ကွန်ဒိုမှာလည်းပျော်ဘူးမောင်ရယ်

 “ကွန်ဒိုမှာလည်းပျော်ဘူးမောင်ရယ်”(စ/ဆုံး)


——————————-


တိုက်ခန်းဝရံဒါရှေ့တွဲလောင်းကျနေတဲ့ စာကလေးအိမ်နား ကျမရောက်သွားရော စာကလေးက ရုတ်ကနဲထပျံသွားတာမြင်တာနဲ့ပဲလွမ်းမိပြီမောင်ရယ်


ဟော

လိပ်ပြာလေးတစ်ကောင်လာပြန်ပြီ၊ လေအဝှေ့မှာ ယိမ်းနွဲ့နေတဲ့ ပန်းအုံကို လိပ်ပြာလေး

လာနမ်းတာလည်းမြင်ရော

လွမ်းရပြန်ပြီပေါ့ မောင်ရယ်


မောင်

ကျမကို တကယ်ပဲ

ထားရစ်ခဲ့ပြီလား

ခုချိန်ထိ ဘာ့ကြောင့်

လာမတွေ့တာလဲ

တွေးရင်းနဲ့ငိုချင်လာပြီ မောင်ရယ်


တကယ်ပဲ မောင်

မောင်နဲ့ ကွဲကွာလာချိန်ကစလို့

ကျမရင်ထဲ အလွမ်းတွေနဲ့သာ

ပြည့်နေတယ်ဆိုတာ

ဘယ်လိုသက်သေပြရမလဲ

မောင်ရယ်*


တကယ်တော့လေ

စာကလေးတွေနဲ့လိပ်ပြာလေးတွေဟာ မောင်နဲ့ကျမ ကြား

ချစ်‌သက်သေ၊ချစ်သက်ေတတွေဆိုတာ မောင်မှတ်မိသေးလား ဟင်-


မောင် သိချင်တယ်ဆိုလို့

ကျမဘဝအကြောင်းခရေစေ့တွင်းကျ ပြောပြခဲ့တာ

မောင်မေ့နေပြီလား


အိမ်ရှေ့ ပန်းခြံမှာ မောင်နဲ့

တွေ့တုန်းကလေ-


++++++


ကျမ ဘဝ တစ်သက်တာမှာ

ကံဆိုးမိုးမှောင်ကျတဲ့နေ့

အကျဉ်းတန်ဆုံးနေ့ –

အဲမြင်ကွင်းကို တစ်သက်တာမေ့မရသလို ကျမ လိပ်ပြာထွက်မတတ်ကြောက်ခဲ့ ရတဲ့ နေ့တစ်နေ့ရှိခဲ့တယ်- မောင်


ကျမတို့ညီမ နှစ်ယောက်ရယ်၊အမေရယ် အိမ်အောက်မှာကစားနေကြတာလေ-


အပေါ်ထပ်မှာ ထမင်းချက်

ဒေါ်ညိုက လှမ်းသတိပေးပါသေးတယ် – “နင်တို့လမ်းမ

ကို ထွက်မဆော့ကြနဲ့- တဲ့

ကျမ တို့ကဘာနားလည်မှာလဲ နှော်-


အမေကလည်းညီမလေးကို

လမ်းမ မထွက်ဖို့ တားနေချိန်မှာပဲ ဘာမှ နားမလည်

မသိတတ်သေးတဲ့ ညီမလေးက

ရုတ်ကနဲ လမ်းမပေါ်ပြေး

အထွက် အမေက လိုက်အဖမ်း

အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးက ဖြတ်တိုက်သွားလိုက်တာ-


ဝုန်း ဒုန်း အသံကြားမှာ

အမေနဲ့ ညီမလေးဟာ သွေး

အိုင်ထဲ မှာ ဆံ့ငင် ဆံ့ငင် နဲ့

လမ်းမပေါ်မှာ မြင်မကောင်းလိုက်တာ တွေးတောင်

မတွေးရဲပါဘူး ရှင်-


သွေးပျက်မတတ်

ကြောက်နေတဲ့ ကျမကတော့

တံခါးကြား မှာ ငိုရှိုက်ရုံကလွဲလို့ဘာမှ မလုပ်တတ်ဘူးလေ-


ကျမ ဘဝ ကမ္ဘာပျက်နေ့ပေါ့-

ဒါပေမယ့်

အထီးကျန်နေတဲ့ ကျမဘဝကို

မေမေကြီးက ကယ်တင်လိုက်ပါတယ် ၊မေမေကြီးက

မေတ္တာ ရှင်ပါ၊ကျမအတွက်

တော့ မဟာ‌ကျေးဇူးရှင်ပါလေ၊


သူက ဘယ်သူ့မဆို စေတနာမေတ္တာ အပြည့်နဲ့

ဆက်ဆံတတ်‌ပေမယ့်

ကျမကို ပိုချစ်သလိုခံစားရတယ်၊ သူ့သမီးနှစ်ယောက်နဲ့

တန်းတူ ချစ်ခင်ပေးတယ်

ကျေးဇူးပါမေမေကြီးရယ်-


သူ့သမီးနှစ်ယောက်ဖြစ်တဲ့

မမကြီးနဲ့ မမငယ်တို့ကလည်း

ကျမ ကို ချစ်ကြတယ်

စားအတူ သွားအတူ မခွဲခြားပါဘူး ၊ သူတို့နှင့်အတူတူ

ကုတင်ကမွေ့ယာကြီး ပေါ်

မှာခေါ်ခေါ် သိပ်တာ နှော်

အဲလောက်ထိချစ်ခံရတာ-


အဲ ဒါ ကျမဘဝ မှာ

အဆိုးထဲက ကံကောင်း တယ်

လို့ပြောရမှာပေါ့ မောင်-


ခုဆို ကျမလေ

မေမေကြီး ကျောင်းကပြန်လာရင် အိမ်အောက်ဆင်းပြီး

ကြိုတတ်နေပြီ၊ မေမေကြီး

မှာပါလာတဲ့ စားစရာ မုန့်တွေကိုလည်း တောင်းစား တတ်နေပြီ၊ မေမေကြီး ပန်းခြံထဲ မှာ

ပန်းပင်တွေက်ိုရေလောင်းနေရင် မေမေကြီး ရဲ့

ထမိန်စွန်ကို ဆွဲပြီး လိပ်ပြာလေးတွေကို ငေး ကြည့်တတ်နေပြီ။


မမကြီးနဲ့ မမငယ် တို့ကတော့ ကျမ ကို ချစ်စနိုးနဲ့

“အချောလေး” ဆိုပြီး နာမည်

ပေးထားကြ လေရဲ့-၊


တစ်နေ့

မမငယ်ကပြောတယ် အချောလေး နင်ဟာ တစ်ရက်ထက်တစ်ရက် ဝလို့ လှလို့ဖြစ်လာတယ်၊မကြာခင်အပျိုဖြစ်တော့မှာ ဟိုဟိုဒီဒီ မထွက်ရဘူးနှော်

တဲ့ လေ

ကျမ ဘာဖြစ်သွားမှန်းမသိဘူး သိလား၊ တုန်တုန်ရင်ရင် နဲ့

မမငယ်ကို လှမ်းကြည့်မိတယ်


ရှက်လိုက်တာနှော်

အပျိုဖြစ်တော့မယ်တဲ့ ဟိ ဟိ

ချောလာတယ် တဲ့ ဘာမှန်းလဲ

မသိဘူး ၊တကယ်


++++


တစ်နေ့

မောင်နဲ့ စတွေ့တဲ့ နေ့ လေ

မောင် မှတ်မိရဲ့လား၊


မေမေကြီးက ပန်းခြံ ရေလောင်းပြီးအိမ်ပေါ်လှမ်းအတက် ကျမက မေမေကြီး

နောက်ကလိုက်လာတာပေါ့


အဲ ချိန်မှာ

ကျမကို တစ်စုံတစ်ယောက်က

လှမ်းကြည့်နေ့တယ် ဆိုတာ

ကျမရဲ့မသိစိတ်က ခံစားလိုက်ရတယ် လေ


ဘယ်ဂာ‌နေ

ကြည့်‌နေတာလဲ

ဘယ်သူလဲ အဲလို ရှာဖွေလိုက်ချိန်မှာ-


အိုး ဘုရားရေ


ဟိုးဖက်‌

ဘေးအိမ်ရဲ့ပြတင်းပေါက်က စူးရှ တောက်ပ နေတဲ့ မျက်လုံးတစ်စုံဟာ ကျမ ကို မျက်တောင်မခတ် စိုက်ကြည့်နေပါရောလား ၊


ဟယ် –

မျက်လုံးချင်းလည်းဆုံရော

ကျမလေ ဘာဖြစ်သွားမှန်းမသိဘူး ၊ ရင်တွေတုန်‌

သွားလိုက်တာ

တစ်ကိုယ်လုံးလည်း ရှက်

သွေးဖြာပြီး ရင်ဘတ်ကို

လက်နှစ်ဖက်နဲ့အုပ်ကာ

ကုတင်ပေါ်တက်ပြေးမိတဲ့အထိပါပဲရှင်-


အဲဒါ ဘာလဲဟင်

ရင်ခုန်မိတာ အချစ် ဆိုရင်

မောင့်ကို ကျမ အဲချိန်က စချစ်မိတာပဲ‌ပေါ့ မောင်ရေ


++++++


မောင်

မကောင်းဘူးသိလား

ဟိုနေ့က ကျမ ပန်းခြံထဲလမ်းလျှောက်နေတုန်း

မောင်က ခြံစည်းရိုးကိုကျော်ခွ

ပြီး ကျမ နား ကပ်လာတာ လေ

ပြီးတော့ ဘာမပြောညာမပြော

နဲ့ –


ဟွန်း

လူကို ပါးလိမ်ဆွဲပြီး

မွှေးမွှေးပေးသွားတာ

ငြင်းချိန်တောင်မရလိုက်ဘူးး


ဟုတ်တယ်နှော်

အဲနေ့ကစပြီး ကျမနဲ့မောင်ဟာ

ခရေပင်ပေါ်က စာသိုက်လေးကိုငေးကြည့်တတ်လာကြတယ်


ခရမ်းရောင်ပန်းအုံ

ကြီးတွေအခိုင်လိုက်အခိုင်လိုက်ပွင့်နေတဲ့ ခမောင်းပင်က ခါချဉ် အုံကြီး ကို ကြည့်ပြီး-


အဲခါချဉ်အုံကြီးမှာ

အဖေ နဲ့ အမေ ဟာ ဘယ်သူလဲဟင် အရမ်းသိချင်တာပဲ

လို့ မောင့်ကိုမေးမိတယ် နှော်


ကျမမှာ မမြင်ဘူးလိုက်တဲ့

အဖေရယ် ကျမသိပ်ချစ်ရတဲ့အမေ နဲ့ ညီမလေးကို

သိပ်သတိရ လို့ မေးမိတာပါမောင်ရယ်


ပြီးတော့

မေမေကြီးရဲ့ ပန်းပေါင်းစုံ

ပန်းခြံ မှာ ‌လူးလာနိမ့်မြင့်

ပျော်မြူးပျံသန်းနေကြတဲ့

ရောင်စုံ လိပ်ပြာလေးတွကို

လိုက်ဖမ်းတမ်းကစားဖို့တတ်လာကြတယ်


ပြီးတော့

ဝရံဒါ က ညညဆို မောင့်အသံ

ပေးတော့ ကျမ ခြေဖွပြီး

ခိုးထွက်ဖို့တတ်လာတယ်


တခါတခါ ညအချိန် ဖိနပ်ချွတ်မှာနှစ်ဦးသားကြည်ကြည်နူးနူးနဲ့စကားတွေ တဝကြီးပြောတတ်လာကြတယ်


တခါတခါ

လရောင်ဆန်းချိန်

မန်းကျဉ်း‌ပင်အောက်ကထိုင်ခုံ

လေးမှာထိုင်ပြီး ကြယ်တွေကို

ရေတွက်ရင်းငြင်းခုံတတ်လာကြတယ်


++++++


အဲလို ချစ်သူနှစ်ဦး ရင်ခုန်စွာကြည်နူး ပျော်ပါးဖြတ်သန်း

နေကြချိန်မှာ-

မောင်နဲ့ ကျမ ကွဲကွာဖို့

ကံကြမ္မာဆိုးဟာ အလိုလို

ဖန်တီးလာတော့တယ်

ရှောင်လွှဲမရတဲ့ ကံတရား

တဲ့လေ-


ဘာတဲ့

စစ်ဖြစ်တော့မယ် ဆိုလား


တိုက်ပွဲ က တဖြည်းဖြည်နဲ့

မြို့နဲ့ နီးလာပြီ ဆိုလား


လူကြီးတွေ အိမ်ရှေ့မှာ

တိုးတိုးတိတ်တိတ် ပြောနေကြတာ ကြားမိတယ်


အဲလို

ပြောဆိုနေကြတုန်း

ကောင်းကင်ပေါ်ကအသံကြီး

တွေ အဆက်မပြတ်ကြားလိုက်ရတယ် ၊ မိုးခြိမ်းသံလိုလို၊

ဧရာမ သံဒရမ်းစည်ခွံကြီးကို

ကတ္တရာ လမ်းမကြီးမှာလှိမ့်နေသလို၊ ကျောက်ကားကြီးက

ကျောက်ခဲတုံးကြီးတွေ ကိုဝုန်းကနဲ သွန်ချလိုက်သလို ၊

ကျမတို့အိမ်ခေါင်မိုးကပါ

အဲ အသံကြီးနှင့်လွင့်ပါသွားလို

အိမ်ကြီးပါတုန်ခါသွားတော့

မိသားစုတွေက ကြမ်းပြင်မှာ

ပြားပြားဝပ်သူကဝပ်မိ၊

ကုတင်အောက်ပုန်းသူကပုန်းမိ

ဘုရားတ သံ၊ တရားရွတ်သံ

တွေ နှင့်

ကမ္ဘာပျက်မတတ်ပါပဲ ရှင်


ဘာတဲ့

လက်နက်ကြီးအသံ ဆိုလား

ဟောင်ဝှဝ်ဇာ ဆိုလား

အဲက အသံတဲ့လေ


ဒီလို အသက်ထွက်မတတ်ကြောက်စရာ့အသံတွေကို

တခါမှ မကြားဘူးပါဘူး ရှင်


ကျမ

ဘာ မှနားမလည်ဘူး မောင်ရေ

ကြောက်စရာကြားရင်

သွေးပျက်မတတ် လန့်တတ်တာပဲ သိတယ်


နောက်နေ့မှာပဲ

ဖေဖေကြီး ကပြောတယ်


“တိုက်ပွဲက အိမ်နဲ့ ငါးမိုင်ထိ

ကပ်လာပြီတဲ့၊ အရေးကြီးတဲ့ စာရွက်စာတမ်းနှင့် စုဆောင်းထားတဲ့ချွေးနဲစာ ရွှေစ ငွေစတွေ ကိုကိုယ်နဲ့မကွာစေနဲ့-တဲ့


အိမ်ထောင်ပရိဘောဂ

ဘာမှယူလို့မရ၊အဝတ်တစ်စုံ

နှစ်စုံ နှင့် စားသောက်ဖွယ်ရာ

အနည်းအကျဉ်းကို စုပြီး

ကားပေါ်တင်၊ မနက်အာရုံ

မကျင်းခင် မြို့က ထွက်မယ်၊

တချို့တွေ ထွက်ကုန်ပြီ-တဲ့


“အဖေကြီးရေ

ဆိုင်က ပစ္စည်းတွေ ဘယ်လို

လုပ်ကြမလဲ ရှိသမျှလေး

အကုန်စုပြီးရင်းထားတာလေ-”


“ပစ္စည်းသခ်ါရ လူသခ်ါရ

ပေါ့မိန်းမရေ အသက်ထက်

ဘာအရေးကြီးလို့လဲ-”


” အိုး ဗု‌‌ဒ္ဓေါ

မြတ်စွာဘုရား-ကယ်တော်မူပါ-”


မေမေကြီးရဲ့ ကြေကွဲသံ၊

ယူကျူံး မရ တသသနဲ့

နှမျောရှိုက်သံ အိမ်လုံးညံရပေါ့-


” အိုး ဆိုးလိုက်တာကွယ် ၊နဖူးကချွေးခြေမ ကျအောင်၊ မစားမသောက်ရှာဖွေစုဆောင်းပြီး ရင်းနှီးထားတဲ့ အရာအားလုံးကို

စွန့်ပစ်ခဲ့ရတော့မှာပါလား

ဥစ္စာပစ္စည်းဆိုတာ

သေပြီးမှ ထားရစ်ခဲ့ရတာမှမဟုတ်ဘဲ၊ မသေခင်ပင်လျှင်

ထားခဲ့ရပြီပါလား-”


မေမေကြီး၏

တရားနဲ့ဖြေသံက တကယ့်

ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲပါလေ-


+++++


ကျမတို့ကားမှာ

နိုင်သလောက်ပစ္စည်းလေးတွေတင် ပြီး အိမ်ကအထွက်

မောင့်ကို တွေ့မလား ဆိုပြီး

မောင့်အိမ်လှမ်းကြည့်သေးတာနှော်-


မတွေ့ဘူး

မောင်တို့ရှေ့က ပြေးနှင့်ပြီလား ၊တကယ်ဆို ကျမကို

ဘာလို့နုတ်မဆက်ခဲ့တာလဲ

ခုမောင်ဘယ်မှာလဲ

ဒါမှမဟုတ် အိမ် မှာပဲ ကျန်ရစ်ခဲ့လား –


ကျမမောင့်မျက်နှာလေးကို

ကြည့်ပြီး နုတ်ဆက်ခဲ့ချင်တာ

လေ


+++++


အမလေး

ဘုရားရေ

ကယ်တော်မူပါ ၊

ကြည့်ကြပါအုံးရှင် ၊ကျမတို့ မြို့ကအထွက်

မြို့ပြင်လမ်းမတစ်လျှောက်မှာ

လေ လူတွေ လူတွေ

တစ်မြို့လုံးကလူတွေဟာလမ်းမကြီးမှာ ပြည့်နေပါရော့လား-


အထုပ်ကလေးကိုလွယ်

သေတ္တာလေးခေါင်းပေါ်တင်

ကလေးလေးကို လက်တစ်ဖက်နဲ့ဆွဲ ထမီတိုတို နဲ့ အမေတစ်ယောက် ဖိနပ်မပါ ခြေဗလာနဲ့

အပြေး တပိုင်း သွားနေပုံ-


စက်ဘီးတစ်စီးရဲ့ခြင်းပေါ်

ရှေ့မှာ အာဝုလေးကစီး

အထုပ်ကို နောက်မှာတင်

အုပ်ထုပ်စုတ်ကလေးဆောင်းပြီး စက်ဘီးကို မနိုင့်တနိုင်တွန်း

ကာသွားနေတဲ့ဖခင်ရဲ့

သံယောဇဉ်ပုံရိပ်-


ဗုစုခရုကအစ

လူကြီးလူငယ် အရွယ်ရွယ်လမ်းလျှောက်‌ရင်း ‌ပြေးကြလွှားကြ၊လဲကြ၊ပြိုကြ၊ ငိုကြ၊အော်ကြ၊ဟစ်ကြ၊‌ကျွီးကြ နှင့်

အသက်လုပြေးလွှားနေကြတဲ့ကြေကွဲ ပုံရိပ်များစွာပါလေ၊


ကိုယ်ပိုင်ကား ၊အငှားကား

များ ဘယ်သွားမလဲ မေး

တချို့က ရိုက်စား၊ ငေါက်စား

လှန့်စားတွေရဲ့ အသံအောက်မှာ မျက်လုံးကျယ်ကျယ်

နားရွက်ကယ်လန်ကာ

ကြောက်ရွှံ့စွာပြေးလွှားနေကြတဲ့ ပုံရိပ်တွေ-


အဲ လို

ကြောက်လန့်တုန်လှုပ်ပြေးလွှားနေကြတဲ့ထဲမှာ လက်ခမောင်းခတ်ကာ

မျက်နှာမှာ အဆီတဝင်းဝင်းနဲ့

လောဘ ရိပ် တို့ ပြည့်လျှက်

မီးလောင်သားစားမယ့်

တောကြောင်တွေကလည်း

အများသားပါလား

တကယ့်ကို မယုံနိုင်စရာပါပဲ

နှော်-


ဆိုင်ကယ်၊သုံးဘီး၊တုတ်တုတ် တွေ အထုပ်ကိုယ်စီ နဲ့ တချို့က ကားကြီးကားငယ်အသွယ်သွယ်ကို ရရာ‌ဈေးနဲ့

ငှား အနာဂါဂတ်ကမှုန်ဝါးဝါး

ဘယ်နားခိုနားရမှန်းမသိ ရင်ထဲ

မကောင်းပါဘူး ရှင်


အော်

ဒေါသတို့ပေါက်ကွဲရာမီးလျှံ-

လောဘတို့၏ ပြယုဂ်-

တိုက်ပွဲ ၏ အနိဌာရုံ၊

မိသားစုတို့ပြိုကွဲ

ချစ်သူချင်းဝေးကွာ

ဥစ္စာ ဗလာနတ္တိ ။


လက်ဖဝါးခြေဖဝါးပွတ်ကာပြေးလွှားနေကြရတဲ့

လူအများမှာတော့ အသက်ထက်အရေးကြီးတာဘာမျှမရှိ ၊

ခံယူချက်ဦးထိပ်တင်တရွေ့ရွေ့ခရီးဆက် ခရီးကနီးသလား

ဝေးသလား မသိရှာကြ၊

အနာဂါတ်ကမှုန်ဝါးဝါး

ဘယ်ကိုပြေးလွှားရမလဲ ?


အဲလို

အပူမီးဝိုင်းနေကြတဲ့ လူအုပ်ကြီးထဲမှာမောင့်ကိုများတွေ့မိမလားဆိုပြီး မရဲတရဲ လိုက်ရှာမိသေးတယ်မောင်


မောင်ယုံလား

ကျမရဲ့ စိတ်ဝိဉာဉ်က မောင့်အနားမှာ အမြဲပျံဝဲနေတယ်ဆိုတာ မောင် သိရဲ့လား-ဟင်


+++++++


မြို့ပြကြီးမှာ

ကျမတို့နေရမယ့်အခန်းတဲ့လေ

တစ်ယောက်နဲ့တစ်ယောက်ဖင်ချင်းပေါက်-

အိမ်သာက တစ်ခန်းတည်း

မနက်ဆိုအိမ်သာလုတက်

အခန်းမှာမြင့်လိုက်တာမှာလွန်ရော ကွယ်-


ဖေဖေကြီးကတော့

ပြောပါတယ်

ငါးလွှာဆိုတော့ မြင့်လေနတ်ပြည်နဲ့ နီးလေပဲတဲ့

အရေးအကြောင်းဆိုသကြားမင်းနဲ့ တိုင်ပင်လို့ရတာပဲတဲ့ ဟိ

ဟိ အဖေကြီးက သောကတွေကြားထဲက ရယ်စရာပြောသေးတယ်


မွန်းကျပ်လိုက်တာ မောင်ရယ် ကျမ‌လေ

ထွက်ပြေးလာချင်လိုက်တာ

မောင်ရှိတဲ့နေရာကိုလေ-


တကယ်ဆို ခုနေတဲ့ အခန်းကလေ ဟိုမှာ မေမေကြီးရဲ့ပန်းအိုးထားတဲ့ ဘရန်ဒါလောက်ပဲ ကျယ်တာ

ဒါတောင် ဈေးက

မသေးဘူးဆိုပဲ လူကြီးတွေ

ပြောနေကြတာကြားရတယ်

မောင်-


အရင်ကအခန်းငှားခက တစ်သိန်း အောက်ပဲရတာ

ခု သုံးသိန်းတဲ့လေ

ဒါတောင် ပွဲစားနဲ့ခခယယရှာရတာတဲ့နှော်

ငါးပွက်ရင်တော့

ငါးစာတွေချကြတာ ဓမ္မတာလို့ဆိုရမလားမာင်ရယ်

ကမ်းပြိုလို့သောင်ထွန်း

တာလား‌ သိချင်ပါရဲ့ –


အမလေးမောင်ရယ်

ပွဲစားဆိုလို့ ပွဲစားတွေအကြောင်းအတင်း ပြောရအုံးမယ်

အရင်ကြားဘူးပါတယ်

ရုပ်ရှင်တွေထဲမှာလည်းမြင်ဘူးတယ်

စိန်ပွဲစား၊ကားပွဲစား၊

ခြံပွဲစား၊ အိမ်ပွဲစား၊ကျောက်ပွဲစား၊အလုပ်ပွဲစား အစုံပါပဲ-


အို မောင်ရယ် ဒီမှာက ဘယ်နေရာ ဘာဘဲ လုပ်လုပ်

ပွဲစားမပါ မရဆိုတာ လူတိုင်း

နားလည်ကြတယ် နှော်-


ပြီးတော့လေ

ကိုယ်ကဧည့်သည်မို့မသိလို့ကိစ္စတစ်ခုကို ညွှန်ပေးပါ ၊ပြ‌‌ပေးပါလို့အကူညီ‌

တောင်းကြည့်လိုက်၊

အဲ ညွှန်ပေးတဲ့လူဟာ ပိုင်ရှင်ဆီက ကော်မရှင်ရသတဲ့လေ

အဲလူတွေကို

“ကိုယ်ပျောက် ပွဲစား” တဲ့လေ

မထူးဆန်းဘူးလား မောင်ရယ်


ပြီးတော့

ခု အိမ်ခန်းအငှားပွဲစားတွေကတော့

အိမ်ခန်းငှားရရင် သူတို့က

တစ်လစာကို ငှားသူက

ပေးရသတဲ့

တကယ်ဆို အိမ်ရှင်ကမပေးသင့်လား ကျမ ကတော့မတရားလို့မြင်တယ်

ဒါလဲ လေ ရေးမထားတဲ့ဥပဒေလို့ဆိုရမယ့် “ထုံးစဉ်”တဲ့လေ

တချို့က ပွဲစားလို့ခေါ်ရင်

မကြိုက်ကြပြန်ဘူး


အကျိုးဆောင် တဲ့

ပွဲစားအားလုံးကို ဝါးလုံးရှည်နဲ့ရမ်းပြောတာမဟုတ်ပါဘူး

မောင်‌ရယ် လူသားဆန်တဲ့

ကိုယ်ချင်းစာတရားအပြည့်ထားတတ်ပြီး ထိုက်သင့်တဲ့ အကျိုးဆောင်ခယူပြီး

ရိုးသားတဲ့လူတွေလည်းတပုံ

ကြီး ရှိတယ် မောင်


ပြီးတော့

ပြောရအုံးမယ် မောင်ရယ်

ဆယ်ပေ တိုက်ခန်းတွေ တဲ့

ဆယ်ပေ ဆိုတာ မောင်ရေ့

ကျမ နဲ့ မောင် ခိုးပြီးချိန်းတွေ့တဲ့ မေမေကြီးအိမ်က ဘေးဘရန်ဒါ လောက်ပဲ ရှိတာနှော်-


ဒါပေမယ့်

“ဆယ်ပေမြေ “ဆိုပြီး အထင်သေးလို့မရဘူးနှော်

မောင် – သိန်းထောင်ချီနေတာ

မြို့ပြစည်းကမ်းနဲ့ ကိုက်မကိုက်မသိဘူး အဲ မှာ နှစ်ထပ်သုံးထပ် တင်ပြီးဆောက်ထားကြတာ စာကလေးအိမ်တွေကို

ထပ်တင်ထားသလိုပဲ-


မောင်ရေ့

စာကလေးဆိုလို့ အိမ်ရှေ့ခရေပင်ပေါ်က စာကလေး

မိသားစုကော ဘယ်လိုနေကြလဲ-ရန်သူတွေလက်ထဲ

သေကုန်ကြပြီလား?


ခမောင်းပင်ပေါ်က

ခါချဉ်အုံ မိသားစုက မီးလောင်လို့ ပျက်စီး ကုန်ကြပြီလား-?


ကျမရဲ့ဆန္ဒကတော့

ဘာအကြောင်းပဲဖြစ်ဖြစ်မိသားစုတွေ မပြိုကွဲ စေချင်ဘူး၊ဒုက္ခ မရောက်စေချင်ဘူး

လူတိုင်း‌နွေးထွေးတဲ့မိသားစုဘဝကို အပြည့်ခံစားစေချင်တယ်မောင်ရယ်-


ပြီးတော့

မေမေကြီးတို့အိမ်ကော

လွတ်လား သိချင်လိုက်တာ

မောင်ရေ-


ခုမောင်ဘယ်မှာလဲ

ဘယ်မှ မပြေးပဲ ကိုယ့်အိမ်မှာပဲလား ? မောင်တို့အိမ်ကော

အကောင်းအတိုင်းပဲလား?


တကယ်သတိရတယ်

မောင်ရယ်


ပြီးတော့လေ

မောင်နဲ့အတူ လိပ်ပြာတွေ

နဲ့ဆော့ကစားကြတဲ့ မေမေကြီး

တို့ပန်းခြံလေးရယ်

ညညလရောင်ဆန်းချိန်

ကြယ်တွေရေတွက်ရင်းထိုင်ခဲ့ကြတဲ့ မန်းကျဉ်းပင်အောက်ခုံတန်းလေးတွေ-

ပြီးတော့

မောင့်ရဲ့ အကြင်နာ အယုယ

တွေ သိပ်လွမ်းတာပဲ မောင်ရယ်-


++++


မောင်ရယ်

ကျမလေ ခု ကွန်တို ဆိုလား

ကွန်ဒို ဆိုလား အဲ ကို

ပြောင်းလိုက်ရပြီ မောင်ရယ်


တကယ်တော့‌မောင်ရယ်

အဲ ကွန်ဒို ဆိုတာကြီးကလည်း

မေမေကြီး အိမ်လောက်တောင်

ကျယ်တာမဟုတ်ဘူး

သိလား-


ဒါလည်း

ပေးရတဲ့ တန်ဖိုးက

မလွယ်ဘူးမောင်ရယ်၊နှစ်ပြတ်အငှားတောင်တပို့တနင့်ဆိုပါလားနှော်

မေမေကြီးတို့ပြောနေကြတာလေ


တစ်ခုတော့ ရှိတယ်မောင်ရယ် အဲကွန်ဒိုကြီးမှာလေ

မနက်မနက်ဆို ရွှေရောင်ဝင်းဝင်းနဲ့ နေခြည်အောက်မှာ တောက်ပနေတဲ့ ရွှေတိဂုံ စေတီကြီးကိုဖူးရလို့မေမေကြီး ပျော်နေတယ် ‌ သိလား-


ပြီးတော့လေ

ညညဆို မာကျူရီမီရောင်အောက်မှာ ဝင်းထိန်နေတဲ့

ရွှေတိဂုံစေတီတော်ကြီးနှင့်

ရောင်စုံမီးတွေနဲ့ လှပတဲ့ ည

ရှုခင်းကို မြင်ရလို့ တစ်အိမ်လုံးက ဝမ်းသာနေကြတယ်မောင်ရေ


ဒါပေမယ့်

ကျမက မပျော်ဘူးမောင်ရယ်


မောင့်ကိုလွမ်းနေမိတဲ့ စိတ်ကသာကျမတစ်ဘဝလုံးကို

လွှမ်းမိုးနေတာနှော်


ကျမဘယ်နေရာနေနေ

ပျော်မယ်ထင်လားမောင်ရယ်


ကျမရဲ့အချစ်ကမောင်ထံပါး တစ်ဖဝါး မခွါဘူးဆိုတာမောင်ယုံလိုက်ပါ-


တခုတော့ပြောရအုံးမယ်

အဲကွန်‌ဒိုမှာလေ-


ခလုတ်ဝိုင်းဝိုင်းလေးကိုနှိပ်လိုက်ရင် အိကနဲ၊ ငြိမ့်ကနဲ

အောက်ဆင်းသွားလိုက်

အပေါ်တက်သွားလိုက် နဲ့

တကယ်မိုက်တယ် မောင်

မောင်နဲ့အတူ ဆော့ကစား

ချင်လိုက်တာ မောင်နဲ့သာဆို

အသဲတယားယားနဲ့ သိပ်ပျော်စရာကောင်းမှာပဲလို့

တွေးမိတယ် မောင်ရယ်


ပြီးတော့မောင်ရယ်

အဲမှာ ကားတွေထားရတာ

လွယ်သတဲ့ ရပ်ချင်တဲ့နေရာရပ်လို့ရသတဲ့လေ


ဟိုရပ်ကွက်မှာလို

အိမ်ရှေ့ တာယာကွင်းကိုပစ်ချထားတို့၊ပန်းအိုးတွေနဲ့တားထားတာတို့ မရှိဘူး ၊


တကယ်ဆို မြေညီထပ်ပိုင်ရှင်က အဲလို လမ်းကိုပိုင်ရှင်ခံလို့ရလားနှော် သူတို့အိမ်ရှေ့ကားလေးခဏရပ်မိတာ ကမ္ဘာပျက်မတတ် အော်ငေါက်ခံရသေးတာလေ-


တချို့ဆို လူလိုသိပါ-

ဘာ ညာနဲ့ ဆော်ပလော်တီးကြသေးတာ စိတ်ပုပ်လိုက်ကြတာနှော် -ဟင်း


ပြောပြတာနှော်မောင် ကိုယ်နဲ့လည်းဘာမှမဆိုင်တဲ့ ကိစ္စဆိုပေမယ့်

မောင့်ကိုသိအောင်လို့ပြောပြမိတာနှော်-


+++++


ကျမလေ

ခုတလော ဝိတ်ကျပြီးပိန်လာတယ်မောင်ရယ်

အဓိကတော့အစားအသောက်ပေါ့

ဈေးက သားငါးတွေက ဆေးဆိုးပန်းရိုက်တွေများတော့

ကျမ စားမဝင်ဘူး၊


အသားဆိုလည်းအသား

ငါးဆိုလည်းငါး အားလုံးဟာ

အထားခံဆေး၊မပုပ်မသိုးဆေး

သုံးကာ ရောင်းကြသတဲ့လေ


အဲကြောင့်အဲသားငါးတွေမှာ ယင်မနား ၊

အလေးမလျော့၊ မပုပ်မသိုး

တဲ့ အဲ့ကြောင့် ချက်ပြုတ်စားသောက်လိုက်ရင် ဘာမှအရသာ မထွက်ဘဲ ဖွယ်ဖွယ်

ကြီးဖြစ်နေသတဲ့လေ-


လူတွေဟာလေ

ဆန်အတု၊ဆီအတု

အသားအတု ကြက်ဥအတု

အတုတွေကြားမှာ ဗျာများနေကြသူတွေပါ တကယ့်သနားစရာ နှော်-


တခါငါးခြောက်

တွေဆိုလည်း ဆိုးဆေးတွေနဲ့

အလေးမလျော့တဲ့ ဆေးခတ်သတဲ့ မောင်ရယ်-


လူတွေရဲ့ ဗိုက်ထဲ တစ်ရက်တစ်ရက် အဆိပ်တွေဘယ်နှစ်လီတာတွေထိတောင် ဝင်နေပြီလဲ မသ်ိနှော်-


မေမေကြီးတို့ပြောသံကြားရတော့ကျမကြောက်လိုက်တာမောင်ရယ်


ဟိုမှာတုန်းက ကျမကို

ငါးလေးပြုတ်ပြီးထမင်းလေးနဲ့နယ်ကျွေးတာ သတိရလိုက်တာ၊ လတ်လတ်ဆတ်ဆတ်နဲ့ကျမ သိပ်ကြိုက်တာပေါ့


ခုဒီမှာ အစာဆန်းတွေစားရပေမယ့်အဆင်မပြေဘူး

မောင်ရယ် တကယ့်ပေါ့တီးပေါ့ရွှတ်နဲ့ အရသာမရှိလှဘူးနှော်

အဲတော့ ကျမ ပိန်လာတာပေါ့


ဒါနဲ့

ကျမကိုလေ ခြင်းလေးထဲထည့်ပြီးကားနဲ့တင်ကာဆေးခန်းကို

ခေါ်သွားပါလေရော-


ဆေးခန်းရောက်တော့

မောင်‌ရယ် ဘဝတူ သမားတွေ

အများကြီးပဲ သိလား

ကျမကို‌လေ ခြင်းကြားလေးကြားက ပြူးတူးပြဲတဲနဲ့ ဝိုင်းကြည့်ကြတာ ကျမ ရှက်လိုက်တာလေ-


ပြီးတော့ တညောင်ညောင်နဲ့ အော်ပြီး နုတ်ဆက်လိုက်ကြသေးတယ်မောင်-


အဲဆေးခန်းမှာလေ

ကြောင်ကြောင်ကျားကျားတွေ၊မဲမဲတုံးတုံး၊ဖြူဖြူလုံးလုံး၊ဝါဝါ

ဖန့်ဖန့်၊ နီနီကြောင်ကြောင်

စုံလို့ပဲ မောင်ရယ်


ပြီးတော့

ပြောပြအုံးမယ် ကျမကို

ဝိုင်းကြည့်နေကြတဲ့ မျက်လုံး

အစုံပေါင်းများစွာမှာလေ

မောင့်မျက်လုံးလောက်လှတဲ့

မျက်လုံးတစ်ကောင်မှာမှ မပါဘူး-သိလား


အံ့ဩစရာမကောင်းဘူးလား မောင်-


ပြီးတော့

ကျမကို ဆရာဝန်က ပြောတယ်

သိလား၊ ကျမ မှာ တင်ပါးနှင့်အမီးတွေမှာ အမွှေးတယ် ကျွတ်နေတာ၊ အစားအသောက်ပြောင်းပြီးအဟာရ မညီမျှလို့တဲ့လေ-


ဟင်း ဟင်း-

အဲ ဆရာဝန် -ဘာသိလို့လဲ ရယ်ချင်လိုက်တာ

ဟိုမှာတုန်းက

ဆရာဝန်တ‌စ်ယောက် လိုပဲ

ကျမကို ကာကွယ်ဆေး

ဆိုပြီး အပ်ကြီးကြီးနဲ့ထိုးကာ

ပိုက်ဆံ အထပ်လိုက်ယူဖို့ပဲသိတာ ဟင်းဟင်း


ကျမရဲ့ဝေဒနာ

ကျမရဲ့ရင်တွင်းလှိုက်ဆူ သောကမြူတွေကို အဲ ဆရာဝန်ဘာသိမှာလဲမောင်ရယ်


ကျမ ရဲ့ခန္ဓာမှာ အမွှေးတွေကျွတ်လာတာဟာ လေ

မောင့်ကို လွမ်းလို့

မောင့်ကိုလွမ်းစိတ် လွမ်းနာကျလို့ဆိုတာ လူလိုစကားပြောတတ်ရင်ပြော ပြချင်လိုက်တာ နှော် အဲဆရာဝန်ကြီးကိုလေ-


ကဲ မောင်ရယ်

ကျမရဲ့ လွမ်းရတဲ့အကြောင်းတွေကို စာဖွဲ့ရရင် ကုန်မှာမဟုတ်ဘူး နှော်


မောင်နဲ့ပြန်ဆုံတဲ့

တစ်နေ့မှာသာ ကျမပူစီလေးကို

သစ္စာမပျက်ချစ်နေသေးရင်

ကျမ လွမ်းရကျိုးနပ်ပြီ

မောင်ရယ်–


ကျမတို့ပြန်ဆုံရမယ့်နေ့ကို

လက်ချိုးရေတွက်ရင်း လွမ်းနေမိပြီ မောင်ရယ်


အောက်ဆီဂျင်

( ခေတ္တ လုပြည် )

၁၅-၁၀-၂၅

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား