နွံနစ်တဲ့ ကြာ”(စ/ဆုံး)
“နွံနစ်တဲ့ ကြာ”(စ/ဆုံး)
—————–
“ဘဝဆိုတာ ကြွေတစ်လှည့် ၊ကြက်တစ်ခုန်”တဲ့။
တစ်ခနချင်းပြောင်းလဲသွားနိုင်တယ်တဲ့။ အဲဒါ ညိုမ ကြားဘူးတဲ့ စကားပုံပါ။
လက်တွေ့ဘဝမှာတော့ ညိုမရဲ့အပူအပင်တွေကို တစ်ယောက်တည်းခါးစည်းရင်ဆိုင်နေရတာပါ။
ညိုမလေ ဘဝမှာ လွတ်လပ်ပျော်ရွှင်အပူအပင်ကင်းကင်းနဲ့ဖြတ်သန်းချင်လိုက်တာ။ညိုမဘဝကစိတ်ဒုက္ခအပြည့်နဲ့ မသေရုံအသက်ရှင်နေရတဲ့ ဘဝရယ်။
“မိညို ငါအလုပ်သွားတော့မယ် အိမ်အပြန်မှောင်မှာနော်
ငါ့ကိုဟိုလိုက်ရှာ ၊ဒီလိုက်ရှာနဲ့ အရှက်ကွဲစေတဲ့ အပြူအမူမျိုးထပ်လုပ်လို့ကတော့ နင်သေမယ့် သချိုင်းခုကတည်းကရွေးထား ကြားလားကောင်မ”
ပါးပြင်ကမျက်ရည်စီးကြောင်းက မနေ့ကရိုက်ခံထားရတဲ့ ဖူးယောင်ယောင်နာကျင်ခြင်းပေါ်ကိုစီးဆင်းလာတဲ့အခါ အသည်းတစ်စုံကခိုက်ခိုက်တုန်အောင်နာကြင်ရပါသကောရှင်။
ညိုမဘဝက. အပျော်မယားသဖွယ်သဘောထားခံရတဲ့ အခြေအနေကိုရောက်မှန်းမသိရောက်နေရတာကိုညိုမ လက်ခံရတော့မယ်။
************************************************
************************************************
” ညိုမရေ ငါ့အိမ်ကို ရေလာပို့ပါဦးအေ့။စောစောလာပို့နော် အဝတ်တွေလည်းလျှော်စရာများတယ်”
“ညိုမရေ ရော့ဟေ့ လာယူ ချဥ်ပေါင်ဟင်းချက်ထားတာ ည ည်းထမင်းမစားရသေးဘူးမလား”
အမှန်ပြောရရင်ညိုမ ဗိုက်အတော်ဆာနေပြီ။ ညိုမထမင်းစားချင်ပေမယ့် သမီးလေးကို အရင်ကျွေးရမယ် သူမစားချင်လို့ကျန်တာညိုမစားမယ်”
“အမေ ထမင်းကဝလည်းမဝဘူး အဖေကြတော့ ကြက်ဥကြော်နဲ့ ထမင်းထုပ်ပေးတယ်။
သမီးကြတော့ ဘွားခင်ကြည် အိမ်ကပေးတဲ့ ချဥ်ပေါင်ဟင်းနဲ့ စားရတယ် ”
ညိုမဘဝမှာ ပူပင်စရာအတိနဲ့ မျက်ရည်ကိုအဖော်ပြုပြီး သောကပင်လယ်ထဲမှာ မပြည့်စုံခြင်းဆိုတဲ့ လှေကလေးကိုရွက်လွင့်လှော်ခက်နေလာခဲ့ရတယ်။ယောကျ်ားဖြစ်သူက ရုံးစာရေးဆိုပေမယ့် လစာဆိုတာညိုမ တစ်ခါမျှမမြင်ဘူးပေ။အပြင်မှာ လူပျိုဆိုပြီး ကျော့ကျော့လေးနေတဲ့ ယောကျ်ားရယ် သမီးလေး တစ်ယောက်ကို လက် ဆွဲ ပြီး ရပ်ကွက်ထဲကအလုပ်ဟူသမျှ ထမင်းစားရရေး။ ကလေးမုန့်ဖိုးရရေး။ ဟင်းချက်စရာအဆင်သင့်ရ ဖို့အရေး ညိုမအရေး သည်သာ။
ညိုမတို့သားအမိမှောင်သည်အထိ ရပ်ကွက်ထဲက သနားကြလို့အလုပ်ပေးတဲ့အိမ်တွေမှာ မပြီးပြတ်သေးတဲ့အလုပ်တွေလုပ်ရင်း ဘဝဆိုတာ ဒီလိုပါလားလို့မငြီးတွားဝံ့သူကညိုမပါ။
လူမမယ်သမီးလေးကိုပညာတတ်ကြီးဖြစ်စေချင်တယ်။ညိုမလို အရပ်ထဲကတောက်တိုမယ်ရခိုင်းခံရတဲ့ ဘဝကိုမရောက်စေချင်။သူ့အဖေကလည်း တစ်စက်ကလေးမှ သံယောဇဥ်မထား။ ညိုမရင်ထဲ တဆစ်ဆစ်နဲ့ပါတော်ရယ်။အရင်ကတော့ ညိုမကိုချစ်လှချည်ရဲ့ သဘောကျမြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ ကိုမင်းလွင်။
အခုတော့ သူတို့မိသားစုကြားမှာ ကျွန်မက မြေဇာပင်သဖွယ်။
“မင်းမယားကတော်တော်လူပါးဝတာပဲ။ မနက်လင်းလာရင် မင်းအတွက်ပဲချက်ပြုတ်ပေးပြီး အရပ်တကာလှည့်ပြီး သူများအလုပ်ကြလုပ်တယ်။ အိမ်မှာ အဝတ်လျှော်ဖို့ ရေခပ်ဖို့ ကြမှောင်မှမတော်မရော်လုပ်တယ်။ မင်းနှမကလည်း အားတာမဟုတ်ဘူး သင်တန်းဆိုလား တက်ရသေးတယ်။ အမေကလည်းတခုခုလှုပ်ရှားလိုက်တိုင်း နာကျင်နေတာမင်းလွင်ရဲ့ ငါ့သားနှယ်။မင်းမယားတော်တော်မစွံပါဘူးကွယ်။”
ယောကျ်ားဖြစ်သူရဲ့အိမ်ကိုလိုက်လာခဲ့ရတဲ့ညိုမဘဝက မလွယ်ကူခဲ့ပါဘူး။
အိမ်ထောင်ကျခါစမှာတော့ ကိုမင်းလွင်က ကြင်နာဟန်ပြခဲ့ပေမယ့် သူ့အမေနဲ့နှမများရဲ့ သွေးထိုးမြှောက်ပင့်မှုတွေကြောင့် အကြိမ်ကြိမ်အခါခါအရိုက်နှက်ခံခဲ့ရတယ်။နှမချင်းမစာနာခဲ့သော ကိုမင်းလွင်ကို အပြစ်မမြင်ရက်ခဲ့။ညိုမ ကိုယ်ဝန်စရှိလာတော့ သူတို့အိမ်ပေါ်မှာ မနေစေချင်တဲ့ စကားတွေတရိပ်တစောင်းပြောလာကြတော့ ညိုမကို သူတို့အိမ်ရဲ့နောင်ဖေးမှာ အိမ်စွယ်ကလေးလုပ်ပေးပြီးနေစေခဲ့တယ်။ ကျေးဇူးတင်ရမလိုလိုပါ ။ညိုမတစ်ယောက်တည်းကိုယ်ဝန်အရင့်အမာနှင့် လှုပ်ရှားရုန်းကန်နေရတယ်။ ကိုမင်း လွင်ကတော့ သူ့အမေအိမ်ပေါ်မှာပဲ လွပ်လပ်စွာနေလေရဲ့။ ကိုယ်ဝန်ဆောင်ထားတဲ့မိခင်တစ်ယောက်အဖြစ်အဟာရရှိတာလေးတွေစားချင်ပေမယ့် ညိုမ မစားသောက်ခဲ့ရပါဘူး။ဒါပေမယ့် ကလေးမွေးဖို့ ညိုမ တစစစုထားတဲ့ ငွေစကလေးတော့ရှိပါရဲ့။
လက်ကိုင်ပုဝါခပ်နွမ်းနွမ်းလေးထဲ ပိုက်ဆံအနွမ်းလေးတွေက တစ်ထပ်။
ညဘက်ရောက်တိုင်း ကွယ်လွန်သွားတဲ့ ညိုမ အဖေနဲ့ အမေကို ရည်မှန်းပြီး အမျှဝေတယ်။ ညိုမကလေးလေး အခက်အခဲမရှိမွေးဖွားနိုင်ဖို့ဆုတောင်းတယ်။ ပြီးရင် ညိုမ တစ်နေကုန်ပင်ပန်းထားသမျှ အနားယူလိုက်တယ်။ ကိုမင်းလွင်ကတော့ယောင်လို့တောင်ညိုမဆီကိုကူးမလာခဲ့ပါဘူး။ဒါပေမယ့်ညိုမ မမှုပါဘူး။ အရင်ကတည်းကဘညိုမအပေါ်ကို သူစိမ်းဆန်ဆန်အမူအယာနဲ့ ကိုမင်းလွင်ကို ညိုမနှလုံးသားကလည်း မနွေးထွေးတော့ပါဘူး။
ညဘက်ရောက်လာတိုင်း ကိုမင်းလွင်တို့မိသားစုကဝိုင်းဖွဲ့ပြီး စကားပြောရင်း စားစရာသောက်စရာများစားသောက်ကြလေတိုင်းညိုမရယ်လို့စာရင်းမပါခဲ့။ဒါပေသိမနက်လင်းလာရင် ထမင်းနဲ့ဟင်းချက်ပြီး ကိုမင်းလွင်အတွက် ထမင်းချိုင့်ထုပ်ပိုးပြင်ဆင်နေကြဝတ္တရားမပျက်ခဲ့ပါဘူး။ညိုမဝဋ်ကြွေးတွေကုန်တဲ့တစ်နေ့ ညိုမပျော်ရွှင်ရမယ်လို့ တွေးထားပါတယ်။
ကံတရားဆိုတာ ဆန်းကျယ်သားပဲနော်။ ညိုမကို အကောင်းမမြင်ခဲ့သော ကိုမင်းလွင်အမေလေဖြတ်ပြီး မလှုပ်ရှားနိုင်ဖြစ်ပါလေရော။ ကိုမင်းလွင်ညီမကလည်း ဆိုင်းမဆင့်ဗုံမဆင့် လင့်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေရဲ့။
ညိုမ ဝတ္တရားမပျက်ခဲ့ပါဘူးကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လျှော််ဖွတ်ခြင်းအလုပ်ကတစ်ဖက်။ လေဖြတ်နေတဲ့ ယောက္မကိုပြုစုရင်း လောကအလယ်မှာ သောကတွေ တစ်သီတစ်တန်းကြီးပေါ့တော်။
ခြေလှမ်းပျက်နေတဲ့ ယောကျ်ားဖြစ်သူကိုထိန်းချုပ်နိုင်ဖို့ ညိုမ မစွမ်းသာပါ။ ရှိသမျှအပြစ်တွေ ဝဋ်ကြွေးတွေ အမြန်ကျေပါစေတော့လို့ ဆုတောင်းရုံမှတပါးအားကိုးစရာ အခြားမရှိတော့ပြီ။
မယ်မွှေး