ရွံစရာကောင်းပုံက(စ/ဆုံး)

ရွံစရာကောင်းပုံက(စ/ဆုံး)

——————–

နေ့လယ်ကျောင်းလွှတ်ချိန် ထမင်းဘူးလေးကိုဖွင့်ကာ စားမည်ဟု ပြင်နေစဉ် ခင်မောင်ရောက်လာသည်။


“ခင်မောင် လာကွာ ထမင်းစားမယ်”


“ဒီနေ့ ထမင်းဘူး ပါမလာဘူးဆရာ … လာပါ ဆိုင်မှာ သွားစားရအောင်”


“ဟေ့ကောင် … ပြတ်တုန်း ငတ်တုန်း ၂၃ လေ … ဆိုင်သွားစားနိုင်ရအောင် ဘယ်မှာလဲ”


ကျွန်တော်က ခင်မောင်ကို လက်ဝိုင်းပြကာ မေးလိုက်သည်။


“ကျွန်တော့်မှာ ပါတယ်ဆရာ … မနက်ကပဲ အိမ်ကစောင်ကို သွားပေါင်လာတာ”


“ဘာဖြစ်လို့ပေါင်ရတာလဲကွာ”


“မင်္ဂလာဦး လက်ဖွဲ့စောင်ဆရာ … ပိုက်ဆံမရှိလို့ သွားပေါင်လိုက်တာ”


“မင်းမိန်းမသိရင်တော့ မလွယ်ဘူး … ငါတရားခံစာရင်းထဲ မပါချင်ဘူးကွာ … သွားပါ မင်းတစ်ယောက်တည်း သွားစား”


“လာပါဆရာရယ် … အဲဒီကောင်မကို အရေးစိုက်လို့”


“အင်း … မင်းတို့ လင်မယား ရန်ဖြစ်လာပြီနဲ့တူတယ်”


ခင်မောင်က ကျွန်တော့်ထမင်းဘူးကို အတင်းပိတ်ကာ လက်ကို ဆွဲခေါ်နေသည်။ ကျွန်တော်လည်း လိုက်ချင်ယဲ့ယဲ့ ဖြစ်နေသောကြောင့် ခင်မောင်ခေါ်ရာကို လိုက်ခဲ့သည်။ ထုံးစံအတိုင်း ကျောင်းလမ်းထိပ်က အကြော်စုံဆိုင်ဖြစ်သည်။ ထိုဆိုင်တွင် အကြော်သုပ်နှင့် ထမင်းရသည်။ ကျွန်တော်က ထမင်းဘူးလေးကို ကိုင်လာသည်။ ပဲပြုတ်ကတော့ ယနေ့ မျက်နှာငယ်ရတော့မည်။


အကြော်ဆိုင်ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း


“ခင်မောင် … မင်းနဲ့ သီတာ ဘာဖြစ်သလဲပြော”


“အဆင်မပြေဘူးဆရာ”


“ဘာဖြစ်လို့ အဆင်မပြေရတာလဲကွာ”


သီတာနှင့်ခင်မောင်သည် ကျွန်တော့် ကျောင်းမှ မူလတန်းပြဆရာများဖြစ်ပြီး မနှစ်ကမှ လက်ထပ်ထားကြ သူများဖြစ်သည်။ သူတို့ ချစ်သူဘဝ ရက်တိုတောင်းလှသည်။ သီတာက ကျွန်တော့်ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည်မှာ သုံးနှစ်ရှိပြီး ခင်မောင်က ယမန်နှစ်က စာသင်နှစ်မှ ရောက်လာသည်။ သူတို့ ချစ်သူ ဖြစ်ချိန် ၇ လအတွင်း လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။


“သိပ်ပြီး ဩဇာပေးလွန်းတယ်ဆရာ”


“မင်းယူထားတာ ဆရာမလေ … သီတာက ဒီလိုပဲ ဆရာမကြီး လုပ်ချင်တာ သိတယ်မဟုတ်လား”


“လွန်တယ်ဆရာ”


“ဘာတွေလွန်သလဲကွာ”


“ကန်တော့ပါဆရာ … လင်မယားချင်း အိပ်ရင်တောင် ဆရာလုပ်နေတာ”


ကျွန်တော်က သောက်လက်စရေနွေး သီးသွားပြီး ပန်းကန်ကို ချကာ


“တော် ဟေ့ကောင် … ဒါတွေ ပြောစရာလား”


ကျွန်တော်က အကြော်သုပ်လာချပေးသဖြင့် ထမင်းဘူးကိုဖွင့်ကို စားလိုက်သည်။ ခင်မောင်ကလည်း အကြော်သုပ်ကိုစားရင်းက


“ဒေါ်ညိုရေ ငရုတ်သီးစိမ်း ပန်းကန်လေး လာချပါဗျာ” ဟု အကြော်သည်ကို အော်လိုက်သည်။


ငရုတ်သီးစိမ်း ပန်းကန်လာချသော် ခင်မောင်က ငရုတ်သီးတစ်တောင့်ကိုယူကာ အကြော်ကို တစ်ဇွန်း စားလိုက်၊ ငရုတ်သီးတောင့်ကို ကိုက်လိုက်နှင့် အားရပါးရစားနေသည်။ ထို့နောက်


“အား … စပ်လိုက်တာ” ဟု အော်သည်


“ခင်မောင်”


“ဗျာ ဆရာ”


“ဘာဖြစ်လို့ ငရုတ်သီးတောင့်ကို ကိုက်စားရသလဲ”


“ဟာ ဆရာကလည်း စပ်ချင်လို့ပေါ့”


“အေး စပ်ချင်လို့ ငရုတ်သီးတောင့်ကို ကိုက်စားတာ … စပ်မှာ ကြောက်လို့လား … စပ်တာကို ကြိုက်လို့လား”


“ကြိုက်လို့ပေါ့ဆရာရယ်”


“ကောင်းပါလေ့ အစပ်ကြိုက်လို့ ငရုတ်သီးစားနေပြီးမှ ဘာဖြစ်လို့ စပ်လိုက်တာလို့ အော်နေရသေးလဲကွာ”


သူကသဘောပေါက်သည်


“ဆရာ မသိပါဘူး … တော်တော်ရွံစရာကောင်းတဲ့ မိန်းမပါဆရာရယ်”


“ဘာလဲကွ ရွံစရာကောင်းတယ်ဆိုတာ”


“ဆရာ စဉ်းစားကြည့် အိပ်ရာထဲရောက်ရင် အီးပေါက်ပြီ … အပြင်ထွက်ပေါက်ပေါ့”


“နေပါဦးကွယ် … မင်းကရော အီးမပေါက်တတ်တဲ့ သတ္တဝါမို့လို့လား”


“ရှိသေးတယ် … ဟောက်လည်း ဟောက်တယ်ခင်ဗျ”


“လူပဲကွယ် အိပ်ရင် ဟောက်တာ ဆန်းသလား”


“ဆရာက ဒါတွေကို ဘယ်သိမလဲ … ကျွန်တော်ကတော့ လက်တွေ့ကို ခံစားနေရတာ”


“ခင်မောင်”


“ဆရာ”


“မင်းစောစောက ပြောသွားတယ်လေ”


“ဘာလဲဆရာ”


“မင်းမိန်းမက ရွံစရာကောင်းဆို”


“ဟုတ်တယ်ဆရာ”


“အေးလေ … အဲဒီ ရွံစရာကပဲ ကောင်းနေတာမဟုတ်လား”


“ဗျာ”


ခင်မောင် စကားမဆက်နိုင်တော့။


ကျွန်တော်တို့ စားပြီးနောက် လက်ဖက်ရည်တစ်ခွက်စီ ထပ်သောက်ကြသည်။ ပြီးလျှင် ကျောင်းကို ပြန်လာကြ သည်။ သီတာမက ကျွန်တော်တို့ကို သူ့စာသင်ခန်းထဲက လှမ်းကြည့်နေသည်။


ခင်မောင်က ကျွန်တော့် ရုံးခန်းကို လိုက်ခဲ့သည်။


ခဏအကြာတွင် ကျောင်းသားလေးတစ်ယောက်က အထုပ်တစ်ထုပ်ကို ယူလာပြီး ရုံးခန်းထဲကို ဝင်လာသည်


“ဘာလဲကွာ သား”


“ဆရာ ဦးခင်မောင်ကို ဆရာမက ဒီအထုပ် ပေးလိုက်လို့ပါ ဆရာကြီး”


“ခင်မောင် ဘာလဲ ဖွင့်ကြည့်စမ်း”


ခင်မောင်က သတင်းစာစက္ကူထုပ်ကို ဖြေကြည့်သည်။


“ဟ စောင်ပါလား”


“ဟုတ်တယ် … ကျွန်တော် မနက်က အပေါင်ဆိုင်မှာ ပေါင်ခဲ့တဲ့စောင်”


“ဟေ့ကောင် စာတစ်စောင် ထွက်ကျသွားပြီ”


ခင်မောင်က စာကို ကောက်ဖတ်သည်


“ဘာတဲ့လဲကွ”


ခင်မောင်က ကျွန်တော့်ကို ထိုစာပေးလိုက်သည်။


“ရှင်ပေါင်ထားတဲ့ စောင်ကို ဒီလရတဲ့ ဆန်ခွဲတန်း ရောင်းပြီး ပေးလိုက်ပြီ။ မင်္ဂလာဦးပစ္စည်းကို ဒီလို မလုပ်ပါနဲ့။ ရှင်မကြိုက်ရင် ဒီည ခွဲအိပ်ကြမယ်”


ကျွန်တော်က စာကိုဖတ်ပြီးနောက်


“ခင်မောင်”


“ဆရာ”


“ရွံစရာက ကောင်းပါတယ်ကွယ်”


“ဟုတ်ကဲ့”


နောက်တစ်နေ့တွင် ခင်မောင်တို့ ခွဲအိပ်သလား၊ တွဲအိပ်သလား ကျွန်တော် မမေးမိ။ မေးစရာ ကိစ္စလည်း မဟုတ်။ သို့သော် ခင်မောင်က ပြုံးဖြီးဖြီးနှင့် ရုံးခန်းထဲဝင်လာသည်။


“ဆရာ”


“ဘာလဲကွာ”


“ဆရာပြောတာမှန်တယ်”


“ဘာမှန်တာလဲကွ”


“ဟီး … ဟီး”


တင်ညွန့်


၂၃.၁.၂၀၂၂

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား