံးနော်ဆရာကြီး”

ဒေါ်သင်းခိုင်သည် လက်ဖက်ရည်ဖျော်သည့်နေရာက ထွက်လာပြီးပြောသည်။ ကျွန်တော်တို့သုံးယောက်စလုံး ဘာတတ်နိုင်မည်နည်း။

“ကျေးဇူးတင်ပါတယ်ဗျာ၊ ရောင်းပန်းသာလို့ ဝယ်ပန်းလှပါစေ၊ သက်ရှည်ကျန်းမာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ပါစေ ”

ကျွန်တော်က ဆုတောင်းမေတ္တာပို့လိုက်သည်။ ထို့နောက် ဆိုင်ထဲမှ ထွက်လာခဲ့ကြလေသည်။ အတ္တနည်းသည့်အခါများ၌ သူတစ်ပါးအပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကိုယ့်တာဝန်ကိုယ် ရှင်းချင်တတ်ကြပါသည်။ အတ္တနည်းလေ ရှင်းစရာမလိုအောင် ရှင်းလာလေများလားဟု ကျွန်တော်တွေးနေမိလေသည်။ ။

ကျောင်းဆရာကိုကိုဝင်း

၁၃၈၆ ခုနှစ်၊ ဦးတန်ခူးလဆန်း (၉)ရက်

မြန်မာနှစ်ဆန်းတစ်ရက်နေ့

၁၇-၄-၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၈:၁၈

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား