ဂုဏ်(စ/ဆုံး)
ဂုဏ်(စ/ဆုံး)
——-
ကိုယ်ပိုင်လုပ်ငန်းများ ၊ပြည်သူပိုင်
အသိမ်းခံရသောကာလက၊ပရိုက်ပိတ်
ကျောင်းများလည်းကိုယ်ပိုင်လုပ်ငန်းထဲအကြုံးဝင်ခဲ့ပါသည်။
ပါပါကြီးနှင့်မာမာကြီးတို့ဖွင့်ထားသော
ပရိုက်ပိတ်ကျောင်းလေးမှာမကြီးလှ၊
အတိအကျပြောရလျှင်၊ပေအစိတ်
ပေငါးဆယ်တွင်နှစ်ထပ်ကျောင်းလေးဖွင့်ထားပါသည်။မူလတန်းဆင့်ကလေးများအား၊ဆရာဆရာမနှစ်ယောက်၊အကူတစ်ယောက်ဖြင့်သာဖွင့်ထားခြင်းဖြစ်သည်။
အတန်းကြီးမရှိပါ။
ကျောင်းငယ်လေးဖြစ်လင့်ကစား၊
အလွတ်ပညာသင်ကျောင်း၊
စာရင်းဝင်တော့၊အသိမ်းခံရတဲ့စာရင်းထဲ
ပါခဲ့ပါသည်။
စာအသင်အပြကောင်းသည်စည်းကမ်း
ကောင်းသည်ဟု၊နံမည်ရသောကျောင်းကလေးဖြစ်ခဲ့ပါသည်။
သည်နေ့တင်ပြလိုသည်က၊ထိုကျောင်း
လေးမှ၊အကူဆရာ ဦးကျီးညို(ခေါ်)
ဆရာကျီး(ဆရာကြီး)အကြောင်းပါ။
ဆရာကြီးသည်၊
ဆွေးအမျိုးအသိုင်းအဝိုင်းတောင့်၏။
ညီအကိုမောင်နှမရှိ၏၊သို့သော်လည်း
ဆရာကြီးကားတစ်ယောက်ထည်း၊
အေးအေးဆေးဆေးနေချင်သူပါ။
အသိုင်းအဝိုင်းက၊စီးပွားတောင့်သူ
များသော်လည်း၊ရလိုမှုမထား၊
လောဘမရှိ။
ခြေတောက်တဖက်မသန်သဖြင့် ၊ဒုတ်ကောက်တစ်ချောင်းထောက်ပြီး
သွားနေရသော်လည်း၊ကိုယ်လုပ်အားဖြင့်ကိုယ်ထမင်းရှာပြီးစားလိုသူပါ။ကိုယ့်အားကိုကိုယ်ကိုးသူဖြစ်သည်။
ငယ်စဉ်က၊ရှေ့ခွန်နှစ်တန်းလောက်စာ
သင်ယူခဲ့ဖူး၏။ကလေးများစာတတ်စေလိုသောစေတနာကြောင့်စာသင်ပေးနေလိုသည်က၊သူရဲ့ဝါသနာပါ။
ု ဆရာအဖြစ်လုပ်နေခြင်းသည်ပင်၊သူ၏
ပျော်ရွှင်ကျေနပ်ခြင်းကိုဖြစ်စေပါသည်။
ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း၊သူသည်
ဆရာအဖြစ်စာရင်းမဝင်တော့ပါ။
သို့သော် ထိုကျောင်း၏၊သန့်ရှင်းရေး
လုပ်သားအဖြစ်မိဘဆရာအသင်းမှ
ခန့်ထားပေးခြင်းဖြင့်သူ၏ဆန္ဒအားကူညီထားပါသည်။ထိုသို့ပြုလုပ်ပေးခြင်း
ကြောင့်၊ဆရာဘဝရောက်လိုသော၊သူ၏ဆန္ဒသည်၊ပြည့်စုံသွားပါသည်။
သန့်ရှင်းရေးအလုပ်အပြင်၊ရုံးကိစ္စ၊ငွေစာရင်းကိစ္စ၊စာသင်ကြားရေးကိစ္စအဝဝတို့အားသူကျွမ်းကျင်ပါသည်။ကျောင်းကိစ္စနှင့်ပတ်သက်ပြီးထူးခြားစွာအတွေ့အကြုံရှိသူဖြစ်သည်။
သူတတ်သောကိစ္စအားလုံးအား၊သူလုပ်
ပေးပါသည်။ ကျောင်းအုပ်ဟုခန့်ထား
ခြင်းမခံရသော်လည်း၊ကျောင်းအုပ်
တစ်ယောက်တတ်သင့်သော၊ပညာ
အားလုံးအား၊သူသိပါသည်။
ဆရာဆရာမအားလုံး၏၊လိုအပ်ချက်
များအားသူအကူအညီပေးနိုင်ပါသည်။
ကျောင်းအုပ်ချုပ်ရေးနှင့်သင်ကြားရေး
အပိုင်းတွင်လည်း၊ဆရာဆရာမများ
ခွင့်ယူစဉ်၊ကျောင်းနောက်ကျစဉ်၊သူက
ဖြည့်ဆည်း၍၊တာဝန်ယူပေးပါသည်။
သူကစာတော်သူကလေးများနှင့်
စည်းကမ်းရှိသူ၊ကြိုးစားသူ၊အကျင့်စာ
ရိတ္တကောင်းသူကလေးများအား၊
အလွန်ပင်ချစ်ပါသည်။
သို့သော် ၊ဆိုးသူ၊အကျင်းမကောင်းသူနှင့်
စာမလုပ်ချင်သောကလေးများအား
သူကအော်ပြီးခြောက်တတ်သဖြင့်၊သူ့
အားကလေးများကကြောက်ကြသည်။
ဆရာဆရာမများက၊စာမလုပ်ချင်သော
ကလေးများအား၊ဦးကြီးနှင့်လှည့်၍
ခြောက်လျှင်ကလေးများကြောက်ကြသည်။
ရိုက်လေ့မရှိပေမဲ့၊သူကိုင်ထားသောဒုတ်
အားကြည့်ပြီးကြောက်သလားမသိပါ။
နောက်ပိုင်းတွင်မဆူမရိုက်သော်လည်း၊
ကလေးများကသူ့အားကြောက်သည်
မှာအစဉ်အလာတစ်ခုလိုဖြစ်နေခဲ့ပါ
တော့သည်။
တနင်္ဂနွေတရက်တွင် ၊ဆရာကြီးတို့
ဘုရားကျောင်းသို့၊နယ်မှကလေးများ
ရောက်လာကြသည်၊အိမ်အသီးသီးတွင်
အိမ်အလုပ်ကူညီလုပ်ကိုင်ပြီး၊ကျောင်းထားပေးရန်ဖြစ်သည်။
ကလေးအားလုံးနီးပါး၊အိမ်အသီးသီး
သို့ပို့ထားပြီးသော်လည်း၊ယောကျ်ား
လေးတစ်ယောက်မှာ၊ဘယ်အိမ်ကိုမျှ
မနေချင်လို့ဆိုပြီး ငိုနေသည်ကိုဆရာကြီး
တွေ့သဖြင့်၊ကလေးဆရာကြီးနှင့်လိုက်
ပြီးနေမလားလို့မေးတော့၊ငိုနေသော
ကောင်ကလေးခေါင်းထောင်ကြည့်၏။
ဘာမပြောညာမပြောသူ့အဝတ်ထုပ်အားဆွဲပြီး ဆရာကြီးအပြန်နောက်ကလိုက်
လာပါတော့သည်။တကယ်တော့၊ဆရာ
ကြီးက၊မွေးလိုသည့်စိတ်မရှိဘဲ၊နောက်
ပြောင်လိုက်ခြင်းသာဖြစ်သည်။
သို့သော်ရေစက်ဆိုသည်ကားပြောရခက်ပါသည်။
သူတို့နှစ်ယောက်အားကြည့်ပြီး၊
သင်းအုပ်ဆရာကြီး၊အားရပါးရ
ရယ်ပါတော့သည်။
ကလေးမမွေးဖူးသောလူပျိုကြီးနှင့်
သူများအိမ်မနေချင်သောကလေးတစ်
ယောက်ဇာတ်လမ်း၊အဖြစ်ကသည်မှစပါသည်။
ကျောင်းထဲတွင်၊ဦးကြီးနေရာရသော
အခန်းလေးက၊သိပ်မကျယ်လှပါ။
အိပ်ခန်းလေးက၊ကျယ်လှဆယ်ပေပတ်လယ်ပေါ့။ နေစရာအိပ်ယာ၊ခေါင်းအုံးက
အစ၊သူပိုင်ဆိုင်သမျှကလေးအါးတဝက်ဝေပေးလိုက်သည်။ထိုအခါကလေးကသူ့အားစေ့စေ့ကြည်ပြီးပြုံးပြသည်။ပြီး
တော့မှ၊ကျေးဇူးတင်ပါတယ်ဆရာကြီး…တဲ့။
တော်ပါသေးရဲ့၊မြန်မာစကားပြော
တတ်ပေလို့။မြန်မာစာသင်ပေးရန်
တဝက်တော့နီးစပ်သွားပါသည်။သူတို့
အိပ်ခန်းကကျဉ်းပေမဲ့၊ကျောင်းဆိုတော့
သူတို့နေဖို့နေရာကများပါသည်။
သည်ကလေးသည်မှာပျော်ပုံရပါသည်။
နံမည်ဘယ်လိုခေါ်သလဲမေးတော့၊
“ဆန္မေဆး” ပါတဲ့။
ကျောင်းမထားမှီ၊ ဆန္မေဆး အား
စာသင်ကြည့်သည်။ငယ်သေးလို့လား
မသိဉာဏ်တော့အတော်ထုံသည်။
မျဖစ္မေန လုပ်တတ်သောဝိရိယ
ရှိသဖြင့်၊စာသင်ပေးလို့တတ်မှာပါ။
ဆရာကြီးမှတ်ချက်အပြု၏။
ဆရာကြီးသည်လူမသန်သော်လည်း
စာသင်ကောင်းသည်ဟုပြောကြသည်။
ပရိုက်ပိတ်ကျောင်းတွင်၊ကျနစွာ
ဆရာလုပ်ခဲ့ဖူးသဖြင့်၊စာသင်ပေးရာတွင်စနစ်ကျသောဆရာတစ်ယောက်ဖြစ်
သည်။
တကယ်တော့ဆရာကြီးကချမ်းသာသူ
တစ်ယောက်မဟုတ်ပါ။ ကျောင်းကပေး
သောလခဖြင့်၊သူတစ်ယောက်ထည်း
လောက်ငယုံသာရှိသည်။
ကလေးတစ်ယောက်၏၊ဘဝအား
မြှင့်တင်ပေးလိုသော၊စိတ်ကြောင့်သာ
ဆမ်မဆေးအားမွေးထားခြင်းဖြစ်သည်။
ကျောင်းမှစာသင်ပေးရန်ခက်သောကလေးအချို့အား၊ကျောင်းချိန်လွတ်စာပြန်သင်ပေးခြင်းဖြင့်၊မိမိတို့နှစ်ယောက်၏
အခက်အခဲအား၊ဖြေရှင်းပေးနိုင်ခဲ့သည်။
သည်အတွက်ဆရာကြီး၏စိတ်ထဲတွင်
ပင်ပမ်းသည်ဟုမတွေးခဲ့ပါ။
သူပျိုးထောင်ပေးသောကလေးလေး
ဘဝဖြစ်ဖို့သာ၊သူစဉ်းစားသည်။
သည်လိုနှင့်သူတို့နေသောရပ်ကွက်တွင်
တုတ်ကောက်အားကိုင်ပြီး၊သွားလေရာ
ကလေးတစ်ယောက်တကောက်ကောက်ပါနေသော၊ဆရာကြီးတို့၏၊အမူအရာကအမှတ်အသားတစ်ခုလိုဖြစ်လာပါသည်။
ဆရာကြီးသွားရာနေရာတိုင်းတွင်၊သည်ကလေးလေးပါလို့နေတော့သည်။
ဆန္မေဆး စတုတၳတန်းတက်နေစဉ်က
ထင်ပါရဲ့။ အတန်းတူသူငယ်ချင်း
နှစ်ယောက်က ၊နှစ်ယောက်ပေါင်းပြီး
ဆန္မေဆး အားအနိုင်ကျင့်ကြသည်။
ဆန်မဆေးသီးမခံနိုင်တော့ပြန်ချသည်။
နှစ်ယောက်လုံးနှာခေါင်းမှသွေးထွက်
သွားကြသည်။ဆမ်မဆေးလည်း
အထိနာခဲ့သည်။
ကျောင်းရုံးခန်းရောက်တော့၊အပြစ်ဖြစ်ဖို့မီးမွှေးပေးသူတို့မှာအပြစ်မရှိ။
မခံနိုင်လွန်အားကြီးလို့။တုန့်ပြန်သူသာ
အပြစ်ပေးခံရသည်။နောက်နောင်သည်လို့ရန်မဖြစ်ရန်၊သတိပေး ခံရသည်။
ကျောင်းဆင်းသွားတော့၊ဆရာကြီး
သူ့တပည့်အား၊ခေါ်ပြီးဆုံးမစကားပြော၏။
“သားလေး ဆမ်းမဆေး လာစမ်း၊
မင်းက ကလေးဆိုတော့ လူလောကကြီး
ထဲမွာ ဘယ်လိုနေသင့်တယ်၊လူအချင်း
ဘယ်လိုဆက်ဆံသင့်တယ် ဆိုတာ၊
မင်းမသိသေးဖူး။
#အရေးအကြီးဆုံးက၊လူအချင်းချင်း
လေးစားမှုရှိရမယ်။
ဒီနေရာမှာလူမျိုးမခွဲခြားရဖူး၊
ဘာသာမခွဲခြားရဖူး။
ဘုရားကျောင်းကန်၊ဗလီ စသည်နေရာ
တွေဟာ၊ကိုးကွယ်သူတို့ရဲ့၊အထွဋ်အမြတ်ထားရာနေရာတွေဘဲ၊ အများလေး
စားသလိုကိုယ်လည်းလေးစားပေး
လိုက်ပါ။သည်လိုလုပ်လို့မင်းမှာ
တန်ဖိုးလျှော့မသွားပါဖူး။
အစ်စလန်ဘာသာဝင်တွေက၊
ဆလန်မာရိကွန်းလို့ပြောလာရင်၊
ကိုယ်အားလေးစားသမှုဆက်ဆန်လာ
တယ်လို့သိလိုက်ပေါ့၊
မာရိကွန်းဆလံလို့ပြန်ပြောလိုက်ရတာ
ဘာဖြစ်သလဲ။
အပြန်အလှန်လေးစားခြင်းသည်၊
ဘာသာအားလုံးနှင့်သက်ဆက်ဆိုင်ပါ
ပေတယ်၊အားလုံးနှစ်သက်ကြပါပေတယ်။
တို့ခရစ်စယာန်ဘာသာမှာ၊ဂုဏ်ပြုပွဲ
စသည်တွေလုပ်ကြတော့၊တို့သင်းအုပ်
ဆရာများနှင့်အတူ၊ဗုဒ္ဓဘာသာဝင်
တွေလည်းကျမ်းစာအတူဝင်ပြီး
ဖတ်ကြတယ်မဟုတ်လား။ထမင်းပွဲ
စားတော့မယ်ဆိုရင်၊တို့ဘာသာဝင်တွေ
နှင့်အတူအခြားဘာသာဝင်တွေလဲ
ဆုတောင်းမေတ္တာပို့ကြတာဘဲ၊
အဲဒီဟာတဦးနှင့်တစ်ဦးလေးစားသမှု
ပြုချင်းဘဲပေါ့။
ကျောင်းစာမှာ၊ဆရာမတွေကသင်ပေး
တယ်။
ကြီးသူကိုရိုသေပါ။
ငယ်သူကိုညှာတာပါ။
တန်းတူကိုသင့်အောင်ပေါင်းပါ။
အဲထာတစ်ယောက်နှင့်တစ်ယောက်
ညီညွတ်မျှတစွာ၊နေထိုင်သင့်တဲ့၊လမ်း
ညွှန်ဘဲ။
မွတ္ထား နောက်နောင် အချင်းချင်း
ရန်မဖြစ်အောင်နေထိုင်ပါ။
မင်္ဂလာတရားတော်မှာ၊လူမိုက်နှင့်
ယှဉ်ပြီးရန်မဖြစ်နဲ့ရှောင်ပါလို့၊ပြောထား
တယ်၊မှတ်ထားနော်… မောင်ဆမ်မဆေး။
ဆရာကြီးမေတ္တာအားအမြဲခံယူထား
သောဆမ်မဆေး။ ဆရာ၏ဆုံးမစကား
အားနားထောင်တတ်သူဖြစ်သဖြင့်
ထိုနေ့မှစပြီးရန်မဖြစ်တော့ပါ။
အရှုံးပေးခြင်းမဟုတ်ပါ။တတ်နိုင်သမျှ
ရှောင်ပါသည်။လူမိုက်နှင့်အတူမနေရန်
မွတ္သားထားပါ၏။
ဆမ္မေဆး.ရှစ်တန်းအောင်တော့
အလွန်ဝမ်းသာခဲ့ပါသည်။၊ဆရာကြီးအားအရင်ဆုံးသိစေလိုသဖြင့်၊အားရဝမ်းသာ
စွာဖြင့်ဆရာကြီးအားပြေး၍ပြောသည်။
ဆရာကြီးက၊အေးကောင်းတာပေါ့ကွာ၊
အားလုံးအောင်ကြတယ်မဟုတ်လား၊
လို့မေးပြီး၊သူအလုပ်အားသူဆက်လုပ်
နေသည်။
ဆမ်မဆေးကတော့၊ဆရာကြီး သိစေချင်လွန်းလို့၊ကျောင်းကနေပြေး
လာလိုက်ရတာအမောတစ်ခေါ ပါ။
မင်းတော်လိုက်ထာလို့ပြောသော
ဆရာကြီး၏၊ဆိုစကားအားကြားချင်နေခဲ့ပါသည်။သို့သော်မကြားခဲ့ရပါ။
စကားတလုံးထည်းပြောပါသည်။
မင်းဆက်ပြီးကြိုးစားပါတဲ့။
လွတ်လပ်ရေးနေ့မို့၊ရပ်ကွက်ထဲမှာ၊
ဘောလုံးပွဲ၊ကျင်းပသည်။ဆမ်မဆေး
ဝင်ရောက်ကန်သော၊ဘောလုံးအသင်းက
ပထမရသည်။
ဆုပေးပွဲတွင်ဆရာကြီးတက်ရောက်စေ
ချင်လွန်းလို့၊သွားရောက်ဖိတ်ခေါ်သည်။
မနှစ်ကလွတ်လပ်ရေးပွဲတုံးက၊သုံးသင်း
ုပြိုင်တော့၊မင်းတို့တတိယရတယ်၊
မဟုတ္လားတဲ့။
ုဟုတ်ပါတယ်လို့ပြောတော့၊
အေးဒါပါဘဲ၊နောက်တနှစ်လည်းမင်းတို့
အသင်းပထမဆုထပ်ရမယ်ဆိုရင်
ကောင်းတာပေါ့တဲ့။
ထိုနေ့ကဆုပေးပွဲတွင်၊ဆမ်မဆေးကြားချင်လွန်းလှသောဆရာကြီး၏၊အားပေး
သောလက်ခုပ်သံအားမကြားခဲ့ရပါ။
ဆမ္မေဆး အားငယ်မိပါသည်။
ဆယ်တန်းအောင်စာရင်းထွက်တော့၊
ဆန်မဆေးလည်းအောင်သည်။
ဂုဏ်ထူးတွေအများကြီးပါတယ်လို့
ဆရာကြီးအားဆန်မဆေးပြောပြချင်သည်။ ဂုဏ်ထူးမပါလို့ဆရာကြီးအား
အားရဝမ်းသာမပြောပြနိုင်ခဲ့။
ဒါပေမဲ့ဆရာကြီး၏အမူအယာက
ဆမ်မဆေးအားဖက်ပြီး၊အားရဝမ်းသာ
ဂုဏ်ယူနေပါသည်။
ပြီးတော့ပြောပြသည်။
မင်းမှတ်ထား ဆမ္မေဆး
လူအများတွေဆယ်တန်းရောက်ရင်
စာမေးပွဲကျတတ်ကြတယ်။ပြီးတော့
စိတ်ဓာတ်ကျတယ်ဆိုပြီးစာမေးပွဲ
ဆက်မဖြေကြတော့ဖူး။ပြီးတော့၊
တောလုပ်တောင်လုပ်နဲ့ဘဝတွေပျက်
သွားကြတယ်၊
မင်းကအဲဒီလိုဖြစ်တတ်တဲ့လူတွေထဲ
မပါဖူး၊ဉာဏ်မကောင်းပေမဲ့ကိုယ်အား
ကိုယ်ကိုးပြီးစာမေးပွဲကိုအောင်အောင်
ဖြေခဲ့တယ်။ ကိုယ့်ကိုကိုယ်ပြန်ပြီးပေး
တဲ့ဂုဏ်မဟုတ်တဲ့၊နိုင်ငံတော်ကချီးမြင့်
တဲ့ဂုဏ်လေးတစ်ခုတော့ရသွားပြီ
ပေါ့ကွာ။အထိုက်အလျှောက်တော့
တန်ဖိုးရှိပါပေတယ်။
ပစ္စည်ဂုဏ်၊အလှဂုဏ်၊ဆွေမျိုးဂုဏ်
စသည်တို့ထက်၊ပညာဂုဏ်ကသာပြီး
တန်ဖိုးရှိပါပေတယ်။
သည်ထက်တန်ဖိုးရှိတဲ့ဂုဏ်တွေလည်းရှိ
သေးတယ်ငါသား။
အဲထာဘာလဲဆိုတော့အများလုပ်နိုင်စွမ်း
မရှိတဲ့၊အများအတွက်၊ကိုယ်ကျိုးစွန့်
အနစ်နာခံခြင်းမျိုးဘဲ။
အဲဒီလိုဂုဏ်မျိုးကို၊ငါ့သားရအောင်ယူပါ။ ငါသားယူစေချင်တယ်။ဆရာကြီးက
အဲဒီလိုဂုဏ်မျိုးကိုမှပိုပြီးနှစ်သက်ပါတယ်။
အေး…ဆယ်တန်းအောင်ပြီဆိုတော့
မင်းနဲ့လိုက်ဖက်တဲ့တက္ကသိုလ်တစ်ခုခု
ကိုတက်နိုင်ပြီပေါ့။
တက်ကြဒါပေါ့။
ဒါပေမဲ့ မင်းနေရပ်ခနပြန်လိုက်အုံး၊
အဖေအမေဆွေမျိုးတွေက၊
မင်းကိုခွဲပြီး၊ငါဆီပို့ထားတာကြာပေါ့။
သူတို့လည်းမင်းကိုလွမ်းကြမှာဘဲလေ။
ကျွတ်…ကျွတ်…ကျွတ်ကျွတ်….
ဆရာကြီးမွေးရာပါဝေဒနာကြောင့်
လြယ္ကူစြာ ဖြင့်ထလို့မရ။
ဆံမေဆး သူ့အခန်းတွင်းသို့၊တွဲပြီး
ပို့ပေးရပါသည်။
ရက်များမကြာမှီဆရာကြီးအား
ကန်တော့ပြီး၊ဆန်မဆေးမွေးရပ်သို့
ပြန်ခဲ့၏။လမ်းတလျှောက်လုံး၊ထိုင်ပြီး
ကန်တော့နေသော၊သူခေါင်းအား
ပွတ်ပေးရင်း၊ငိုသံပါကြီးနှင့်ဆုပေးနေ
သောဆရာကြီး၏ရုပ်နှင့်အသံတို့အား
ကြားမိနေပါတော့သည်။
ပြောလိုက်ပါသေးတယ်၊
အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး
ဆောင်ရွက်လို့ရတဲ့ဂုဏ်မှ၊တကယ့်ဂုဏ်
ပါတဲ့။
အချိန်သည်ကုန်လွယ်လှသည်။
ဆမ်မဆေးရွာပြန်သည်မှာ၊သုံးနှစ်တောင်ကြာခဲ့၏။
သူပြန်သွားတော့၊မိဘများနှင့်ရွာသား
အားလုံးပျော်ကြသည်။သူတို့ရွာသား
ခေတ်ပညာတတ်ကြီးရွာသို့ပြန်ရောက်
လာတယ်ဆိုတော့၊အားလုံးဂုဏ်ယူကြ
သည်။
သို့သော် ဆန်မဆေးတို့ရွာတွင်၊မူလတန်း
ကျောင်းလို့သတ်မှတ်ထားသော်လည်း
သင်မည့်ဆရာရောက်မလာပါ။
မြို့နှင့်အတော်ဝေးကွာသော၊တောင်ပေါ်ရွာကလေးမို့၊ဝန်ထမ်းများမလာချင်ကြ။
သည်တော့ ဆမ်မဆေးတာဝန်ကျပြီ။
သည်အချိန်ဆိုသူငယ်ချင်းတွေတက္ကသိုလ်အသီးသီးမှာကျောင်းတက်နေကြပြီ။
မြို့သိုပြန်ပြီးတက္ကသိုလ်တက်ချင်ပေမဲ့၊
ကလေးတွေစာတတ်အောင်သင်ပေးရင်း
သုံးနှစ်ကြာသွားသည်။
သို့သော်လည်း၊
“ဆရာကြီးကဆုံးမထားသည်၊အများမလုပ်နိုင်တဲ့၊အများအကျိုးကို၊ကိုယ်ကျိုး
စွန့်ပြီး၊ရယူတဲ့ဂုဏ်သာလျှင်တန်ဖိုး
အရှိဆုံးဖြစ်ပါသတဲ့”
သည်ဂုဏ်ကိုဆန်မဆေးရပါပြီ။
ဆရာကြီးရယူစေလိုသောဂုဏ်အား
ဆမ္မေဆး ရယူနိုင်ခဲ့ပါပြီ။
ရွာတွင်ဆရာအသစ်ရောက်လာပြီမို့၊
အံကြိတ်ပြီးတိုးတိုးတိတ်တိတ်ငိုနေသော
တပည့်ကလေးများအား၊လက်ပြနှတ်ဆက်ပြီး၊ဆရာကြီးရှိရာ၊ရန်ကုန်သို့၊ပြန်လာခဲ့သည်။
လာလိုလျှင်အနီးကလေးဆိုပေသည့်
ရောက်ခါနီးလေ၊ခရီးကဝေးလေလို့ထင်ရသည်။ ဆရာကြီးရယူစေလိုသော
ဂုဏ်အား၊ရယူလာပြီမို့၊ဆရာကြီးအား
ပြေးပြီးပြောပြချင်ပါသည်။
တက္ကစီပေါ်ကဆင်းတော့၊နေဝင်ဖြိုးဖျ
အချိန်လေးဖြစ်သည်။
ကျောင်းခြံထဲပြေးဝင်သွားတော့
ကျောင်းဝိုင်းကြီးကတိတ်ဆိတ်လှသည်။
ဆရာကြီးနေသောကျောင်းခန်းလေး
ကသောခတ်မထားတော့၊အသာလေး
တွန်းပြီးဝင်သွားသည်။
မှောင်နေသဖြင့်မီးခလုတ်အားစမ်းပြီး
ဖွင့်သည်။ဆရာကြီး…ဆရာကြီး ဟုလည်း အဆက်မပြတ်ခေါ်နေမိသည်။
ပြန် ထူးသံမကြားရပါ။
ဆရာကြီးဘယ်ကိုများသွားနေပါလိမ့်။
ဟိုဟိုသည်သည်ကြည့်တော့၊အခန်း
အလယ်တွင်၊ဆရာကြီး၏၊သံသေတ္တာ
လေးတလုံး။သော့ခတ်မထားပါ။
ဖွင့်ကြည့်လိုက်တော့၊အပေါ်ရံမှာ
တင်ထားတဲ့စာလေးတစ်ဆောင်။
ငါ့သား ဆမ္မေဆး သို့…တဲ့။
တုံ့နေသောလက်များဖြင့်စာအိပ်အား
ဖောက်ကြည့်သည်။
ရေးထားသည့်စာက၊များများစားစား
မပါ။
” ငါ့သား ဆမ္မေဆး ဂုဏ်ယူထိုက်သူ
ဖြစ်အောင်ကြိုးစားပြီး နေခဲ့ပါ။
ဘုရားသခင်စောင့်ရှောက်ပါစေ…တဲ့။”
ဆိုင်းထိုးမထားသော၊စာအိပ်ပြာလေး
အားကိုင်ပြီး၊ဆမ်မဆေးငိုင်သွားပါသည်။
ဆမ်မဆေးရဲ့ဆရာကြီးဘယ်ရောက်သွား
ပြီလည်း။
ဆရာကြီးအတွက်သယ်ယူလာခဲ့သော
လူနှင့်ထိုက်တန်သော “ဂုဏ်”လေးအား
ဆရာကြီးထံပေးလိုက်ချင်ပါဘိ။
ဆမ်မဆေးဂုဏ်ယူထိုက်သူဖြစ်ခဲ့ပေမဲ့
ဆရာကြီးအတွက်မပေးလိုက်နိုင်သည်ကိုတော့၊ဆမ်မဆေး၊ဝမ်းနည်းစွာမျက်ရည်
ကျခဲ့ရပါသည်။
မောင်သာလိ
. ၆.၂.၂၄.