ကျောင်းဟင်းလေး(စ/ဆုံး)

ကျောင်းဟင်းလေး(စ/ဆုံး)


————————-


ကျွန်တော် မနက်ခင်း လ္ဘက်ရည်ဆိုင်ကအပြန် ပျင်းပျင်းရှိတာနဲ့ တီဗွီသတင်းဖွင့်ကြည့်နေတုန်း တဘက်အိမ်က အမတို့သားအမိနှစ်ယောက် ဈေးပြန်လာတာကို မြင်လိုက်ရတယ်။


“ဝက်သားက ၇၅ ကျပ်သား၊ သရက်သီးခြောက် အစိတ်သား၊ ဆီ ၁ ပိဿာ ပြီးတော့ ဘာကျန် သေးလဲ”

ဈေးဖိုးတွက်နေကြပြီ။


“ညည်း မုန့်ဟင်းခါးဖိုးနဲ့ ပိတ်စဖိုး”


“အော် ဟော်ဟော် ဟုတ်သား၊ မေ့နေတာ”


“ကဲကဲ… တွက်ချက် ရှင်းလင်းပြီး ညည်းပဲ ချက်လိုက်တော့၊ ငါ ခေါင်းအုံလိုက်တာ”


“အမေကလည်း သမီး ဟင်းလေးချက် မချက်တတ်ပါဘူးဆိုမှ”


“လျှာမရှည်နဲ့ အေ၊ စျေးပြန် မောရတဲ့အထဲ။‌ ညည်းဘာသာ ကြည့်ကျက် ချက်လိုက်တော့”


ဈေးပြန်သားအမိနှစ်ယောက် လုပ်ကိုင်ပြောဆိုနေတဲ့အသံ၊ ကျွန်တော့်ဘက်က တီဗွီသတင်း အသံတွေဟာ ဟိုဘက်သည်ဘက် ခုန်ကူးပြီး သည်ဘက်ဟိုဘက် အတိုင်းသားကြားနေရတယ်။


နက်ဖန် ဝါတွင်းဥပုသ် ရပ်ကွက်အသီးသီးက ဆွမ်းတရားအလှူအတွက် ဟင်းလေးချက်လောင်းလှူဖို့ အဖိတ်နေ့ကတည်းက စီစဉ်နေကြပုံပဲ။ ဟင်းလေးချက်ဆိုတော့အဖိတ်နေ့ ဈေးသွား၊ တရက်ကြိုချက်ထားလို့ရတယ်။ မနက်လင်း ဆွမ်းအိုးတည်၊ ဟင်းနွှေးပြီး လောင်းလှူရမှာ။ တပါးစာ ဘုဉ်းပေးလောက်ရုံ ဟင်းခွက်ငယ်လေးတွေမို့ ရပ်ကွက်ဓမ္မာရုံအလိုက် လှည့်လာမဲ့ ဝတ်ခွက်ဆိုင်းထမ်း ဆယ်ဖွဲ့လောက်နဲ့ ၃ယောက်စား အိမ်အတွက်ပါ ဝက်သား ၇၅ ကျပ်သားဆို စားပါလေ့။ မလောက်လည်း အိမ်အတွက် တမျိုးကြံကြမှာပေါ့။


ဟင်းလေးချက်ဆိုတာ ရသာမျိုးစုံ ရောကျိုထားတဲ့ဟင်းပါတဲ့။ ဒါကြောင့် အရာရာနှံ့စပ်သိတတ်တဲ့သူကို ဗဟုသုတ ဟင်းလေးအိုးကြီးလို့ တင်စားကြတာကိုး။


ကျွန်တော်တို့အညာ မန္တလေးတဝိုက်မှာတော့ ဟင်းလေးချက်လို့ ပြောရင် ဝက်သားနဲ့ သရက်သီးခြောက် ရောချက်ထားတဲ့ဟင်းပါ။ တချို့ အမဲသားလည်း သုံးကြပါတယ်။ သရက်၊ ဇီးဖြူ အခြောက်အခြမ်းသုံးတဲ့ ဟင်းလျာမို့ အညာဟင်း အမျိုးအစားစစ်စစ် ဖြစ်မယ်ထင်တယ်။


အသား၊အဆီ၊အခေါက် သုံးထပ်ဝက်သား အနေတော်အတုံးလေးတွေနဲ့ သရက်သီးခြောက် ပြုတ်ထောင်း ရောချက်ထားတာပါပဲ။ ဟင်းလေးချက်တဲ့အခါ အသားထက် အဆီအခေါက်က ပိုပြီး အရသာရှိတယ်။ အအီအဆိမ့် ဝက်သားအရသာကို သရက်သီးခြောက်ရဲ့ အချဉ်က ထိန်း၊ သရက်သီးခြောက် အချဉ်ဓာတ်ကို ဝက်သားရဲ့ အအီအဆိမ့်က ထိန်း၊ အပြန်အလှန်ထိန်းညှိထားတဲ့ဟင်းမို့ ဆူးပုပ်ဟင်းချို၊ အာပြဲခြောက်ငရုပ်သီးကြော်နဲ့ တွဲဖက်စားလိုက်ရရင်တော့လား အင်မတန် ခံတွင်းမြိန်စေတာ။


တောင်မြို့(အမရပူရ)ဟင်းလေးချက်ကတော့ နံမည်ရတယ်။ တချို့ မန္တလေး ဆွမ်းကျွေးအလှူပွဲတွေမှာ တောင်မြို့က ဟင်းချက်အဖွဲ့ကို တကူးတက ခေါ်ယူချက်ခိုင်းကြတာ။ သရက်သီးခြောက်၊ ဆီးဖြူ၊ ဖန်းခါးတွေ အချိုးကျကျ စုံစုံလင်လင် ပါတဲ့အပြင် အိုးကြီးချက်မို့ မည်ကာမတ္တ အိမ်ချက်ဟင်းလေးထက် ဆယ်ဆလောက် ပိုကောင်းမှတ်တာပဲ။ အရောင်မဲမဲဟင်းပွဲထဲက မကြီးမငယ် အနေတော် ကြက်သွန်နီ ဥလေးတွေကို ဝက်သားထက် အရင်ဦးပြီး နှိုက်မိနေတတ်သေးတာ။ သူ့အရသာကိုက ထူးနေတာကလား။


မန္တလေးမှာ ရပ်ကွက်ဘုရားပွဲတွေ ဆွမ်းကြီးလောင်းပြီဆိုရင် ဝက်သားအချို၊ အချဉ်၂မျိုးက မပါမဖြစ် ပါလေ့ရှိတယ်။ ကျွန်တော်တို့ တမ္ပဝတီ မဟာစန္ဒာမုနိပွဲမှာတော့ ရပ်ကွက်အလိုက် ဟင်းတမျိုး တာဝန်ယူကြတာ။ ရပ်ကွက်ငယ်မှာ တအိမ်စီကနေ ငှက်ပျောဖက်ဟင်းခွက် ၅ခွက်၊ ဆယ်ခွက် နိုင်သလို ထပ်မံ တာဝန်ယူချက်ပြုတ် ပေးပို့လာကြတာလေ။ ဝက်သား အချဉ်ချက်ကတော့ ဟင်းလေးချက်တာ များတယ်။ မျှစ်ချဉ်၊ ဓားပေါက်သရက်သီး ဆားစိမ်နဲ့ ရောတာမျိုးလည်းရှိတယ်။ ဒါကြောင့် ဦဇင်း၊ ကိုရင်တွေ ဆွမ်းခံပြန်ပြီး ကျောင်းမှာစုမိတော့ ဝက်သားအချဉ်ချက်ပေမဲ့ လက်ရာစုံဖြစ်နေတော့တာ။ ဝါတွင်းဥပုသ်နေ့တွေမှာ ရပ်ကွက်ဓမ္မာရုံ သီလပွဲအတွက် ရပ်ကွက်လူငယ်တွေ လှည့်လည်ခံယူခဲ့တဲ့ ဆွမ်း၊ ဆွမ်းဟင်းတွေဟာ ဘုန်းကြီးကျောင်းတွေမှာ အလျှံပယ်ပဲလေ။


ကျွန်တော် အလယ်တန်းကျောင်းသားရွယ် ကိုရင်ဝတ်တုန်းက တကျောင်းတည်း ကိုရင်သူငယ်ချင်းနဲ့ ဟင်းလေးချက်တာ အမှတ်ရမိတယ်။ ခုလို ဝါတွင်းကာလ ရပ်ကွက် ဓမ္မာရုံ ၃ခုလောက်ကို သီလတရားပေး ကြွရတော့ ပို့လှူလိုက်တဲ့ ဆွမ်း၊ ဆွမ်းဟင်းတွေဆိုတာ အလျှံပယ်ပဲ။ ဆွမ်းစားပြီး ကျန်ခဲ့တဲ့ဟင်းတွေဆိုတာ စားပွဲဝိုင်းကြီး ၃ဝိုင်းစာလောက်ရှိမယ်။


သူငယ်ချင်းကိုရင်က ကျောင်းရဲ့ အထွေထွေ မန်နေဂျာ ကပ္ပိယချုပ်မို့ လက်ကျန်ဟင်းတွေကို သူပဲ စီမံရတာ။ ကိုရင်လေးပေမဲ့ ၃,၄ ဝါရနေပြီဆိုတော့ စာဝါမရင့်ပေမဲ့ ကပ္ပိယဝါတော့ ရင့်နေပြီလေ။ သူက ဒန်အိုးအထူကြီးထဲကို ဟင်းခွက်ပိုတွေ နှာခေါင်းလေးနဲ့နမ်း အနံ့ခံ၊ အမျိုးအစားခွဲပြီး ထည့်သင့်တာ ရောထည့်လိုက်တာပါပဲ။


“ဝက်ဟင်းလေး … ထည့်”


” ငါးသရက်ချဉ်… ထည့်”


“မုံညင်းချို … မထည့်၊ ဖယ်ထား”


“ချဉ်ပေါင် စပ်ချဉ်… လာထား”


“ဝက်အာလူး … ထည့်”


“ကိုရင် … အချိုချက်ကြီး၊ ရပါ့မလား”


“ရတယ်… ဒါလောက်ကတော့ ရောသွားမှာ”


“ငါးခြောက်ချက်… good”


အားလုံးထည့်ပြီး ပွက်ပွက်ဆူ ရေနွေးလောင်း၊ ဆားခပ်၊ မီးခွင်ပေါ်တင်ထား၊ ဘော့လုံးကန်၊ တကျော့ပြန်ကြည့်။ မီးသေရင် ပြန်မွှေး၊ ကစားချိန်ရအောင် ရေနွေးများများထည့်၊ မကပ်အောင်မွှေ၊ မီးမျှင်းမျှင်းနဲ့ပစ်ထား၊ နောက်တပွဲကစား။ နောက်ရက်ရတဲ့ ဟင်းတွေလည်း ဒီအလျင်အိုးထဲထည့် ဒီနည်းအတိုင်းချက်။ နေတိုင်းစား နေ့တိုင်းထည့်။ စားတိုင်းကောင်း ကျောင်းဟင်းလေး(ဟင်းပေါင်း)အရသာ လွမ်းလို့ အိမ်မှာ ဘယ်လိုချက်ကြည့်ပေမဲ့ မရပါဘူး။


ဝါတွင်းကာလ လက်ရာစုံရောနေတဲ့ ကျောင်းဟင်းလေးမို့ စားမိရင် တောင်မြို့ဟင်းလေးထက် ၁၀ဆသာတယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။


တီဗွီသတင်းကြည့်ရင်း ဟင်းလေးချက်အကြောင်းတွေးနေရာက တဖက်အိမ် သားအမိနှစ်ယောက်ရဲ့အသံ ကြားရပြန်ပြီ။


ဒုံး ဒုံး ဒုတ် ဒုတ် ဝက်သားခုတ်သံ၊ ဂလုံ ဂလွမ် အိုးဆေးသံတွေပြီးတော့…

“အမေ…သရက်သီးခြောက်က အစိတ်သားလုံး ထည့်ရမှာလား”


“ဝက်သား ၇၅ ကျပ်သား သရက်သီးခြောက် အစိတ်သားရောတော့ ကောင်းနိုင်ပါ့မလား အေ၊ ချက်ပြီး တခါတည်းသာ ပစ်လိုက်တော့။ ဟိုဘက်အိမ်က စောစောစီးစီးတီဗွီသံကတမျိုး၊ ညီးအသံက တမျိုး၊ နားငြီးတယ်”


“အမေက ပြောလိုက်ရင် ဟိုရွဲ့တာလိုလို ဒီရွဲ့တာလိုလိုနဲ့၊ ဘာမှန်းကို မသိဘူး။ ဘယ်လောက်ထည့်ရမှာလည်းသာ ပြော”


“ဟို သရက်သီးခြောက်ရောင်းတဲ့ကောင်က ဒါလေးနဲ့မှ အအီပြေမှာ တာရှည်ခံမှာဆိုပြီး ဇွတ်ထည့်ပေးလို့ ဝယ်ခဲ့ရတာ၊ ငါ့သဘောကတော့ အဲဒီချဉ်ဖတ်တွေ ထည့်ကို .. မထည့်ချင်တာဟေ့”


“အမေရာ လုံးဝမရောနဲ့ အချိုချက်မယ်ဆိုလည်း ပြီးရော။ ဒါများ အရစ်ရှည်နေလိုက်တာဗျာ”


“ညည်းစားချင်သပဆို နံက်ဖန် ဦးဇင်းကျောင်းက ကျောင်းဟင်းလေး ဟင်းပေါင်းသာ ဝင်တောင်းခဲ့တော့အေ၊ ငါဖို့လည်း ပိုထည့်ခဲ့”


မောင်မောင်မြင့်(မန္တလေး)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား