ထမင်းသိုးနှင့် လမင်းအပြုံး(စ/ဆုံး)
ထမင်းသိုးနှင့် လမင်းအပြုံး(စ/ဆုံး)
—————–
“ဟာ… အမေ၊ ဟင်းက ကောင်းလှချည်လား။ ရှယ်ပဲ။ စာကျက်လို့ ဗိုက်ဆာနေတာ၊ ဒီညတော့ ဟင်းကောင်းနဲ့ စားပြီး စာကျက်ဦးမှ။ အမေရော မစားသေးဘူးလား၊ လာလေ… သမီးနဲ့အတူတူ စားမယ်လေ။”
ကျွန်မ ပြောတာကို အမေက အတောက်ပဆုံး ပြုံးရင်း –
“သမီးဘာသာ စားပါ၊ အမေက သမီးအဒေါ်အိမ်မှာ စားလာပြီးပြီ” ဟု ပြန်ပြောသည်။
အမေ့ကို လှမ်းကြည့်လိုက်တော့ ကျွန်မအတွက် လမင်းလို အလင်းအပြည့်ဆုံး အပြုံးနဲ့ ပြုံးပြနေသည်။
အမေက ကျွန်မအတွက် တကယ်ကို တုနှိုင်းမဲ့ပါ။ ဘဝမှာ အမေမရှိလို့ မဖြစ်ဘူး။ အဖေ မရှိတော့တဲ့နောက်ပိုင်း ကျွန်မ လိုအပ်တာမှန်သမျှကို အမေက သူ့အားရှိသလောက် ဖြည့်ဆည်းပေးခဲ့သည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ စာကျက်နေရတဲ့ ကျွန်မအတွက် အမေက ဒေါ်လေးအိမ်မှာ အိမ်အလုပ်ကူပြီး ရတဲ့လခလေးရယ်၊ အဒေါ့်အိမ်က မကုန်တဲ့ ထမင်း၊ ဟင်းတွေရယ်ကို ယူလာပြီး ကျွေးမြဲ။
ကျွန်မကို နောက်ကျောပေးပြီး အဝတ်ခေါက်နေတဲ့ အမေ့ကျောပြင်လေးကို ငေးရင်း သက်ပြင်းချမိသည်။
ထိုနှင့်အတူ မျက်ရည်တို့က စီးကျလာသည်။ ရှိုက်သံတို့ ထွက်မလာအောင် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထမင်းကိုသာ ပလုတ်ပလောင်း စားပစ်လိုက်မိသည်။
အမေနဲ့ ပတ်သက်ရင် ကျွန်မက အရမ်းမျက်ရည်လွယ်တယ်၊ စိတ်နုတယ်။ အမေ့ကို အရမ်းသနားပြီး မပင်ပန်းစေချင်တော့ဘူး။ ချမ်းချမ်းသာသာ ထားချင်လှပြီ။ သူများအိမ်မှာ အောက်ကျို့ပြီး ပင်ပင်ပန်းပန်း အလုပ်မလုပ်စေချင်တော့ဘူး။
ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံလေးနဲ့ အေးအေးဆေးဆေး သူပျော်ရာလေးတွေပဲ လုပ်ပြီး နေစေချင်တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကျွန်မ လုပ်ပေးနိုင်တာ ဘာမှ မရှိသေးဘူး။ ကျွန်မ လုပ်ပေးနိုင်တာဆိုလို့ အမေ ဖြစ်စေချင်တဲ့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်အောင် ဖြေဆိုဖို့ပဲ ရှိသည်။
အမေ့ကို ပျော်စေချင်တယ်။ အမေ ပင်ပန်းခဲ့သမျှတွေကို ကျွန်မရဲ့ အောင်မြင်မှုတွေနဲ့ ချေပစ်ချင်တယ်။
ဒါကြောင့် ဒီအသည်းနှလုံး ဝိညာဉ်ထဲမှာ အမြဲတမ်း အမေဂုဏ်ယူရတဲ့ သမီးပဲ ဖြစ်စေရမယ်လို့ မှတ်ကျောက်တင်ထားပြီးသားပါ။
ထိုအတွက် ခန္ဓာကိုယ်ထဲက သွေးကြောတွေဟာ ရုတ်ချည်း ကူးပြောင်းနေသလို သွေးတွေဟာလည်း ပွတ်ပွတ်ဆူနေလေရဲ့။
ကျွန်မ သင်္ချာဖြေပြီးတဲ့ သုံးရက်မြောက်နေ့မှာ အမေ အိပ်ရာထဲ လဲနေတာ တွေ့ရသည်။ ကျွန်မ ရင်တဒိတ်ဒိတ်ဖြင့် –
“အမေ… နေကောင်းရဲ့လား” လို့ မေးလိုက်တော့ အမေက ရုတ်တရက် အိပ်ရာက ကပျာကယာ ထထိုင်သည်။ ကျွန်မဘက်ကို မျက်နှာမလှည့်သေးဘဲ –
“ကောင်းပါတယ် သမီးရဲ့၊ ဘာမှ မဖြစ်ပါဘူး။ အမေ နည်းနည်း နေလို့မကောင်းရုံပါ။ စာသာကျက်ပါ သမီး၊ အမေ ဘာမှ မဖြစ်ဘူး” ဟု ပြောသည်။
နောက်ကျောပေးပြီး ပြောနေပေမဲ့ အမေ့အသံကို ကျွန်မ မယုံ။ ကျွန်မက အမေနဲ့ ပတ်သက်လာရင် အရမ်းစိတ်ထိခိုက်လွယ်သည်။ စာမေးပွဲတောင် အဲဒီလောက် အရေးမကြီးတော့သလို ဖြစ်သွားတာမျိုး။
ကျွန်မ ဘာမှ မလုပ်ပေးနိုင်သေးတဲ့ အချိန်မှာ အမေ့ဆီက “နေမကောင်းဘူး” ဆိုတဲ့ အသံကြားရုံနဲ့တင် လူက ရူးချင်လာသလို၊ အော်ဟစ်ငိုချင်လာသလိုပဲ။
အမေ လိမ်နေတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မ စာမေးပွဲရှိနေလို့ သူ နေမကောင်းတာကို ဖုံးကွယ်ထားပုံရတယ်။
ဒါပေမဲ့ ကျွန်မအတွက်တော့ ဘယ်အရာကမှ အမေ့လောက် အရေးမကြီးဘူး။ အမေ့ကို ဆုံးရှုံးရမှာ အရမ်းကြောက်တာကြောင့် ကျွန်မ ဘာမှ မစဉ်းစားတတ်တော့ဘဲ အမေ့ရှေ့မှာတင် ကလေးတစ်ယောက်လို ငိုချပစ်လိုက်မိသည်။
ထိုအခါမှ အမေက ကျွန်မဘက် လှည့်လာပြီး ပျာပျာသလဲ ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ သမီးလေးရဲ့” ဆိုပြီး ကျွန်မမျက်နှာကို ပွတ်သတ်ရင်း အလန့်တကြား မေးသည်။ ဒီအချိန်မှ အမေ့မျက်နှာကို သေချာမြင်ရတော့သည်။
အမေ့မျက်နှာလေးက ဖြူဖက်ဖြူရော ဖြစ်နေပြီး နှုတ်ခမ်းသားတွေက သွေးမရှိသလို ဖျော့တော့နေသည်။
အငိုတိတ်လို့ မရတော့အောင် ကျွန်မ ပိုငိုမိသည်။ အမေက ကျွန်မကို စိုးရိမ်စိတ်တွေနဲ့ သူ့ရင်ခွင်ထဲ ထွေးပွေ့ထားပြီး ကျောကို ပုတ်ပေးနေသည်။ အမေ့ကိုယ်လေး ပူကျစ်နေသည်ကို ကျွန်မ ခံစားလိုက်ရသည်။
ကျွန်မ အမေ့ရင်ခွင်ကနေ ဗြုတ်ခနဲ ဖယ်ခွာလိုက်ပြီး –
“အမေ ဖျားနေတာပဲ၊ ဆေးခန်းပြမှ ဖြစ်မယ်။ လာ… အမေ၊ ဆေးခန်းသွားပြရအောင်” လို့ အမေ့လက်ကို ဆွဲတော့ အမေက –
“ရပါတယ် သမီးရယ်၊ အမေ ပါရာစီတမော သောက်ပြီး အိပ်လိုက်ရင် မနက် သက်သာသွားမှာပါ”
“အမေ… အဲဒီလို မပြောနဲ့။ သမီး အခုနက ဘာလို့ ငိုလဲ သိလား။
အမေ တစ်ခုခု ဖြစ်သွားရင်ဆိုတဲ့ စိတ်က ကြီးစိုးလာပြီး မပြည့်စုံခြင်းတွေအတွက် အားမလိုအားမရ ဖြစ်လို့။ ဘာမှ မလုပ်ပေးနိုင်တာကို တွေးပြီး ငိုတာ။ သမီးအတွက် အမေက အဖိုးတန်ဆုံး။
ဒါကြောင့် သမီး အောင်မြင်တဲ့အချိန်ထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေပေးပါ။ ဒါဟာ အမေ့ဆီက သမီး လိုချင်တဲ့ တစ်ခုတည်းသော ဆန္ဒပဲ။ တခြား ဘာမှ မလိုချင်ဘူး။”
ကျွန်မ စကားကြောင့် ဖြူဖျော့နေတဲ့ အမေ့မျက်နှာလေးဟာ ဖြူစင်တဲ့ အပြုံးတွေနဲ့ ပြန်လည် ကြည်လင်သွားတာကို တွေ့လိုက်ရသည်။
“နင့်သမီးကသာ စာမေးပွဲဖြေရမှာ၊ နင်က ဘာလို့ လဲနေတာလဲ”
အဒေါ်က ခြံထဲလှမ်းဝင်လာရင်း ခနဲ့တဲ့တဲ့အသံနဲ့ စပြောလိုက်သည်။ မျက်နှာကို မဲ့လိုက်ပြီး ခါးထောက်လျက် အမေ့ကို အထက်စီးက ကြည့်ကာ –
“မနက်ဖြန် ငါ့သမီးကို စာမေးပွဲအကြိုအပို့ လုပ်ရဦးမယ်။ ပြန်လာရင် စားဖို့ သောက်ဖို့လည်း နင်ပဲ ချက်ရမှာ။
နေမကောင်းဘူးဆိုပြီး အလုပ်ပျက်လို့ မရဘူးနော်။ ဘာလဲ… ဆေးဖိုးဆိုပြီး ပိုက်ဆံ ထပ်တောင်းချင်လို့လား။ နင် ကြိုထုတ်ထားတာတွေလည်း မနည်းတော့ဘူး။”
အဒေါ်က ရွံရှာသလို မျက်နှာပေးနဲ့ ပိုက်ဆံငါးသောင်းကို အမေ့ရှေ့ ပစ်ချပေးလိုက်သည်။
“ရော့… ဒီတစ်လစာ။ ဒါပဲရှိတော့တယ်။ နောက် သုံးလလောက်ထိတော့ ငါ့ဆီက တပြားမှ ထပ်မမျှော်နဲ့။ ညီမအရင်းမို့လို့သာ သနားလို့ အိမ်ခေါ်ထားတာ။ သူများဆို နင့်လို အိုကွဲနာကွဲကို အနားတောင် ပေးကပ်မှာ မဟုတ်ဘူး။ ကဲ… မနက်ဖြန်တော့ အလုပ်ကို ဖြစ်အောင်လာခဲ့၊ အိပ်ရာထဲ လဲမနေနဲ့!”
အဒေါ့်အပြုအမူက ကျွန်မရဲ့ အသည်းနှလုံးကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။
အမေက ကျွန်မကို အဒေါ့်အိမ် မလိုက်ခဲ့နဲ့၊ လမ်းထိပ်မှာပဲ ထိုင်စောင့်နေပါလို့ မှာခဲ့သည်။ မနက်ဖြန် ဓာတုဗေဒ ဖြေရမှာဆိုတော့ အမေ စောင့်ခိုင်းတဲ့ နေရာက လမ်းမီးတိုင်အောက်မှာ စာနွေးနေမိသည်။
စိတ်တွေကတော့ အမေ့ကို စိတ်ပူနေမိပြီ။ ဘာလို့ ကိုယ့်အဒေါ်အိမ်ကို မလိုက်ခိုင်းတာလဲ။ ရွယ်တူ ညီအစ်မ ဝမ်းကွဲရှေ့မှာ ကျွန်မ မျက်နှာငယ်မှာ စိုးလို့လား။ ဒီလို အတွေးတွေနဲ့ အမေမသိအောင် အဒေါ့်အိမ်ကို လိုက်သွားမိသည်။
မီးတွေ ထိန်ထိန်ညီးနေတဲ့ အဒေါ့်အိမ်ကို ခြံအပြင် အမှောင်ဘက်ကနေ အတိုင်းသား မြင်နေရသည်။ အသံတွေကိုပါ ကြားနေရသည်။ မြင်လိုက်ရတဲ့ ထိုမြင်ကွင်း၊ မထင်မှတ်ထားတဲ့ ထိုအပြောအဆိုများဟာ ဘယ်သူက ပြောနေပါလိမ့်ဆိုတော့ ကျွန်မရဲ့ သွေးသားအရင်းအချာ၊ အမေ့ရဲ့ ညီမအရင်း ကျွန်မရဲ့ အဒေါ်ကတဲ့။
ကိုယ့်ညီမအရင်းရှေ့မှာ မျက်နှာကို အောက်ကျို့ခံနေရတဲ့ အမေ့ကို မြင်တော့ ကျွန်မရဲ့ ဒေါသစိတ်၊ အဆတရာမက နာကျည်းစိတ်တွေဟာ သွေးကြောထဲကနေ အပြင်ကို ထိုးထွက်လာပြီ။
စိတ်ကို ဘယ်လိုမှ ထိန်းမရတော့။ တန်ဆောင်ထဲက မြင်းလွှတ်လိုက်သလို အသိစိတ်တွေ လွတ်ထွက်ပြီး မသိစိတ်ကလာတဲ့ နာကျည်းမုန်းတီးမှုတွေနဲ့ ကျွန်မခန္ဓာကိုယ်က သွေးကြောတွေ သောင်းကျန်းနေပြီ။
ကျွန်မ ဘယ်လိုမှ နေလို့ မရတော့ဘဲ အိမ်တံခါးကို ဝုန်းကနဲ တွန်းဖွင့်လိုက်သည်။ အမေရော အဒေါ်ရော အလန့်တကြား လှည့်ကြည့်ကြသည်။ အမေ့ရှေ့မှာ ချထားတဲ့ ပိုက်ဆံကို ဆတ်ခနဲ ကောက်ယူကာ လက်ထဲမှာ ဖျစ်ညစ်ပြီး အိမ်နံရံမှာ ချိတ်ထားတဲ့ အဒေါ့်ဓာတ်ပုံဆီကို ပစ်ပေါက်လိုက်သည်။
ပြီးတော့ အမေ့လက်ကို ဆွဲကာ –
“လာ အမေ… ပြန်မယ်။ အမေ့ညီမဆီမှာ အောက်ကျခံပြီး အလုပ်လုပ်မယ့်အစား သူစိမ်းဆီမှာ အလုပ်လုပ်တာကမှ မြတ်ဦးမယ်။ လာ… သွားမယ်။ သမီး စုထားတဲ့ ပိုက်ဆံနဲ့ အမေ့ကို ဆေးခန်းပြပေးမယ်။ စာမေးပွဲပြီးရင် အမေ့ကို အလုပ်လုပ်ကျွေးမယ်။ သွားမယ် အမေ၊ ဘာမှ အားငယ်စရာ မလိုဘူး။ သမီးတစ်ယောက်လုံး ရှိတယ်”
ရဲစွမ်းသတ္တိအပြည့်၊ ခွန်အားအပြည့်နဲ့ စူးရှရဲရင့်သော မျက်လုံးအကြည့်တို့ဖြင့် အမေ့ကို ကြည့်ပြီး ပြောလိုက်သည်။ မျက်ရည်စလေးတွေနဲ့ ပြည့်နေတဲ့ အမေ့မျက်ဝန်းလေးက ကျွန်မကို ပြုံးပြပြီး ကျွန်မ ကမ်းပေးသော လက်ကို ဆွဲယူကာ ထလိုက်သည်။
ကျွန်မအဒေါ်က ဘီလူးဆိုင်းတီးသလို မျက်နှာနီကြီးနဲ့ ဟိန်းလိုက်သည်။
“နင်က အဒေါ်ဖြစ်သူရဲ့ ကျေးဇူးကို အာခံတာပေါ့။ ငါ အလုပ်ပေးထားလို့ နင် အဲဒီပိုက်ဆံနဲ့ ဒီလိုပညာသင်နိုင်တာ၊ မိုက်ရိုင်းလိုက်တာ!”
ကျွန်မ အဒေါ့်ကို မဲ့ပြုံးပြပြီး အမေ့လက်ကိုဆွဲကာ လှည့်ထွက်စဉ် နောက်က ထပ်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ခြေလှမ်းတွေ ရပ်သွားသည်။
“အေးလေ… အပြောကတော့ ကောင်းပါရဲ့။ နေ့တိုင်း သမီးဖို့ဆိုပြီး ဟင်းကောင်းတွေ ထုပ်သွားဖို့ကျတော့ မျက်နှာပြောင်တိုက်ရဲပြီး အခုကျမှ လာမာန်ထောင်မနေနဲ့။ ကိုယ်တိုင်ကတော့ ထမင်းသိုးပဲ စားရရှာတဲ့ အမဖြစ်သူကိုလည်း ကြည့်ဦးဦးမှပေါ့ တွတ်ပီမရယ်!”
ကျွန်မ ရင်ထဲမှာ ဆို့တက်လာသည်။ အမေ ကျွန်မကိုကျ ထမင်း၊ ဟင်းအကောင်းတွေ ကျွေးပြီး သူကိုယ်တိုင်ကျတော့ ထမင်းသိုးတွေနဲ့ စားခဲ့တာပေါ့။ ဒါကြောင့်လည်း အမေ နေမကောင်းဖြစ်ပြီး ဗိုက်အောင့်နေတာ။ သွေးတွေ က ဆူပွက်လာပြီး အမေ့လက်ကို ကိုင်ထားတဲ့ ကျွန်မလက်တွေဟာ တဆက်ဆက် တုန်ဟည်းလာသည်။ မျက်ရည်တို့က ဒလဟော စီးကျလာသည်။ မျက်လုံးထဲမှာ အမေ့ရဲ့ထမင်းသိုး စားနေရတဲ့ ပုံစံကိုမြင်ယောင်ရင်း ရင်နာလွန်းလို့ ပင့်သက်တောင် မနည်းရှိုက်နေရသည်။
ထိုအချိန်မှာ ကျွန်မဆွဲကိုင်ထားတဲ့ အမေ့လက်က ရုန်းထွက်သွားသည်။
“ဗြန်း!”
ပါးရိုက်သံကို လှည့်မကြည့်ဘဲ ကြားလိုက်ရသည်။
“နင့်ပါးစပ်ကို ပိတ်ထား၊ တစ်ခွန်းမှ ဟမလာနဲ့!” အမေ့အသံက ပြတ်သားလွန်းသည်။
“ငါ့သမီးလေးကြောင့်သာ ငါ့ရဲ့နဂိုစိတ်ကို ချိုးနှိမ်ထားတာ။ အရိုင်းစိတ်ကို ချိုးနှိမ်ထားလို့ ငါ့အပေါ် လုပ်ချင်တိုင်း လုပ်လို့ရမယ် မထင်နဲ့။ ငါ နောက်ဆက်ပြီး သည်းမခံတော့ဘူး။ နင်ပြောသလို ထမင်းသိုးတွေက ငါစားချင်လို့ စားတာ၊ နင်တို့ကျွေးလို့ စားတယ် မထင်နဲ့။ အေး… အဲဒီအတွက် အခု ဗိုက်အောင့်နေလား၊ ရတယ်။ ငါ ရအောင် ကုပြီး အသက်ရှည်အောင် နေပြမယ်။ မိုးကောင်းတုန်း ရွာနိုင်သလောက် ရွာထားကြ သိလား ငါ့ညီမလေး၊ နင်ကသာ ယဉ်ကျေးတတ်အောင် ကြိုးစား။ လာ… သမီး၊ သွားမယ်။ အမေ ဆေးခန်းပြပြီး နေကောင်းအောင် နေမယ်။ သမီး ဖြစ်စေချင်တဲ့ သမီးဆန္ဒ ပြည့်အောင် အမေ ဖြည့်ဆည်းပေးမယ်။”
အတောက်ပဆုံး၊ အဖြူစင်ဆုံး အပြုံးနဲ့ အမေ့ကို ကျွန်မ အစွမ်းကုန် ပြုံးပြလိုက်သည်။ ဒီတစ်ခါတော့ ကျွန်မက ပြန်ပြုံးပြတာပါ။ သားအမိနှစ်ယောက် လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ကောင်းကင်ကို မော့ကြည့်ကာ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်ကြသည်။
ဒီကမ္ဘာမှာရှိတဲ့ တန်ဖိုးကြီးလှပါတယ်ဆိုတဲ့ ရတနာတွေထဲမှာ ကျွန်မတို့ သားအမိရဲ့ ချစ်ခြင်းမေတ္တာလောက် တန်ဖိုးကြီးနိုင်ပါ့မလား။
“အမေ ယောက်ျားရကံ မကောင်းခဲ့ပေမဲ့ သမီးကံတော့ ကောင်းစေရမယ်” လို့ ဤလောကကို သက်သေထားကာ စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်မိသည်။
ဆုမိန်နှင်း
#ဆုမိန်နှင်း #ဝတ္ထုတို #ခံစားချက်ဝတ္ထု
#အမေနှင့်သမီး #ထမင်းသိုးနှင့်လမင်းအပြုံး