သွေးမစပ်သော်လည်း ရင်နှစ်စပ်သူတွေ

 “သွေးမစပ်သော်လည်း ရင်နှစ်စပ်သူတွေ” (စ/ဆုံး)


—————————–

ရန်ကုန်မြို့၊ ကုတင် (၅၀၀) ဆေးရုံကြီးရဲ့ ဆီးနှင့် ကျောက်ကပ်ဌာနမှာ လူနာကြည့်ပြီးလို့ ကားမောင်းပြန်ထွက်လာတဲ့အချိန်… ဆေးရုံပလက်ဖောင်းပေါ်က သစ်ပင်ခြေရင်းမှာ ထိုင်ငိုနေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့အသက် ၁၇ နှစ်လောက်ပဲ ရှိဦးမည် ထင်သည်။


ဆေးကုသဖို့ ငွေကြေးမတတ်နိုင်လို့များလား… ချစ်ခင်ရသူကို ဆုံးရှုံးလိုက်ရလို့များလား။ ရှိုက်ကြီးတငင် ငိုနေတဲ့ ကောင်မလေးကို ကြည့်ရင်း ကျွန်မရဲ့ အတိတ်နေ့ရက်များက အရိပ်လို ပြန်လည်ပေါ်လာခဲ့သည်။


လွန်ခဲ့သော ဆယ်နှစ်လောက်က ကျွန်မလည်း ထိုနေရာလေးမှာ ဒီကောင်မလေးလိုပဲ ငိုကြွေးခဲ့ဖူးသည်။ ကူကယ်ရာမဲ့စွာဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ၁၇ နှစ်အရွယ် ကျွန်မဟာ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးခဲ့ရဖူးပါသည်။


ကျွန်မ ညီမလေး ၅ နှစ်အရွယ်၊ ကျွန်မ ဆယ်နှစ်ကျော်သမီး ဘဝကတည်းက မိဘတွေဟာ တောင်ယာစိုက်ပျိုးရတဲ့ ဝင်ငွေနဲ့ ညီမလေးကို ကျောက်ကပ်ဆေးပေးဖို့ မလောက်ငှခဲ့ပါဘူး။ စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်ခဲ့ရသည်။


တောင်ယာစိုက်ပျိုးပြီးချိန်ဆိုလျှင် ရရာအလုပ်ကို လုပ်ကိုင်ပြီး စားဖို့ထက် ညီမလေး ကျောက်ကပ်ဆေးနိုင်ဖို့ ပိုပြီး အားစိုက်ခဲ့ရသည်။ ထို့အပြင် ကျွန်မကိုလည်း ကျောင်းထားရသေးသည်။


ကျွန်မ ရှစ်တန်းနှစ်ရောက်တဲ့အခါ မိဘတွေက ထိုင်းမှာ အလုပ်သွားလုပ်ကြမည်ဟု ဆိုသည်။ သူငယ်ချင်းအဆက်အသွယ်တွေက ခေါ်သဖြင့် ယာမြေတွေကို ရောင်းချကာ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ကြီးကြီးတို့နှင့် ထားခဲ့သည်။ ကျွန်မလည်း ကျောင်းဆက်တက်နိုင်သလို ညီမလေးကိုလည်း ကျောက်ကပ်ပုံမှန် ဆေးပေးနိုင်လိမ့်မည်ဟု မိဘတွေက တွေးခဲ့ကြသည်။


“အမေတို့ ဟိုမှာ အဆင်ပြေမှ သမီးတို့အတွက်လည်း အဆင်ပြေမှာ။ အမေတို့ သားအမိတွေ အခုရော နောင်တချိန်ပါ အဆင်ပြေဖို့ အမေတို့ သွားမှရမယ် သမီးရဲ့”


ကျွန်မကတော့ အမေတို့ကို ခွဲရမှာ ဝမ်းနည်းသော်လည်း ညီမလေး အသက်ဆက်ရှင်ဖို့အတွက် အရင်ကလို ခက်ခက်ခဲခဲ မဖြစ်တော့ဘူးဆိုတဲ့ အသိနဲ့ပဲ ဖြေသိမ့်ခဲ့ရပါသည်။


×××


ကြီးကြီးအိမ်ဆိုသော်လည်း ကိုယ့်မိဘအိမ်လိုမဟုတ်သဖြင့် နေရတာ မဝံ့မရဲ ဖြစ်မိသည်။ ကြီးကြီး မငြူစူရအောင် အလိုက်သိစွာ နေခဲ့ရသည်။ ကျွန်မလည်း မိဘတွေ ပင်ပင်ပန်းပန်း မဖြစ်ရအောင် ကလေးငယ်တွေကို စာသင်ပေးသည်။ ညီမလေးကိုလည်း အဆင်ပြေပြေ ကျောက်ကပ်ပုံမှန် သွားဆေးပေးနိုင်သည်။


ကြီးကြီးကလည်း အမေတို့ ပိုက်ဆံပို့ပေးနေသရွေ့ ကျွန်မတို့ညီအစ်မကို ကောင်းကောင်းမွန်မွန် ထားပါသည်။ မေမေတို့ပို့တဲ့ ပိုက်ဆံက ကြီးကြီးတို့လက်ထဲ ရောက်တာကြောင့် ကျွန်မ စာသင်လို့ရတဲ့ ငွေလေးကိုတော့ ကိုယ်တိုင်စုထားခဲ့သည်။


ဒါတွေအားလုံးဟာ ကျွန်မ ဆယ်တန်းဖြေဖို့ တစ်လအလိုမှာ ပြောင်းလဲသွားခဲ့သည်။ အမေတို့ဆီက မည်သည့်သတင်းမှ မကြားရတော့သလို ပိုက်ဆံလည်း ရောက်မလာတော့။


“တစ်လလောက်တော့ ခက်ခဲနေမှာပေါ့” ဟု ကြီးကြီးက ပြောရှာသည်။ ကျွန်မကိုလည်း ဆယ်တန်းစာမေးပွဲကိုသာ အာရုံစိုက်ရန်၊ စာမေးပွဲကို အောင်အောင်ဖြေရန်၊ ပညာတတ်မှ အလုပ်တွေလုပ်တဲ့အခါ မိသားစုကို


ပြည့်ပြည့်စုံစုံ ထားနိုင်မှာဖြစ်ကြောင်း အားပေးခဲ့သည်။


စာမေးပွဲကို ဘာဖြစ်ဖြစ် ရအောင် ဖြေခဲ့ပါသည်။ ဒီလိုနဲ့ အမေတို့ လစာမပို့တာ ခြောက်လလောက် ရှိသွားပြီ။ ညီမလေး ကျောက်ကပ်ဆေးဖို့က ကျွန်မရှာတဲ့ငွေနဲ့


မလောက်ချင်တော့။


ကြီးကြီးတို့ကလည်း အမေတို့ဆီက ပိုက်ဆံမရတော့သဖြင့် သိပ်မကြည်ဖြူချင်တော့ပါ။ ညီမလေးက ဒီကျောက်ကပ်ဆေးမှ အသက်ရှင်နိုင်မှာ။ ကျွန်မ စားဝတ်နေရေးအတွက် မပူပေမယ့် ညီမလေး အချိန်မီ ကျောက်ကပ်မဆေးနိုင်မှာကိုပဲ စိုးရိမ်မိသည်။ ကြီးကြီးတို့ ကြည်ဖြူဖို့အတွက် ကျွန်မ ရွာထဲစာသင်လို့ရတဲ့ ပိုက်ဆံကို စားသောက်ဖို့ပေးပြီး တစ်ဝက်ကိုတော့ စုထားခဲ့သည်။


တစ်နေ့တွင် ညီမလေးက ညဘက်ကြီး အဖျားတွေ တက်လာခဲ့သည်။ ဘာလုပ်ရမှန်းမသိ၊ ညီမလေး ညည်းညူနေတဲ့အသံက လူခြေတိတ်ချိန်ဆိုတော့ တစ်အိမ်လုံး ကြားနေရသည်။ ရွာက ဆရာမ ဆေးခန်းပိတ်လောက်ပြီမို့ ညီမလေးကို ရေပတ်တိုက်ပေးပြီး ဆေးအရင် တိုက်ထားလိုက်ရသည်။


“အသံတွေ ဆူတယ်နော်။ ညဘက် လူခြေတိတ်ချိန် ဖြစ်နေပြီ၊ တိုးတိုးတိတ်တိတ် နေကြစမ်းပါ။ နေနေတာ ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်ဘူးနော်၊ နည်းနည်းပါးပါး အလိုက်ကန်းစိုး သိဦးမှပေါ့”


ကြီးကြီးယောက်ျားက သူ့မိန်းမကို ပြောသလိုလိုနှင့် ကျွန်မတို့ညီအစ်မကို စောင်းပြောနေမှန်း သိပါသည်။ ညီမလေးကြားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ညီမလေးနားကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ကာ ဖောယောင်နေတဲ့ ပါးလေးပေါ်ကို ပါးချင်းအပ်ပြီး နှစ်သိမ့်ထားလိုက်ရသည်။ တရေးနိုးတော့ ညီမလေး အပူတွေ ကျသွားသဖြင့် ညီမလေးကိုယ်လုံးလေးကို ဖွဖွလေးဖက်ကာ ဘာမှမတွေးဘဲ စိတ်ချလက်ချ အိပ်ပစ်လိုက်သည်။


မနက်လင်းတော့ ညီမလေးဆီက “မောတယ်… မောတယ်” ဟု အော်တဲ့အသံကြောင့် ရုတ်တရက် လန့်နိုးလာသည်။ အသက်ရှူလိုက်တိုင်း မျက်လုံးတွေက လန်တက်ပြီး ပါးစပ်ကပါ အသက်ကို လုရှူနေရရှာသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘဲ ချွေးစေးတွေ ပြန်လာသည်။


မထူးတော့ပါဘူး၊ ဆူရင်လည်း ဆူပါစေတော့ဆိုပြီး ကြီးကြီးတို့ အိပ်ခန်းဆီ ပြေးသွားမိသည်။


“ကြီးကြီးရေ… လုပ်ပါဦး။ သမီးညီမလေး အသက်ရှူကျပ်ပြီး မောနေလို့ပါ… အဟင့်… အဟင့်”


ကြီးကြီးတို့လည်း အတင်းအိပ်ရာက ထလာကြသည်။


“ဟဲ့… ရွာထဲက သူနာပြုဆရာမကို အမြန်သွားခေါ်”


ရွာကျန်းမာရေးဆေးပေးခန်းကို ပြေးတာ စိတ်ဝိညာဉ်ထက်တောင် မြန်မလား ထင်ရသည်။ ဆေးပေးခန်းရောက်တော့ ဆရာမက မရှိ။ ရွာတောင်ပိုင်းအိမ်မှာ နေမကောင်းတဲ့လူနာရှိလို့ သွားသည်တဲ့။


“အိုး… မရဘူးလေ။ ကျွန်မညီမလေးက အမောဖောက်နေတာ။ ကျွန်မညီမလေးကို


အရင်ကယ်ပေးကြပါရှင်။ ကျွန်မမှာ သူပဲရှိတော့လို့ပါ… ကယ်ကြပါဦး”


ကျွန်မ တအားစိတ်ထိခိုက်ကာ မြေကြီးပေါ် စောင့်ကြောင့်ထိုင်ပြီး နှုတ်ကလည်း အကူအညီတောင်းရင်း ကလေးတစ်ယောက်လို၊ အပူသည်တစ်ယောက်လို အော်ငိုပစ်လိုက်သည်။


“ဟဲ့ ကလေးမလေး… ဒီအချိန်က ငိုနေရမယ့်အချိန်မဟုတ်ဘူး။ ဆရာမက နင်တို့အိမ်နဲ့ သုံးအိမ်မြှောက်က အိမ်ကို သွားတာ၊ အဲဒီကို အပြေးသွားခေါ်”


ကျွန်မ မျက်လုံးလေးတွေ မျှော်လင့်ချက်ရပြီး ဝင်းလဲ့သွားကာ “ဟုတ်ကဲ့” ဆိုပြီး အားရှိသမျှ အိမ်ဘက်ကို ပြေးသွားလိုက်သည်။


ပြေးရင်းနဲ့လည်း “ညီမလေးရေ… မမလာပြီ၊ ကျွန်မညီမလေးကို ကယ်ကြပါဦး… ညီမလေးရဲ့… မမညီမလေး… အဟင့်… အဟင့်” ဆိုပြီး လမ်းတစ်လျှောက် ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရူးမတတ် ခံစားချက်တွေနဲ့ ကျွန်မဟာ ပဋာစာရီ ကဲ့သို့ပင် ဖြစ်နေခဲ့သည်။


“ကလေးမလေးတွေ သနားပါတယ်။ မိဘတွေက ထိုင်းထွက်သွားတာ အခုထိ ဘာသတင်းအစအနမှ မကြားရဘူး။ ညီအစ်မနှစ်ယောက်တည်း ရှိတာကို သူ့ညီမလေးကလည်း ကျောက်ကပ်ဆေးနေရတာ သနားပါတယ်”


ကျွန်မ ပြေးထွက်တဲ့အချိန် အနောက်မှာ ကျန်နေခဲ့တဲ့ ရွာသူရွာသားတွေရဲ့ ကရုဏာသက်ဝင်တဲ့ စကားသံတွေ ဝိုးတဝါး ကျန်ရစ်ခဲ့သည်။ လူတွေအမြင်မှာ ကျွန်မတို့က သနားစရာ ကောင်းတဲ့သူတွေအဖြစ်ပေါ့။


အိမ်ရောက်တော့ ခြံထဲမှာ ပရဟိတကားတစ်စီးကို တွေ့လိုက်ရသည်။ ပြီးတော့ ညီမလေးကို ကားပေါ်တင်နေကြသည်။ အောက်ဆီဂျင်လည်း တပ်ပေးထားကြသည်။ ကြီးကြီးက အထုပ်တွေ ကားပေါ်တင်ကာ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ကျွန်မကို လှမ်းခေါ်သည်။


“ဟဲ့ ဝေဝေ မြန်မြန်လာ… နင့်ညီမလေးကို မြို့နယ်ဆေးရုံ အမြန်ပို့မှရမယ်။ မြန်မြန်လာ ကားပေါ်တက်… နင်တို့ပစ္စည်းတွေ ငါထုတ်ထားတယ်”


“ဟုတ်… ဟုတ် ကြီးကြီး”


ကားပေါ်ကို ကျွန်မ ပြေးတက်သွားသည်။


“ကျွန်တော်တို့ ထွက်တော့မယ်နော်” ဟု ကားသမားက ဆိုကာ ဂရုတစိုက် မောင်းထွက်သွားသည်။


ကားပေါ်မှာ ကျွန်မ၊ ကြီးကြီးနဲ့ ရွာက သူနာပြုဆရာမ သုံးယောက် ပါလာသည်။ ညီမလေးကတော့ အောက်ဆီဂျင်တပ်ထားသဖြင့် အသက်ရှူပုံမှန်ဖြစ်လာပြီး မျက်လုံးမှေးစင်းနေသည်။ ကျွန်မ ညီမလေးလက်ကို ဆုပ်ကိုင်လိုက်တော့ သူက အားယူပြီး ဖွင့်ကြည့်ရှာသည်။ ထိုကြားထဲက ကျွန်မကို ပြုံးရိပ်လေးလို ပြုံးယောင်လေး ပြုံးပြနေသည်။ ကျွန်မလည်း ပြန်ပြုံးပြကာ သူ့လက်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။


သူနာပြုဆရာမက ကလေးက သိပ်အားနည်းနေတယ်လို့ ပြောသည်။ ကြီးကြီးက-


“ဟုတ်တယ် ဆရာမရယ်။ သူ့ကို ကျောက်ကပ်ဆေးပေးဖို့ ပိုက်ဆံမရှိတာနဲ့ မဆေးဖြစ်တာ။ သူ့မိဘတွေကလည်း ခုထိ ပိုက်ဆံမပို့တာ ကြာပြီ။ ကျွန်မတို့လည်း ချမ်းသာတဲ့သူတွေ မဟုတ်တော့ မတတ်နိုင်ဘူး ဆရာမရယ်။ အရင်ကတော့ သူ့မိဘတွေ ပုံမှန် ပို့ပေးနေတော့ ဟုတ်တာပေါ့။ အခုလည်း ကျွန်မမှာ ပိုက်ဆံ သိပ်ပါတာမဟုတ်ဘူး။ ဘယ်လောက်တောင် ကုန်မလဲ မသိသေးဘူး ဆရာမရယ်။ စိတ်ညစ်ပါတယ်။ မိဘတွေကလည်း ပစ်မြန်ပစ်သွားကြတာလား မသိဘူးရှင်”


ဆရာမက ကျွန်မမျက်နှာကို လှမ်းကြည့်လိုက်တာ သိသဖြင့် ကျွန်မ ခေါင်းငုံ့ထားလိုက်သည်။ ဖြစ်နိုင်ရင် ညီမလေးရှေ့မှာ ဒီအကြောင်းတွေ မပြောစေချင်ဘူး။ ဆရာမက ဆက်ပြီး-


“အခုက အင်တာနက်ခေတ်ဆိုတော့ နောက်ဆုံးမတတ်နိုင်ရင် ပရဟိတအသင်းတွေကို အကူအညီတောင်းလို့ရတယ်။ ဒီလို ကျောက်ကပ်ဝေဒနာရှင်တွေအတွက် လှူဒါန်းမယ့်သူတွေ ရှိပါတယ်”


“ကျွန်မလည်း အဲဒါတွေ သိပ်နားလည်တာ မဟုတ်ဘူးရှင်။ မသိတော့ပါဘူး ဆရာမရယ်” ဆိုပြီး ကြီးကြီးက စိတ်ညစ်ညူးစွာနဲ့ ပြောနေခဲ့သည်။


လွယ်ထားတဲ့အိတ်ကို လက်နဲ့ မသိမသာ ကျွန်မ စမ်းကြည့်လိုက်သည်။ ဒီလိုအခြေအနေတွေ ကြုံလာရင် လက်ထဲငွေရှိအောင် ကျွန်မ စုထားခဲ့တာပါ။ အချိန်ခဏတော့ ပြေလည်မှာပါဟု တွေးကာ သက်ပြင်းကို မသိမသာချရင်း ကြီးကြီးကို မဝံ့မရဲ ကြည့်မိလိုက်သည်။


မြို့နယ်ဆေးရုံ အရေးပေါ်ဌာနရောက်တော့ ဆရာဝန်က စစ်ဆေးပြီး-


“လူနာက ရန်ကုန်ဆေးရုံကြီးကို အချိန်မီပို့မှရမယ်။ ပြီးတော့ သူက ကျောက်ကပ်ဆေးနေရတဲ့လူမို့ မှန်မှန်ဆေးဖို့ လိုအပ်တယ်။ ရန်ကုန်ဆေးရုံကြီးကို လွှဲစာရေးပေးလိုက်မယ်”


ထိုအချိန်မှာ ကြီးကြီးက-


“မသွားလို့ မရဘူးလား ဆရာရယ်။ ဒီမှာပဲ ကုပေးလို့မရဘူးလား။ ကျွန်မတို့ ကုသဖို့ ပိုက်ဆံကလည်း မတတ်နိုင်တော့လို့ပါ”


“အဲဒါတော့ လူနာရှင်တို့ သဘောပါ။ လူနာရဲ့ အခြေအနေက အဆုံးထိ ပြောရရင် ကျောက်ကပ်အစားထိုးမှ ဖြစ်တော့မယ့် အခြေအနေမျိုး ရောက်နေပြီမလို့ပါ။ ရန်ကုန်ဆေးရုံကြီး သွားလိုက်ပါ။ အဲဒီမှာ ဌာနတွေရှိတော့ မတတ်နိုင်ရင် အလှူရှင်တွေလည်း ရှိလာမှာပါ။ ကျွန်တော်ကတော့ သွားစေချင်တယ်”


“သွားမယ် ဆရာ။ ကျွန်မညီမလေးကို ကျွန်မ ရသလောက် ကုပေးမယ် ဆရာ। လွှဲစာသာ ရေးပေးပါ”


ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ ညီမလေးဇောနဲ့ ဖြေပစ်လိုက်သည်။


“ဟုတ်ပြီ။ ဒါဆို ကျွန်တော်တို့ လွှဲစာရေးလိုက်တော့မယ်နော်။ ဆေးရုံကားနဲ့ပဲ ပို့ပေးလိုက်မယ်။ ဆရာမတစ်ယောက် ထည့်ပေးလိုက်မယ်”


ထိုအခါ ကြီးကြီးက ကျွန်မလက်ကို ဆွဲပြီး အခန်းပြင်ခေါ်ထုတ်သွားသည်။


“ညဉ်းက ဘယ်ပိုက်ဆံနဲ့ ကုမှာလဲ။ ကျုပ်တို့လည်း ပိုက်ဆံမရှိဘူး။ အကြွေးတင်ခံပြီး ရှာလည်း မရှာပေးနိုင်ဘူး။ ညဉ်းညီမလေးက ကျောက်ကပ်အစားထိုးမှ ရမယ့် အခြေအနေကို ဘယ်သူက လှူမှာမလို့လဲ။ ရန်ကုန်ကို သွားမယ်ဆိုရင်တော့ ကျုပ်တို့ မလိုက်နိုင်ဘူး။ ညဉ်းတို့ဘာသာ သွားတော့။


ကျုပ်တော့ မျှော်လင့်ချက်မရှိမယ့်အတူ ပိုက်ဆံအကုန်မခံချင်ဘူး။ ညဉ်းလည်း ရှေ့ဆက်ဖို့ ဘဝတက်လမ်းတွေ ရှိသေးတယ် စဉ်းစားပေါ့အေ။ ကျုပ်ယောက်ျားက ညဉ်းတို့နောက်လိုက်ရင် ဆူမယ်၊ သောင်းကျန်းမယ်။ အခုတောင် မလွဲသာလို့ လိုက်လာရတာ”


ကျွန်မ အားကိုးမိတဲ့ ကြီးကြီးစကားလုံးတွေဟာ ရင်ဝကို အပ်ချောင်းပေါင်းများစွာနဲ့ စိုက်ထိုးလိုက်သလိုပင် နာကျင်ရပါတယ် ကြီးကြီးရယ်။ ပြောရက်လိုက်တာ။ မိဘတွေ မရှိတော့ပေမယ့် သွေးသားအရင်းချာဆိုလို့ ကြီးကြီးပဲ အုပ်ထိန်းသူအနေနဲ့ ရှိတာကို။ ရင်ထဲမှာ တင်းကျပ်လာပြီး မျက်ရည်တွေမကျအောင် ထိန်းရင်း-


“ကြီးကြီးတို့ မလိုက်လဲရပါတယ်၊ သမီးပဲ သွားပါ့မယ်။ ဘဝမှာ ဒီညီမလေး တစ်ယောက်ပဲရှိတာမို့ သမီး အစွမ်းကုန် ကြိုးစားကြည့်ချင်သေးတယ်။ အားထားရာ၊ တွယ်တာစရာ ဒီတစ်ယောက်တည်းပဲ ရှိတာမလို့ပါ”


“ပြောမရလဲ ညဉ်းသဘောပဲ ဝေဝေ၊ ညဉ်းညီမဆိုတော့ ညဉ်းကြိုက်သလိုလုပ်။ ကျုပ်တော့ ရွာပြန်တော့မယ်”


ဆေးရုံကားပေါ်တက်ကြတော့ ဒီတစ်ခါ ဆေးရုံက သူနာပြုဆရာမလေးရယ်၊ ကျွန်မရယ်၊ ညီမလေးရယ်ပဲ ပါတော့သည်။ ကြီးကြီးက ကျွန်မတို့ကား ထွက်သွားတဲ့အချိန်ထိ မပြန်သေးဘဲ ရပ်ကြည့်နေသည်။ ကြီးကြီးမျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်မလည်း ကြီးကြီးကို ကြည့်ပြီး မျက်ရည်တွေ ကျနေမိသည်။ ကျွန်မ ငိုချင်လာပြီ။


မျက်လုံးတွေ နီရဲကာ မျက်ရည်တွေက သူ့အလိုလို ကျလာခဲ့သည်။ အခုတော့ ညီမလေးရဲ့ အုပ်ထိန်းသူအဖြစ် ၁၈ နှစ်မပြည့်သေးတဲ့ ကျွန်မက ဘဝဇာတ်ခုံတွေပေါ် မီးစင်ကြည့်ကရတော့မှာပေါ့။ မိဘတွေ သတင်းမကြားရတော့တဲ့နောက် ကြီးကြီးကို အားကိုးမိခဲ့တဲ့ ကျွန်မ၊ ကြီးကြီးမပါတဲ့လမ်းကို တစ်ယောက်တည်း လျှောက်ရတော့မယ်။


ကြီးကြီးကလည်း မျက်ရည်တွေကျလာတော့ နောက်ကျောပေးပြီး လလှည့်ထွက်သွားသည်။ ကြည့်ရင်း မျက်ရည်တွေကျကာ နှုတ်ကနေ “ကြီးကြီး” လို့ ခေါ်မိလိုက်သည်။


တဖြည်းဖြည်း ဝေးကွာသွားတဲ့ ကြီးကြီးကို ငေးကြည့်နေရင်း အကွာအဝေးကြီး ဝေးကွာသွားကာ မြူမှုန်လေးမျှလောက်သာ မြင်ရတော့သည်။ ညီမလေးအတွက် ကျွန်မသာ အမကြီးအမိရာအနေနဲ့ ရှေ့ဆက်ရတော့မည်။


ရန်ကုန်ဆေးရုံကြီးရောက်တော့ ဓာတ်မှန်ရိုက်၊ သွေးဖောက်စစ်၊ လိုအပ်တာတွေလုပ်ပြီး ညီမလေးကို အရေးပေါ်ခန်းမှာ ထားသည်။ အဲဒီကနေ တဖန် ကုတင် (၅၀၀) ဆီးနှင့် ကျောက်ကပ်ဌာနကို လွှဲပေးလိုက်သည်။


ကျွန်မလက်ထဲမှာ ပိုက်ဆံက တစ်ပတ်လောက်ပဲ ခံတော့မည်။ နောက်နေ့ကျတော့ ဆရာဝန်က ကျွန်မကို ခေါ်ပြောသည်။


“သမီး ညီမလေးအခြေအနေက ကျောက်ကပ်အစားထိုးမှပဲ မျှော်လင့်ချက် ရှိတော့မယ်။ ကျောက်ကပ်က အရမ်းပျက်စီးနေပြီ။ အလှူရှင် ပေါ်လာရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျောက်ကပ်အစားထိုးလှူဖို့က လှူချင်တိုင်းလည်း လှူလို့မရဘူး။ တစ်သျှူး အမျိုးအစားမတူရင်လည်း မရဘူး။ သမီးမှာ ကြီးကြီးတို့ရှိတယ်ဆိုရင် ပြန်တိုင်ပင်ကြည့်ပေါ့။”


ကျွန်မ ကပျာကသီဖြင့်-


“ဆရာ… သမီးရော လှူလို့မရဘူးလား။ လှူလို့ရရင် အသက်ပဲ ပေးရပေးရ လှူချင်တယ်ဆရာ။”


ရင်ထဲမှာ တင်းကျပ်လာကာ ဝေ့တက်လာတဲ့ မျက်ရည်တွေကို လက်နဲ့ အမြန်သုတ်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ကံကြမ္မာက ရက်စက်လွန်းသည်။


“သွေးအမျိုးအစားချင်း တူနေပေမယ့်လည်း တစ်သျှူးအမျိုးအစား မကိုက်ညီတာကြောင့် မမရဲ့ ကျောက်ကပ်ကို ညီမလေးဆီ လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ဘူး” လို့ ဆရာဝန်က ပြောလာတဲ့အခါ ကျွန်မ ကမ္ဘာပျက်ခဲ့ရသည်။


ရူးရပါတယ် ညီမလေးရယ်။ သွေးသားဆိုလို့ မမမှာ ဒီညီမလေးပဲ ရှိတာကို ရက်စက်လိုက်တာ ကံကြမ္မာရယ်။


ဘေးကုတင်က လူနာစောင့်အန်တီကို “ညီမလေးကို ခဏကြည့်ပေးပါ” ပြောပြီး အပြင်ကို ထွက်ခဲ့သည်။ လှေကားတစ်လျှောက်


ရင်ဘတ်ကိုလက်နဲ့ အတင်းဖိထားရင်း


တစ်လမ်းလုံး ဦးတည်ရာမဲ့ လျှောက်လာမိသည်။


ဆေးရုံရှေ့က ပလက်ဖောင်းပေါ်က သစ်ပင်ရဲ့ ခြေရင်းမှာ ထိုင်ပြီး ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ အားပါတရ ငိုချပစ်လိုက်တော့သည်။


××××××


“မမ… မမ…” လို့ မောဟိုက်စွာ ခေါ်ရင်း ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ ညီမလေးရဲ့ လက်ကလေးတွေ သွေးအေးသွားခဲ့တဲ့ ထိုနေ့က… ကျွန်မရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြာကျသွားခဲ့ရတာပေါ့။


ဆရာဝန်တွေ၊ ပရဟိတအသင်းတွေက


အွန်လိုင်းပေါ်မှာ အလှူရှင်ရှာဖို့ အစွမ်းကုန် ဝိုင်းဝန်းကူညီပေးခဲ့ကြပေမယ့်လည်း အလှူရှင်ဆိုတာ ကံတရားက ကျွန်မတို့လို ဆင်းရဲသား ညီအစ်မနှစ်ယောက်အတွက် ဖန်တီးမပေးခဲ့တဲ့ ဆုလာဘ်တစ်ခုပဲ ထင်ပါရဲ့။


ညီမလေးဟာ ကျွန်မကို နွေးထွေးတဲ့ အပြုံးလေးတစ်ခု ချန်ထားရစ်ရင်း ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့လေပြီ။


ညီမလေး မရှိတော့တဲ့နောက်ပိုင်း အမေတို့ဆီကလည်း မည်သည့်သတင်းမှ ထာဝရ မကြားရတော့ပါ။ ကျွန်မ ဘဝကို ဇွဲမလျှော့ဘဲ တစ်ယောက်တည်း ရုန်းကန်ခဲ့ရသည်။ ညီမလေးကို ကယ်တင်ခွင့် မရခဲ့တဲ့ ထိုအမှောင်ဆုံးနေ့ရက်တွေကပဲ ကျွန်မကို ပိုပြီး ကြံ့ခိုင်တဲ့ မိန်းမတစ်ယောက် ဖြစ်လာအောင် သွေးပေးခဲ့တာ ထင်ပါသည်။


အတိတ်ရဲ့ အရိပ်တွေဆီကနေ ရုန်းထွက်ပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ကြည့်လိုက်တဲ့အခါဆေးရုံပလက်ဖောင်းပေါ်က သစ်ပင်ခြေရင်းမှာ ရှိုက်ကြီးတငင် ငိုနေဆဲဖြစ်တဲ့ ကောင်မလေးကို တွေ့နေရတုန်းပင်။


ကျွန်မ ကားတံခါးကို ဖွင့်ပြီး ခြေလှမ်းကျဲကျဲဖြင့် ထိုကောင်မလေးဆီ လျှောက်သွားမိသည်။ ကောင်မလေးရဲ့ အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကျွန်မရဲ့ အဖြူရောင်လက်ကိုင်ပုဝါလေးကို ကမ်းပေးရင်း-


“မငိုပါနဲ့ ညီမလေးရာ… အဖြေတစ်ခုတော့ ရှိမှာပါ၊ မမ ကူညီပေးပါမယ်…”


ကောင်မလေးက မျက်ရည်တွေကြားက ကျွန်မကို မျှော်လင့်ချက်အပြည့်နဲ့ မော့ကြည့်ရှာသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်မ


ကူကယ်ရာမဲ့စွာနဲ့ အော်ဟစ်ငိုကြွေးခဲ့ဖူးပေမယ့် အခုတော့ ဒီကောင်မလေးကို ညီမလေးတစ်ယောက်လို ကျွန်မ အဆုံးထိ အစွမ်းကုန် ကူညီစောင့်ရှောက်ပေးတော့မည်။


ကျွန်မတို့ဟာ သွေးသားမတော်စပ်ခဲ့ပေမယ့်လည်း… သောကချင်း စာနာပြီး မေတ္တာချင်း ထပ်တူကျနေတဲ့ “သွေးမစပ်သော်လည်း ရင်နှစ်စပ်သူတွေ” မဟုတ်ပါလား…။


ဆုမိန်နှင်း


#ဆုမိန်နှင်း #ဝတ္ထုတို #သွေးမစပ်သော်လည်းရင်နှစ်စပ်သူတွေ

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား